နက္ခတ္တပညာ(Astronomy) နဲ့ နက္ခတ်ဗေဒင်ပညာ(Astrology) တို့ဟာ (မြန်မာရော/ အင်္ဂလိပ်ပါ) နာမည်ခြင်း ခပ်ဆင်ဆင်တူကြပေမယ့် မတူညီဘဲ ကွဲပြားခြားနားတဲ့ ပညာရပ် နှစ်ခု ဖြစ်ပါတယ်။ လူအတော် များများဟာ ဒီကွဲပြားခြားနားမှု ကို မသိကြပါဘူး။ အတော်များများ ကတော့ အတူတူလို့ဘဲ ထင်ကြပါတယ်။ တူတယ်လို့ ထင်ရလောက်အောင် လည်း ဆင်တူတဲ့ အချက်တွေက တော်တော်များပါတယ်။ ဂြိုဟ်တွေ နက္ခတ်တွေကို လေ့လာမှုတွေ၊ ရာသီခွင်တွေ ၊ နေကြတ်တာတွေ၊ လကြတ် တာတွေကို ပြောဆို ရေးသားကြတာတွေဟာ တစ်ခုနဲ့တစ်ခု တူညီကြသလိုပါဘဲ။ ဒါပေမယ့် မတူညီကြပါဘူး။
ကမ္ဘာပေါ်မှာရှိတဲ့ ပညာရပ်တစ်ခု ခြင်းစီအပေါ်မှာ သတ်မှတ်ထားတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် (Definition) အရ ပြောရရင် ဒီပညာနှစ်ခုဟာ လုံးဝ မတူညီကြပါဘူး။ အဘိဓါန်တွေမှာ နက္ခတ္တပညာ (Astronomy) ကို Scientific Study of Universe လို့သတ်မှတ်ပြီး နက္ခတ်ဗေဒင်ပညာ (Astrology) ကိုတော့ Study of Relation Between Planets and Human Affairs လို့ အဓိပ္ပါယ်သတ်မှတ်ကြပါတယ်။ သိပ္ပံပညာဆိုတဲ့ အသုံးအနှုံး မပါပါဘူး။
သိပ္ပံပညာရပ်တို့ ဟူသည်
နက္ခတ္တပညာဆိုတာ “သိပ္ပံပညာစစ်စစ်” ဖြစ်ပါတယ်။ Science လို့ခေါ်တဲ့ သိပ္ပံပညာ စစ်စစ်ပါ။ သိပ္ပံပညာ ဆိုတာ မှန်ကန်တဲ့ အချက်အလက် တွေအပေါ်မှာသာ အခြေပြုရပါတယ်။ သိပ္ပံပညာမှာ “သီအိုရီ” လို့ ခေါ်တဲ့ ဥပဒေသတွေ ဆိုတာလည်း အမြဲတန်းမှန်ကန်နေရပါတယ်။ မှန်တဲ့အခါမှန်လိုက်၊ မှားတဲ့ အခါမှားလိုက် မဖြစ်ရပါဘူး။