ဒီဆောင်းပါးလေးကတော့ ကျွန်တော့်ဘ၀ တစ်စိတ်တစ်ပိုင်း နဲ့ လူငယ်ဘဝမှာ ကိုယ့်ကိုယ်ကို အထင်ကြီးမှု၊ မာန်မာနထောင်လွှားမှု၊ ယုံကြည်စိတ်လွန်ကဲမှုတွေ များပြီး မပြောသင့် ၊ မလုပ်သင့် တာတွေ လုပ်မိခဲ့တာကို နောင်တ, ရမိလို့ ရေးလိုက်ရတာ ဖြစ်ပါတယ်။ ဘာလို့ ဒီလို နိဒါန်းချီ နေရသလဲ ဆိုတော့ ဒီဆောင်းပါးကို အမှတ်တမဲ့ ဖတ်ကြည့်ရင် ဒီဆရာ ကြွားလုံးထုတ် ထားတာလို့ ထင်မိမှာ စိုးလို့ပါ။ လုံးဝမဟုတ်ပါဘူး။ လူငယ်ဘ၀ နဲ့ လူကြီးဘ၀ စိတ်ဓာတ် ခံယူမှုခြင်း၊ အတွေး အခေါ်ခြင်း ကွာခြားလာတာကို ဖော်ပြချင်တဲ့ ဆောင်းပါးလေး တစ်ပုဒ်ပါဗျာ။ ဖတ်ကြည့်ပါ။
ကျွန်တော်ရဲ့ အကြောင်း About Me ထဲမှာ ရေးထားသလိုဘဲ ကျွန်တော်ဟာ (၈)တန်းကျောင်းသား ဘဝလောက်မှာ စာအုပ်တွေ လျှောက်ဖတ်ရင်းနဲ့ “လက္ခဏာ” စာအုပ်တစ်အုပ်ကို ဖတ်မိလိုက်ရာကနေ “လက္ခဏာပိုး” ဝင်သွားတယ်ဗျာ။ အဲဒီတုန်းက မြန်မာနိုင်ငံမှာ “လက္ခဏာဆရာတွေ” သာ ထင်ပေါ် နာမည်ကြီးနေပြီး “ဗေဒင်ဆရာတွေ” လမ်းဘေး ရောက်နေတဲ့ အချိန်ပေါ့ဗျာ။ ထွက်လာသမျှ စာအုပ်တွေကလည်း “လက္ခဏာ” စာအုပ် တွေက များတယ်ဗျာ။ ပြီးတော့ ဂဏန်းဗေဒင် စာအုပ်တွေလည်း ထွက်တယ်။ ကျွန်တော်လည်း ဟိုလက္ခဏာ စာအုပ်ဖတ်၊ ဒီလက္ခဏာ စာအုပ်ဖတ်နဲ့ ဖတ်ပါများလာတော့ ဟောချင်လာတယ်ဗျ။ စကားပုံ ရှိတယ်မဟုတ်လား။ “သူခိုးရွှေရ ၊ တပြပြ” တဲ့။ ကျွန်တော်လည်း လက္ခဏာ ပညာလေး မတောက်တခေါက် တတ်လာတော့ ဟိုလူ့လက် ဆွဲကြည့်၊ ဒီလူ့လက် ဆွဲကြည့်ပေါ့ဗျာ။ လူတော်တော် များများကလည်း လက္ခဏာဗေဒင် ဝါသနာမပါသူက ခပ်ရှားရှားဗျ။ အထူးသဖြင့် မိန်းမတွေ ပိုဆိုးတယ်။
အဲဒီတုန်းကဆိုရင် ဗေဒင်လက္ခဏာကို ဟောချင်လွန်းလို့ ကိုယ်ကနေ လဘ္ဘက်ရည် တိုက်ပြီးတောင် ဟောရသဗျ။ ဘဝကံ အကျိုးပေးလေးကလည်း ပါတယ်နဲ့ တူပါတယ်ဗျာ။ ကျွန်တော်ဟောလိုက်ရင်လည်း မှန်တာကများတယ်ဗျ။ ဒါပေမယ့် အခုအချိန်မှာ အဲဒီတုန်းက ဟောခဲ့တဲ့ နည်းစနစ်တွေကို အခု ပြန်သုံးသပ်ကြည့်လိုက်တော့ “ပညာကြောင့် မှန်တာထက် စာရင်၊ ပါရမီကြောင့် မှန်တာ” က ပိုများတာကို သွားတွေ့ရတယ်။ ရယ်စရာတော့ အကောင်းသား။ အခုပြန်တွေးကြည့်လိုက်တော့ အဲဒီတုန်းက ကျွန်တော်တတ်ခဲ့တဲ့ ပညာက ဘာဆိုဘာမှ မဟုတ်ဘူးဗျ။ ကိုယ့်ဟာကိုယ်တော့ ဟုတ်လှပြီ ပေါ့လေ။
မှတ်မိသေးတယ်။ ကျွန်တော့်အမ ရဲ့ သူငယ်ချင်းမ တစ်ယောက် အိမ်ကိုလာလည်ရင်း ကျွန်တော့် လက္ခဏစာအုပ်တွေ ဖတ်နေတယ်ဆိုတာ သိသွားတော့ ဟောခိုင်းသဗျ။ မိန်းမတွေရဲ့ ဝါသနာကိုး။ ကျွန်တော်ကလည်း “ဖိုးဟောချင်” ဆိုတော့ လက်ကို ကြည့်ပြီး “အစ်မ၊ အိမ်ထောင်ကျတော့မယ်” လို့ ဟောလိုက်တယ်။ သူက ပြန်ပြောတယ်။ “ဟယ် မဖြစ်နိုင်ပါဘူးဟယ်၊ ငါတို့က နောက် (၃)နှစ်လောက် ရှိမှ ယူဖို့ ဆုံးဖြတ်ပြီးသား” တဲ့။ ကျွန်တော်ကလည်း “အဲဒါတော့ မသိဘူးဗျာ။ ကျွန်တော်တော့ ဒီလိုဘဲ တွေ့နေတာဘဲ” လို့ တစ်ချက်လွှတ် ဟောပစ်လိုက်တယ်။ သိပ်မကြာပါဘူး။ နောက်တစ်လလောက်မှာဘဲ အစီအစဉ်မရှိဘဲ ဗြုန်းစားကြီး သူ့ရည်းစားနဲ့ ခိုးရာလိုက်ပြေးသွားသဗျ။
ဒါနဲ့ မပြီးသေးဘူး။ အစ်ဒီ အစ်မ ပါဘဲ။ မကြာခင် ကိုယ်ဝန် ရှိလာတော့ ကျွန်တော့်ကို အားကိုးတကြီးနဲ့ လာမေးပြန်ရော။ ချောချောမောမော မွေးပါ့မလား လို့ပေါ့။ ကျွန်တော်ကလည်း လက်ကို တစ်ချက်ကြည့်ပြီး “အစ်မ ရေ၊ ဒီတိုင်းမွေးလို့ မရဘူး၊ ခွဲမွေးရလိမ့်မယ်” လို့ ဟောလိုက်ပြန်ရော။ အဲဒီ ခေတ်က ဒီခေတ်လို တမင်တကာ ခွဲမွေးတဲ့ ခေတ်မဟုတ်ဘူးလေ။ ကျွန်တော်တို့ နယ်မှာဆိုရင် ဆေးရုံတောင် သွားမွေးကြတာ မဟုတ်ဘူး။ အိမ်မှာတင် “ဝမ်းဆွဲဆရာမ” ခေါ်ပြီး မွေးလိုက်ကြတာဘဲ။ သူလည်း မယုံ့တစ်ယုံ ပေါ့လေ။ ကျွန်တော်ပြောတဲ့အတိုင်းပါဘဲ။ ကလေးက ရိုးရိုးမွေးမရတော့လို့ ဆေးရုံ အရေးပေါ်တင်ပြီး ခွဲမွေးလိုက်ရတယ်။
အဲဒီ ကိစ္စလည်း ပြီးရော အဲဒီ အစ်မက တစ်မြို့လုံး လှည့်ပြီး ဝါဒဖြန့်တော့တာဘဲဗျို့။ ကျွန်တော်ဘယ်လောက်မှန်ကြောင်းပေါ့။ နီးစပ်ရာ အပေါင်းအသင်း တွေနဲ့ လူကြီး လူငယ်တွေပါ ကျွန်တော့်ကို အိမ်ကို ပင့်ဖိတ်ခေါ်ပြီး မေးကြတော့ တာပါဘဲ။ ကျွန်တော်ကလည်း သိပ်မငြင်းပါဘူး။ “အလကား မတ်တင်း” နဲ့ လိုက်ဟောလိုက်တာပေါ့။ အိမ်ကိုတော့ ခေါ် မဟောရဲဘူး။ အဖေ့ကိုလည်း ကြောက်ရ သေးတယ်။ အဖေက လုံးဝမကြိုက်ဘူး။ “ဘာလဲ-မင်းက ကြီးလာရင် ဗေဒင်ဆရာလုပ်စားမလို့လား” လို့ မေးပြီး အငေါက်ခံရသေးသဗျ။ ကျွန်တော်ကလည်း အဖေမို့လို့သာ ကြောက်လို့ ပြန်မပြောရဲတာ ။ ဗေဒင်ဆရာ လုပ်စား မလို့လား အမေးခံရရင် တော်တော်ကို စိတ်ဆိုးမိတယ်။
ဗေဒင်ပညာကို အသွေးအသားထဲ ထိအောင် ဝါသနာပါပေမယ့် “ဗေဒင်ဆရာ” ဆိုတဲ့ နာမည်ကိုတော့ အောက်ကျတယ်၊ သိမ်ငယ်တယ်လို့ ခံစားမိတာကိုး။ အမှန်အတိုင်းပြောရရင် အခုချိန်အထိလည်း ဒီလို ခံစားနေရ ဆဲပါဘဲ။ ခင်ဗျား ဘာအလုပ်အကိုင် လုပ်သလဲလို့မေးရင် ကျွန်တော့်မှာ တော်တော်ဖြေရ ခက်သဗျ။ ဘဝအကျိုးပေးက ဒီလိုဘဲ ဆိုတော့ လက်မခံချင်လည်း လက်ခံ လိုက်ရ တာဘဲပေါ့ဗျာ။
ဒီလိုနဲ့ ကျွန်တော် (၁၀)တန်းအောင်လာတော့ ရေနံချောင်း ဒေသကောလိပ်မှာ ဆက်တက်ရတယ်။ ရေနံချောင်း ဒေသကောလိပ်မှာ တက်ခဲ့ရတဲ့ (၂)နှစ် ကာလမှာတော့ ဗေဒင်ကို သိပ်မလုပ်ဖြစ်ပါဘူး။ စာကိုဘဲ ဖိကြိုးစားခဲ့တယ်။ အဲဒီတုန်းက ဆရာဝန် အရမ်းဖြစ်ချင်ခဲ့တယ်လေ။ ကိုယ်ကိုယ်တိုင် ဝါသနာ ပါလို့ မဟုတ်ပါဘူး။ အဖေက သိပ်ဖြစ်စေချင်လို့ပါ။ ဒါပေမယ့် ဖြစ်မလာခဲ့ပါဘူး။ လူကို ကုတဲ့ ဆရာဝန်လိုင်း နဲ့ ကပ်လွဲပြီး တိရိစ္ဆာန်ဆရာဝန် လိုင်းကိုဘဲ ရောက်ခဲ့ တယ်။
ဝါသနာ မပါပေမယ့် “ဒေါက်တာ” ဆိုတဲ့ ဂုဏ်ပုဒ်ကလေး တပ်ရရင်လည်း မနည်းဘူး ဆိုပြီး ကျောင်းပြီးအောင် တက်ခဲ့ပါတယ်။ အဲဒီမှာ ကျောင်းစာကို သိပ်မလုပ်ဖြစ်တော့ ဗေဒင်စာအုပ်တွေ ပြန်ဖတ်ဖြစ်တယ်။ မှတ်မှတ်ရရ 1982 ခုနှစ်မှာ ရန်ကုန် ၊ ကမာရွတ်လှည်းတန်း “ရောင်နီဦး” စာအုပ်ဆိုင် ကနေ ဆရာဦးမြင့်သွင် ဘာသာပြန်တဲ့ “ခရစ္စနားမူးရ်တီးပဒ္ဓတိ ၏ ဟူးရားဗေဒင်” ဆိုတဲ့ စာအုပ်တစ်အုပ်ကို ဝယ်ဖတ်မိရာကနေ “ဟူးရားဗေဒင် နဲ့ ကေပီ စနစ်” ကို အတော်ကို သဘောကျသွားတယ်ဗျ။
ဒါပေမယ့် အဲဒီအချိန်တုန်းက ကျွန်တော်က “လက္ခဏာ နဲ့ ဂဏန်းဗေဒင်” ပညာလောက်ဘဲ လိုက်စားနေတာဆိုတော့ ဒီစာအုပ်ကို ဖတ်လို့ တော်တော်နဲ့ နားမလည်ခဲ့ဘူး။ ဘယ်နားလည်ပါ့မလဲ။ ကျွန်တော်မှာ “လက်ရိုးအခြေခံ” မှ မရှိတာ။ ကျွန်တော်တို့ ဗေဒင်လောကမှာတော့ “နက္ခတ် ဗေဒင်ပညာ” ကို “လက်ရိုး” နာမည် တပ်ပြီး၊ “မဟာဘုတ်၊ သုံးတန်ပေါ်နိစ်၊ ဆန်း၊ အင်္ဂဝိဇ္ဇာပညာတွေ” ကိုတော့ “လက်ဆန်း” လို့ နာမည်တပ် ခေါ်ဝေါ်ကြပါတယ်။ ဒါနဲ့ လက်ရိုး ဗေဒင်ကို ပြန်ပြီး လေ့လာရတယ်။ လက်ရိုးဗေဒင်ဆိုတာကလည်း အတော်ကြီးကို ကျယ်ပြန့်တဲ့ ဘာသာရပ်ဆိုတော့ အချိန်အတော်ယူခဲ့ရတယ်။
ဒီလိုနဲ့ လက်ရိုးဗေဒင် ဖတ်လိုက်၊ ကေပီ စာအုပ်တွေဖတ်လိုက်နဲ့ ခြာခြာလည် နေတော့တာပေါ့ဗျာ။ ကျွန်တော်မှတ်မိသလောက်တော့ “နေ့မအိပ်၊ ညမအိပ်” ကြိုးစားလေ့လာခဲ့တာတောင်မှ (၃)နှစ်လောက်ကြာမှ ကေပီ စနစ်ကို နားလည်စ ပြုလာတယ်။ ကျွန်တော်ဉာဏ်ကလည်း သိပ် Bright မဖြစ်တာလည်း ပါမှာ ပေါ့။ ဒါတောင်မှ မရှင်းလင်းတဲ့ အချက်တွေ ၊ နားမလည်သေးတဲ့ အချက်တွေ ရှိနေသေးတယ်။ နောက်ဆုံး ကျွန်တော် ကျောင်းပြီးသွားလို့ 1986လောက်မှာ မကွေးမြို့က “ကေပီဆရာ ဦးမျိုးမြင့်အောင်” နဲ့ တွေ့မှ မရှင်းလင်းတဲ့ အချက်တွေ၊ နားမလည်တာတွေ အားလုံး ရှင်းသွားပြီး ကိုယ့်ကိုယ်ကို ကေပီ သမားလို့ ရဲရဲဝံ့ဝံ့ ခံယူနိုင်ပါတော့တယ်။
ကေပီစနစ်ဟာ တစ်ခေတ်ဆိုတစ်ခေတ် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ပေမယ့် အခုအချိန်မှာတော့ မြန်မာနိုင်ငံမှာရော၊ ကေပီစနစ်ကို မွေးဖွားခဲ့တဲ့ အိန္ဒိယ နိုင်ငံမှာပါ ပျောက်ကွယ်သလောက် ရှိနေတာ ဝမ်းနည်းစရာပါဘဲ။ ဘာဖြစ်လို့ ဒီလိုဖြစ်ရသလဲလို့ ဆန်းစစ်ကြည့်လိုက်တော့ ကေပီစနစ်ဟာ ကေပီဆရာတွေ ဝါကြွားမယ် ဆိုရင်လည်း ဝါကြွားလောက်အောင် အလွန်ခက်ခဲတဲ့ ပညာတစ်ခုပါ။ တတ်မြောက်ဖို့ မလွယ်သလို မှန်အောင် ဟောဖို့လည်း မလွယ်ပါဘူး။ တွက်ချက်မှုတွေလည်း အများကြီး လုပ်ရပါတယ်။ အတွက်မှားရင် အဖြေလည်း မှားတော့တာပေါ့။ အဲဒီခေတ်က ကွန်ပျူတာတွေလည်း မပေါ်သေးတော့ ကေပီဇာတာ တစ်စောင်ဖွဲ့ရတာ နာရီဝက်လောက် အချိန်ယူရပါတယ်။ ပြီးရင် “ဘယ်ဂြိုဟ်တွေ အလုပ်လုပ်မှာလည်း” ဆိုတာ ချိန်ဆ, ရတာကလည်း အတွေ့အကြုံ အလွန်များမှ ဖြစ်တာပါ။
ကေပီ ပညာရဲ့ အမှားတွေဟာ ပညာရဲ့ ချို့ယွင်းချက်ကြောင့်မဟုတ်ဘဲ လူရဲ့ ချို့ယွင်းချက်ကြောင့် ဖြစ်ရတာပါ။ တွက်ရချက်ရတဲ့ အဆင့်တွေက များလွန်းလို့ ပါ။
မီးပျက်တာ ဘယ်အချိန်ပြန်လာမလဲ?။ မီးရထား ဘယ်အချိန်ဆိုက်မလဲ?။ ကလေးကျောင်းကနေ ဘယ်အချိန်ပြန်ရောက်မလဲ? စတဲ့ မေးခွန်းတွေကို နာရီ၊ မိနစ်၊ စက္ကန့် အတိအကျထိအောင် ပြောနိုင်တာဟာ ကေပီစနစ်ရဲ့ နာမည်ကျော် ဂုဏ်ပုဒ်တွေပါ။ နောက်ဆုံး ကိုယ့်မွေးချိန် မသိတဲ့ လူတွေကို ဘယ်အချိန်နာရီ၊ မိနစ်မှာ မွေးခဲ့ သလဲဆိုတာကိုတောင် ပြန်ပြီး ဖော်ထုတ်လို့ရပါတယ်။ ဒီလို တတ်မြောက်ဖို့ ခက်ခဲပြီး တွက်ချက်မှုတွေ လုပ်ရတာလည်း များလွန်းတော့ လူတိုင်းမလိုက်စားနိုင်တဲ့ အတွက် နောက်ဆုံး ပျောက်ကွယ် လုမတတ် ဖြစ်ခဲ့ရတာလို့ ယူဆပါတယ်။
ဒီလိုနဲ့ 1985 ခုနှစ်မှာ ဘွဲ့ရပြီး ကျွန်တော့ရဲ့ ပညာရေးလည်း “နိဌိတံ” သွားပါတော့တယ်။ အစ, ကတည်းကမှ ဝါသနာ မပါတော့ လုပ်စားဖို့လည်း စိတ်မကူး တော့ပါဘူး။ မိဘရဲ့ လက်ငုတ်တစ်ခုဖြစ်တဲ့ “ဆီစက်” လုပ်ငန်းကို ပြန်ပြီး ဦးစီးရပါတယ်။ ကိုယ်ပိုင်လုပ်ငန်းဆိုတော့ အချိန်ပိုတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ကေပီစနစ် ကို စူးစူးစိုက်စိုက်လေ့လာဖြစ်ပါတယ်။ ဟောလည်း ဟောဖြစ်ပါတယ်။ ကိုယ်က ဗေဒင်ဝါသနာပါသူဆိုတော့ ကိုယ့်ပတ်ဝန်းကျင်ကလည်း ဗေဒင် ပတ်ဝန်းကျင်ဖြစ်လာပါတယ်။ အဲဒီတုန်းက ကျွန်တော်မွေးရပ်ဖြစ်တဲ့ “ဆင်ဖြူကျွန်းမြို့” မှာ ကေပီစနစ် တတ်မြောက်သူ တစ်ဦးတစ်ယောက်မှ မရှိသေးပါဘူး။ ဒါကြောင့် လက်ရိုးလက်ဆန်းဗေဒင်ဆရာတွေ ကျွန်တော့်ဆီမှာလာပြီး သင်ယူကြပါတယ်။
အဲဒီထဲက “ဆရာဦးဉာဏ်ကောင်း” ဆိုသူ လက်ဆန်းဆရာ တစ်ယောက်က နောက်ပိုင်းမှာ ကျွန်တော့်ကို လက်ဆန်းဗေဒင်ပညာ ပြန်သင်ပေးခဲ့တဲ့ ဆရာတစ်ဦး ဖြစ်လာပါတယ်။ အရင်က လုံး၀ အထင်မကြီးခဲ့ လက်ဆန်း ပညာဟာ “ဆရာဦးဉာဏ်ကောင်း” ကျေးဇူးကြောင့် အထင်ကြီးလာတာပါ။ နောက် ကျွန်တော့်ရဲ့ ဆရာတစ်ဦးကတော့ “ဆရာဦးဝင်းမြင့်သိန်း” ဖြစ်ပါတယ်။ သူက အခုလူတွေ “ဂဏန်းဗေဒင်” လို့ အသိများကြတဲ့ “သင်္ချာဗေဒ” ပညာရှင်တစ်ဦးပါ။ သူကတော့ ကျွန်တော့်ဆီက ကေပီစနစ်ကို မသင်ယူပါဘူး။ သူကလည်း “သင်္ချာဗေဒမှ သင်္ချာဗေဒ” တစ်ခုတည်း စူးစိုက် လေ့လာခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လူတစ်ယောက်ကို သေသေချာချာ အကဲခပ်ပြီး သူက ဘာဂဏန်းဖွားလဲ ? ဘာရာသီဖွားလဲ ? ဆိုတာကို တပ်အပ် ပြောနိုင်လောက်အောင် ကျွမ်းကျင်ပါတယ်။
ဒါပေမယ့် ကျွန်တော်ကလည်း အဲဒီအချိန်က ကေပီစနစ်ကို အရမ်း Crazy ဖြစ်နေချိန်၊ လူကလည်း အသက် (26)(27) လောက်ဆိုတော့ အတွေးအခေါ် မရင့်ကျက် သေးချိန် ဆိုတော့ တတ်ထားရင် မမှားဘူးဆိုပြီးသာ သင်လိုက်ပေမယ့် “လက်ဆန်းဗေဒင်” နဲ့ “ဂဏန်းဗေဒင်” တွေကို သိပ်အထင် မကြီးခဲ့ပါဘူး။ ကေပီ မှ ကေပီဘဲ။ အဲဒီလို ကေပီကို Crazy ဖြစ်နေချိန်မှာ ကျွန်တော့် ပညာစွမ်းပြဖို့ အခွင့်အလမ်း တစ်ခုပေါ်လာပါတယ်။
ကျွန်တော်တို့ အညာဒေသဟာ ပူပြင်းခြောက်သွေ့တဲ့ ဒေသဖြစ်ပြီး အဲဒီအချိန်တုန်းက တိုက်တာတွေက နည်းပြီး၊ သစ်သားအိမ်၊ ထရံကာ အိမ်တွေဘဲ များလိုက နွေရာသီဆိုရင် “မီးဘေး” မကြာခဏ ကျရောက်တတ်ပါတယ်။ ကျွန်တော့် သက်တမ်းအတွင်းမှာ မြို့လုံးကျွတ်နီးပါးလောင်ခဲ့တဲ့ မီးဘေးကြီး တစ်ခု ကြုံဘူးပါတယ်။ အိမ် (၁၀)အိမ် , အိမ် (၂၀) လောက် လောင်တာမျိုးကတော့ မကြာခဏ ကြုံရလေ့ရှိပါတယ်။ ဒါကြောင့် မြို့သူမြို့သားများဟာ နွေရာသီ ရောက်လာပြီဆိုတာနဲ့ မီးဘေးကို အမြဲထိတ်လန့် နေကြရပါတော့တယ်။
အဲဒီအချိန်က ကျွန်တော်တို့မြို့မှာ နာမည်ကျော် ဗေဒင်ပညာရှင် ဘုန်းကြီးတစ်ပါးရှိပါတယ်။ နာမည်က “ဘုန်းကြီးဦးအောင်ဘ” လို့ခေါ်ကြပါတယ်။ ရဟန်းနာမည် မတွင်ဘဲ လူနာမည် တွင်နေတာကတော့ ဘာလို့မှန်း မသိပါဘူး။ “ငယ်ဖြူ” မဟုတ်ဘဲ “တောထွက်” ဖြစ်လို့ လူ့ဘဝက နာမည်ကို ဆက်ခေါ် နေကြဟန်တူပါတယ်။ မျက်စေ့ကွယ်နေပါတယ်။ ကိုယ်လည်း သိပ်မသန့်ပါဘူး။ ဒါပေမယ့် ဗေဒင်ဟောပြောတဲ့ နေရာ၊ ယတြာချေတဲ့ နေရာမှာ နာမည် ကြီးလွန်းလို့ မြို့မှာ ရှိတဲ့ လူကုံတန်တွေ၊ သူဌေးသူကြွယ်တွေက ကိုးကွယ်ကြလို့ လာဘ်လာဘ အင်မတန်ပေါများတဲ့ ဘုန်းကြီးဖြစ်ပါတယ်။ ဘာပညာနဲ့ ဟောတယ်ဆိုတာ မသိပေမယ့် “လက်ဆန်း” ဗေဒင်ဘဲ ဖြစ်ဖို့များပါတယ်။
“ဘုန်းကြီး ဦးအောင်ဘ” ဟောချက်တွေမှာ နာမည်ကြီးတာ တစ်ခုက “မီးကျိန်း” ပါ။ “မီးကျိန်း” ဆိုတာ ကျွန်တော်တို့ အညာဒေသ အခေါ်အဝေါ်ပါ။ ဘုန်းကြီး ဦးအောင်ဘ က ဒီနှစ် “မီးကျိန်း” ရှိတယ် ပြောလိုက်ရင် ဒီနှစ် မီးလောင်ကိန်း ရှိတယ်လို့ ပြောလိုက်တာပါ။ ပြောတဲ့အတိုင်းလည်း မှန်လေ့ရှိတာမို့ ဘုန်းကြီးဦးအောင်ဘ မီးကျိန်းဟောထားတဲ့ နှစ်ဆိုရင် တစ်မြို့လုံး ထိတ်လန့်နေကြပါတော့တယ်။ အနည်းအများသာကွာမယ်။ မီးကတော့ တကယ် လောင်တာပါဘဲ။
အဲဒီအချိန်က အထက်ကပြောခဲ့သလို ကျွန်တော်ဟာ ကေပီ ကို အရမ်း Crazy ဖြစ်နေချိန်၊ (ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် သွေး,နားထင်ရောက်နေချိန်) ဆိုတော့ ဘုန်းကြီးဦးအောင်ဘ ဟောကိန်းကို ကျွန်တော်ကေပီနည်းနဲ့ ဖြစ်နိုင်မဖြစ်နိုင် တွက်ကြည့်လိုက်တော့ . . . ဟုတ်တယ်ဗျ။ ကျွန်တော့် ကေပီဇာတာမှာလည်း မီးလောင်ကိန်းကို တွေ့နေရတယ်။ အနည်းအများကိုတော့ မခန့်မှန်းနိုင်ဘူး။ အဲဒီမှာ ကျွန်တော် လက်စွမ်းပြတော့တာပါဘဲ။ အဲဒီအချိန်မှာ ကျွန်တော်ဟာ ကေပီဟောကွက်တွေ ဖြစ်တဲ့ “မီး ဘယ်အချိန်ပြန်လာမလဲ” တို့၊ “သူငယ်ချင်းတွေ ဘယ်အချိန်ရောက်လာမလဲ” တို့ဆိုတဲ့ တွက်ကိန်းတွေကို အတော်မှန်အောင် တွက်နိုင်နေပြီဆိုတော့ “မီး ဘယ်အချိန်လောင်မလဲ” ဆိုတဲ့ ဟောကိန်းကို တွက်တော့ တာပါဘဲဗျို့။ ဘုန်းကြီးက မီးလောင်မယ် ဆိုတာဘဲ ဟောနိုင်တာ၊ ငါက ဘယ်အချိန်လောင်မယ် ဆိုတာ ဟောပြမယ်ဆိုတဲ့ ဘဝင်စိတ်၊ မာနစိတ်၊ ဝါကြွားချင်စိတ်တွေ ကြောင့် ဒီလို တွက်ကိန်းမျိုးကို တွက်ဖို့ စိတ်ကူးခဲ့တာဆိုတာကို အခုအချိန်မှာ ရှက်ရှက်နဲ့ဘဲ ဝန်ခံလိုက်ပါတယ်။ ဟိုတုန်းကတော့ ငယ်ရွယ်သူလည်း ဖြစ်ပြန်တာကိုး။
ဒါနဲ့ 1989 ခု မတ်လ (၆)ရက်နေ့မှာ အချိန်(၃)နာရီလောက် ကြိုးစားပမ်းစားတွက်လိုက်တော့ “မတ်လ (၉)ရက်နေ့ နံနက် (၂)နာရီ တိတိတွင် မီးလောင်မည်” ဆိုတဲ့ အဖြေထွက်လာပါတယ်။ ကိုယ့်တွက်ချက်မှုတွေကို သေသေချာချာ အထပ်ထပ် ပြန်စစ်ကြည့်တယ်။ မမှားဘူး။ လုံးဝသေချာတယ်။ ဒါနဲ့ ဗေဒင်မိတ်ဆွေတွေကို ဖိတ်ခေါ်လိုက်ပြီး ကျွန်တော့်ဟောကိန်းကို ကြေငြာလိုက်ပါတယ်။ အားလုံးကတော့ အံ့အားသင့်ကြတယ်ပေါ့။ သဘာ၀ ဘေးအန္တရာယ် ကိစ္စမျိုးမှာ ဒီလောက် တိတိကျကျကြီး ပြောနိုင်ပါ့မလားပေါ့။ ဒါပေမယ့် ကျွန်တော့်ရဲ့ “မီးဘယ်အချိန် ပြန်လာမလဲ” ဆိုတဲ့ တွက်ကိန်းမျိုး တွေကို တွေ့ဘူးသူတွေကတော့ ဟုတ်နိုးနိုးပေါ့။ အဲဒီအချိန်က ကျွန်တော်ကို သင်္ချာဗေဒ သင်ပေးနေတဲ့ ဆရာဦးဝင်းမြင်သိန်း ကတော့ ကွမ်းတမြုံ့မြုံ့နဲ့ အကြာကြီး စဉ်းစားပြီးမှ “ဖြစ်နိုင်တယ်” လို့ ထောက်ခံချက် ပေးသဗျ။ ကျန်သူအားလုံးကတော့ ဝေခွဲမရတဲ့ အမူအယာတွေနဲ့ပေါ့ဗျာ။
ကျွန်တော်ကတော့ အဲဒီအချိန်မှာ ကိုယ့်ပညာအပေါ် အလွန်အမင်း ယုံကြည်နေတဲ့ အချိန် ဖြစ်လေတော့ ကိုယ့်ဟောကိန်းအပေါ်မှာ တစက်ကလေးမှ သံသယ မဖြစ်ဘူး။ ဒါနဲ့ အားလုံး စောင့်ကြည့်ကြမယ် ဆိုပြီး လမ်းခွဲလိုက်ကြပါတယ်။ မတ်လ (၈)ရက် နေ့ည ရောက်တော့ ကျွန်တော်မှာ အလွန်စိတ်လှုပ်ရှား နေပြီပေါ့ဗျာ။ လုံး၀ မအိပ်နိုင်ပါဘူး။ ကိုယ့်ဟောကိန်း မှန်မမှန် ကိုလည်း စောင့်ကြည့်ချင်တော့ နာရီကို တငုံ့ငုံ့ကြည့်ရင်း စောင့်နေရတာပေါ့ဗျာ။ ည (၁၂)နာရီ ကျော်တော့ ပထမ လေပြေ လေညှင်းကလေး လာနေရာက လေတိုက်နှုံးက ပိုများလာတယ်။ အညာဒေသတွေမှာ ဒီလိုဘဲ တစ်ခါတစ်လေ ညဉ့်နက် သန်းခေါင်မှာ “လေကျ” တတ်ပါတယ်။ အဲဒီလို လေက ထန်လာတော့ ကျွန်တော့်ရင်ထဲမှာ ပူပင်လာတယ်။ အင်း- ငါ့ ဟောကိန်းသာ မှန်ရင်တော့ ဒီလေတိုက်ပုံနဲ့ဆိုရင် တစ်မြို့လုံး အကျွတ်ဘဲလို့ တွေးမိလာတယ်ဗျ။ အဲဒီတော့ ကျွန်တော်လည်း ကြောက်လာတယ်။ ပထမပိုင်းမှာတော့ ကိုယ့်ဟောကိန်းကို မှန်စေချင်တဲ့ ဆန္ဒက များနေပေမယ့် လေတွေလည်း တိုက်လာရော ငါ့ဟောကိန်းသာ မှားလိုက်ပါတော့။ မီးမလောင်ပါစေနဲ့လို့ စိတ်ထဲမှာ ဖြစ်လာတယ်ဗျ။ နောက်ဆုံး ဘုရားခန်းထဲဝင်ပြီး ဘုရားရှေ့မှာ “အရှင်ဘုရား- တပည့်တော်၏ ဟောကိန်း မှားပါစေဘုရား၊ မီးမလောင်နိုင်အောင် အရှင်ဘုရား ဟန့်တားပေးတော်မူပါလို့” အကြိမ်ကြိမ်အထပ်ထပ် ဆုတောင်းလိုက်တယ်။ ပြီးတော့ အိမ်ရှေ့ပန်းခြံထဲဆင်းပြီး လမ်းလျှောက်ရင်း တစ်မြို့လုံးကို ခြုံပြီး မေတ္တာ ပို့နေမိတယ်။
အချိန်ကလည်း နံနက် (၂)နာရီ ဖက်ကို တဖြည်းဖြည်း နီးကပ်လာပါပြီ။ ကျွန်တော်လည်း ရာသီဥတု ကလည်း ပူ၊ စိတ်ကလည်း လှုပ်ရှားလွန်းလို့ ခေါင်းတစ်ခုလုံးလည်း ချွေးတွေ ရွှဲနစ်နေတယ်။ မေတ္တာကိုတော့ ဒလစပ် ပို့နေမိတယ်။ သိပ်မကြာခင်မှာဘဲ ကင်းတဲကနေ (၂)နာရီ သံချောင်းခေါက်သံကို ကြားလိုက်ရတယ်။ ကျွန်တော်လည်း ခဏ စောင့်ကြည့်တယ်။ တွက်ထားတာကလည်း နံနက်(၂)နာရီ တိတိ။ စက္ကန့်တောင် မစွန်းဘူး။ ပတ်ဝန်းကျင်ကို နားစွင့်ကြည့်တယ်။ ဘာသံမှ မကြားရဘူး။ နောက် (၅) မိနစ်ကျော်သွားတယ်။ ဘာသံမှ မကြားရဘူး။
ကျွန်တော်တို့ အညာမှာ မီးသတ်ကားရယ်လို့ လောက်လောက်လားလားမရှိပါဘူး။မီးလောင်ရင် ဓာတ်တိုင်တွေကို သံချောင်းနဲ့ ပြေးခေါက်ပြီး လှန့်ကြရတဲ့ အလေ့အထ ရှိတယ်ဆိုတော့ သံချောင်းခေါက်သံကို နားစွင့်နေရတာပေါ့။ နောက်ထပ် မိနစ်လက်တံတွေက တစ်ရွေ့ရွေ့ ကုန်သွားတယ်။ နာရီဝက် ကျော်သွားပြီ။ မဟုတ်တော့ဘူး။ တွက်ချက်မှုက ဒီလောက်လွဲစရာ မရှိဘူး။ တစ်ခုခုတော့ မှားပြီပေါ့။ စောစောက မီးလောင်မှာကို ကြောက်မိပေမယ့် အခုလို ကိုယ့်တွက်ကိန်း လွဲသွားပြန်တော့လည်း စိတ်ထဲမှာ ဘာလိုလိုကြီးပေါ့ဗျာ။ မနက် (၃)နာရီလောက်ကျတော့ လုံးဝမဖြစ်နိုင်တော့ဘူးလို့ ကောက်ချက်ချ လိုက်ပြီး အိပ်ယာထဲဝင်ခဲ့တယ်။ ချက်ခြင်း အိပ်မပျော်ပါဘူး။ မနက် (၄)နာရီ ကျော်ကျော် ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံ ကြားပြီးမှ အိပ်ပျော်သွားပါတယ်။ (နောက်နေ့မှ သိရတာ အဲဒီညက ကျွန်တော့်ဟောချက်ကို သိထားတဲ့ မိတ်ဆွေတွေလည်း အဲဒီညက တစ်ယောက်မှ မအိပ်နိုင် ကြဘူးဗျ။ ကျွန်တော်လိုဘဲ (၃)နာရီကျော် လောက်မှ အိပ်နိုင် ကြတယ်တဲ့)
နောက်တစ်နေ့ မနက်တော့ စောစော မထနိုင်တော့ပါဘူး။ မနက် (၁၀)နာရီလောက်မှ အိပ်ယာက နိုးလာတယ်။ မနက်ပိုင်း လဘ္ဘက်ရည်ဝိုင်းတော့ ပျက်သွားတာပေါ့ဗျာ။ (ကျွန်တော်တို့ ဗေဒင်အဖွဲ့တွေက တစ်နေ့ကို မနက် (၈)နာရီမှာ တစ်ကြိမ်၊ နေ့လယ် (၁)နာရီမှာ တစ်ကြိမ် လဘ္ဘက်ရည်ဆိုင်မှာ ပုံမှန်ထိုင်လေ့ရှိကြပါတယ်)။ ဒါနဲ့ အိပ်ယာကနိုးတော့ လုပ်စရာရှိတဲ့ အလုပ်တွေလုပ် ပြီး မနက်စာ နဲ့ နေ့လယ်စာကို ပေါင်းစားလိုက်တယ်။ နေ့လယ် (၁)နာရီလောက်ကျတော့ လဘ္ဘက်ရည် ဝိုင်းတော်သား တစ်ယောက်လာခေါ်လို့ ထုံးစံအတိုင်း လဘ္ဘက်ရည်ဆိုင်ကို ထွက်ခဲ့ကြပါတယ်။
ဆိုင်မှာတော့ ဝိုင်းတော်သားတွေ တော်တော်စုံ နေကြပါပြီ။ ကျွန်တော်လည်း မျက်နှာတော့ ခပ်ပူပူပေါ့ဗျာ။ အားလုံးက ညက မအိပ်နိုင်တဲ့ အကြောင်း စပြော ကြပါတယ်။ ကျွန်တော်ဆီမှာ ကေပီစနစ်ကို သင်ယူနေတဲ့ လက်ဆန်းဆရာတွေလည်း ဘယ်လိုဖြစ်တာလဲ၊ ဘာလဲ၊ ညာလဲ ဝိုင်းမေးကြတာပေါ့ဗျာ။ ကျွန်တော်လည်း “ မပြောတတ်တော့ဘူးဗျာ၊ ဒီမှာ တွက်ထားတဲ့ ဟာကိုသာ ကြည့်ကြပေတော့။ အဖြေရှာကြပေတော့လို့” ဆိုပြီး ကျွန်တော် တွက်ထားတာကို ထုတ်ပေးလိုက်ပါတယ်။ အဲဒီအချိန်မှာ သူတို့တွေကလည်း ကေပီ စနစ်ကို တော်တော် ခရီးရောက်နေတော့ ကျွန်တော်တွက်ထားတာကို ဝိုင်းစစ်ဆေးကြတာပေါ့ဗျာ။ နာရီဝက်လောက် စစ်ဆေးကြည့်တော့ သူတို့ကလည်း အမှားမတွေ့ဘူးလို့ ဘဲ ပြောကြသဗျ။ အဲဒါနဲ့ အဲဒီကိစ္စက စခန်းသိမ်းသွာပြီး ဟိုဟို ဒီဒီ ရောက်တတ်ရာရာ ပြောနေကြတော့တာပေါ့ဗျာ။
အဲဒီ အချိန်မှာ ကျွန်တော့် နားထဲမှာ ခပ်ဝေးဝေးက “သံချောင်းခေါက်သံလိုလို” ကြားလိုက်မိတယ်။ သိပ်တော့ မသေချာဘူး။ လက်မှာ ပတ်ထားတဲ့ နာရီကို လှမ်းကြည့်လိုက်တော့ “နေ့လယ် (၂)နာရီ တိတိ” ။ နောက် ခဏနေတော့ ဟိုဟို ဒီဒီကနေ သံချောင်းခေါက်သံ တွေ ဆူညံလာပြီး “မီး ဗျို့၊ မီး, မီး” ဆိုတဲ့ အသံနဲ့ လူတွေ ဟိုဟို ဒီဒီ ပြေးကြလွှားကြတော့ ကျွန်တော်တို့လည်း ဆိုင်ထဲကနေ ပြေးထွက်ကြရတာပေါ့။ လူတွေ ပြေးလွှားသွားကြတဲ့ မြို့အရှေ့ဘက်ကို ကြည့်လိုက်တော့ မီးခိုးလုံးကြီးတွေ မည်းတက်လာတယ်။ မီးကတော့ တကယ်လောင်နေပါပြီ။ မြို့သူမြို့သားတွေလည်း မီးအင်အား မကြီးခင် အချိန်မှီ ငြိမ်းသတ်နိုင်အောင် တစ်အိမ်တစ်ယောက် ရေပုံးတစ်ပုံးစီ ဆွဲပြီး မီးလောင်ရာ နေရာကို အပြေးအလွှား သွားနေကြလေရဲ့။
ကံကောင်းပါတယ်။ လူအင်အားက အချိန်မှီ နိုင်သွားလို့ မီးက အိမ်တစ်လုံးဘဲ လောင်ပြီး ပြီးဆုံးသွားပါတယ်။ အဲဒီကျမှ ကျွန်တော့်ဗေဒင် မိတ်ဆွေတွေလည်း ကျွန်တော်ကို ဝိုင်းပြီး ချီးမွမ်းကြ၊ လက်ဆွဲ နှုတ်ဆက်ကြပေါ့ဗျာ။ ကျွန်တော်ကတော့ ဘဝင်မကျပါဘူး။ ကျွန်တော် သေသေချာချာ တွက်ထားတာက နံနက် (၂)နာရီ တိတိ။ အခု လောင်တာက နေ့လယ် (၂)နာရီ တိတိ။ (၁၂) နာရီတောင် ကွာတယ်။ ကေပီ စနစ်မှာ ဒီလောက် ကွာခြားဖို့ မရှိပါဘူး။ ဒါကို မှန်တယ်လို့ မခေါ် နိုင်ပါဘူး။
ဒါပေမယ် မိတ်ဆွေ တွေကတော့ နံနက် (၂)နာရီ မှာ မီးလောင်မယ် ဟောထားတာကို နေ့လည် (၂)နာရီမှာ မီးလောင်တာကိုဘဲ ဟောကိန်းမှန်လွန်းလို့ ဆိုပြီး ကျွန်တော့်ကိုရော၊ ကေပီ ပညာကိုပါ ချက်ခြင်း အထင်တွေကြီးကုန်ကြတော့တာပါဘဲ။ သိပ်မကြာပါဘူး – ရက်ပိုင်းအတွင်း ဒီသတင်းက ပြန့်သွားပြီး ကျွန်တော့်ဆီကို ကေပီပညာ သင်ချင်သူတွေ တဖွဲဖွဲ ရောက်လာပါတော့တယ်။ ဒါပေမယ့် သူတို့နဲ့ ကံမစပ်လို့လား မသိပါဘူး။ နောက် (၆)လ လောက်လည်း ရှိရော ကျွန်တော်တို့ မိသားစု လည်း ဆင်ဖြူကျွန်းမြို့မှာ စီးပွားရှာရတာ အဆင်မပြေလို့ “မှော်ဘီ”မြို့ကို အပြီး ပြောင်းရွှေ့လာ လို့ ပညာသင်ဖို့ အားခဲထားသူတွေလည်း ကျန်ရစ်ခဲ့ပါတော့တယ်။
ဒီဆောင်းပါးမှာ ကျွန်တော်ပြောချင်တာက လူငယ်ဘဝမှာ မိမိကိုယ်ကို အထင်ကြီးစိတ်၊ ယုံကြည်စိတ်တွေဟာ သိပ်များလွန်းပြီး မပြောသင့်တာ၊ မလုပ်သင့်တာ တွေကို လုပ်မိ တတ်တယ်။ အဲဒီတုန်းကလည်း နံနက် (၂)နာရီမှာ မီးလောင်လိမ့်မယ် လို့ ဟောကိန်း ထုတ်ခဲ့တာ နေ့လယ် (၂)နာရီ မှာ မီးလောင်လိုက်လို့သာ အရှက်မကွဲခဲ့တာပါကလား။ နောက်ပြီး “ဘုန်းကြီးဦးအောင်ဘ” ဆိုတဲ့ တကယ့် ပညာရှင်ကြီးကိုလည်း ကိုယ့်ပညာ မလောက်လေး မလောက်စားနဲ့ ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့ဘူးတယ်။ နောက် (၁၀)နှစ်လောက် အကြာမှာ “ဘုန်းကြီး” ဆီက ပညာတွေ ပြန်ယူချင်လို့ ဆင်ဖြူကျွန်းကို ပြန်လာတော့ ဘုန်းကြီးက ပျံလွန်တော် မူသွားရှာပါပြီ။ ရှိခဲ့စဉ်တုန်းက တန်ဖိုးထားရကောင်းမှန်း မသိခဲ့ဘဲ မရှိတော့ကာမှ နောင်တ , တ ရတဲ့ အဖြစ်မျိုးပါ။
အခုခေတ် လူငယ်ဗေဒင်ဆရာတွေ (တစ်ချို့လည်း လူလတ်ဗေဒင်ဆရာတွေ)လည်း ဒီလိုဘဲ ကိုယ်တတ်ထားတဲ့ ပညာလေးကိုဘဲ ဟုတ်လှပြီထင်ပြီး အတွေ့ အကြုံရင့်ကျက်တဲ့ ပညာရှင်ကြီးတွေကို လေးစားရမှန်းမသိ၊ တန်ဖိုးထားရမှန်း မသိဘဲ- ရေတွင်းထဲက ဖားသူငယ်လို ကိုယ့်ဟာကိုယ် မာန်တက်နေကြတာကို တွေ့နေရတော့ ကျွန်တော် ငယ်ငယ်က အဖြစ်လေးကို သတိရပြီး ပြုံးမိရင်းနဲ့ ဒီဆောင်းပါးကို ကောက်ရေးလိုက်တာပါ။
အခုအသက် (၄၀)ကျော်လို့ (၅၀)နား ရောက်လာ ချိန်မှာတော့ ဒီလို ဟောကိန်းမျိုး ဟောဖို့ သတ္တိ မရှိတော့ပါဘူး။ ဘဝင်လည်း မမြင့်ရဲ တော့ပါဘူး။ ဒါကြောင့် အခု ကမ္ဘာနဲ့ချီတဲ့ ဟောကိန်းတွေကို တွက်သာ ကြည့်ပေမယ့် ငယ်ငယ်တုန်းကလို မဟောရဲတော့ပါဘူး။ ကျွန်တော့် ဘလော့ဂ်ထဲမှာ “မက်ကိန်း နဲ့ အိုဘားမား ဘယ်သူနိုင်မလဲ” ဆိုတဲ့ ဆောင်းပါးကို ပြန်ကြည့်ရင် (အိုဘားမားနိုင်မယ်ဆိုတာ သေသေချာချာသိပေမယ့်) ရေးတဲ့နေရာမှာတော့ နှိုင်းနှိုင်းဆဆ နဲ့ဘဲ ရေးထားတာကို တွေ့ရပါလိမ့်မယ်။ အသက်အရွယ် ရလာလေ လောကမှာဘယ်ဟာမဆို လွဲမှားချွတ်ချော်နိုင်တယ်။ မုချဆတ်ဆတ် ဖြစ်ကို ဖြစ်ရမည် ဆိုတာ မရှိနိုင်ဆိုတဲ့ ခံယူချက်မျိုးကိုဘဲ ခံယူပါတော့တယ်။ မုချဆတ်ဆတ် မလွဲမချော် ဖြစ်ရမှာ တစ်ခုဘဲ ရှိပါ တယ်။ အဲဒါကတော့ “သေခြင်းတရား” ဘဲ ဖြစ်ပါတယ်။
ဆောင်းပါးလည်း ရှည်သွားပါပြီ။ ဒီနေရာမှာဘဲ ရပ်နားပါတော့မယ်။
အားလုံး ကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ်(ကွန်ပျူ-ဗေဒသုခုမ)
မှတ်ချက်။ ။ ဒီဟောကိန်း နဲ့ အဖြစ်အပျက်ကို လုပ်ကြံရေးထားတာလို့ ထင်မြင်သူများရှိရင် ကျွန်တော့်ရဲ့ ဟောကိန်း နဲ့ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ သိမြင်ခဲ့ကြတဲ့အထဲက ယခုတိုင် သက်ရှိထင်ရှားရှိနေသေးကြတဲ့-
= ဆရာဦးဌေးစိန် (“ကောင်းမှန်” ပညာရေး ဘော်ဒါဆောင် ကျောင်းအုပ်) (သူငယ်ချင်း)
= ဆရာဦးဝင်းမြင့်သိန်း (သင်္ချာဗေဒပညာရှင်)- (ကျွန်တော့အား သင်္ချာဗေဒပညာ သင်ပေးသူ – ဆရာ)
= ဦးမင်းသွင် (ရွှေပန်းတိမ်လုပ်ငန်း) (သူငယ်ချင်း) တို့ထံ စာရေးသား စုံစမ်းနိုင်ပါတယ်။ မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့ဟု လိပ်စာတပ်လိုက်လျှင် (မြို့က ကျဉ်းတော့) ရောက်ပါတယ်။ အိမ်နံပါတ် မရှိပါ။
= ဒီအဖြစ်အပျက်ကို ကြုံတွေ့သူနှစ်ဦးဖြစ်တဲ့ ကျွန်တော့်ဆီမှာ ကေပီစနစ် သင်ကြားခဲ့သူ ဆရာဦးဉာဏ်ကောင်း နဲ့ ဆရာဦးသိန်းအောင် တို့ကတော့ ကွယ်လွန် သွားကြပါပြီ။