ထူးတဲ့ ကိုး (9)

ဒီလထဲမှာ စက်တင်ဘာလအတွက် ဟောကိန်းများ ရေးပြီး ဘာပို့စ်တင်ရင် ကောင်းမလဲ လို့ စဉ်းစားနေတာ အဖြေမထွက်ပါဘူး။ ကိုယ်တိုင် တွက်လို့ရတဲ့ ဗေဒင် အလွယ်တွက်နည်းလေးတွေ တင်ပေးဖို့ ရှိပေမယ့် ရှင်းပြဖို့ ပုံတွေဆွဲရတာ ပျင်းနေတာနဲ့ ရေးလက်စတွေ “တိုးလို့တန်းလန်း” ဖြစ်နေပါတယ်။ ဒါကြောင့် ပေါ့ပေါ့ ပါးပါး ရေးလို့ ရမယ့် ပို့စ်ကို စဉ်းစားကြည့်လိုက်တော့ – အခုလဟာ စက်တင်ဘာလဖြစ်ပြီး ကမ္ဘာကျော် (9/11) Day ဖြစ်ပွားခဲ့တဲ့ ရက်နဲ့လည်း နီးကပ်နေတာမို့ “ထူးတဲ့ (9)” အမည်နဲ့ ပေါ့ပေါ့ ပါးပါး ပို့စ်လေးတစ်ခု တင်ပေးလိုက်ပါတယ်။

ထူးတဲ့ ကိုး(9)

ဘာတွေ ထူးသလဲ? ။

= (9)ဂဏန်းဟာ ဂဏန်းဗေဒင်(သင်္ချာဗေဒ)မှာ အဆုံးသတ်ဂဏန်း ဖြစ်ပါတယ်။  ဂဏန်းအားလုံးကို တစ်လုံးတည်း ဖြစ်အောင် ပေါင်းလိုက်ရင် (1)ကနေ (9) အထိဘဲ ရပါတယ်။ (9)ပြီးရင် ဂဏန်းအားလုံးဟာ (1)ကနေ ပြန်စ, ကြရပါတယ်။ ဥပမာ – 10 = 1+0 = 1 ။

= လူသားတွေဟာ လူ့ဘဝထဲကို ရောက်ဖို့ ပဋိသန္ဓေကာလ (9)လ အချိန်ယူရပါတယ်။ (လ, မစေ့ဘဲ မွေးတာတော့ အနည်းအကျဉ်း ရှိတာပေါ့)

= လူသားတိုင်းမှာ ဒွါယ (9)ပေါက် ရှိပါတယ်။ (မျက်စေ့-2 ၊ နား-2 ၊ နှာခေါင်း-2 ၊ ပါးစပ် ၊ စအို  ၊ လိင်အင်္ဂါ )

= ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်ပုဒ်တွေက (9)ပါး ရှိပါတယ်။ (ဘုရား ဂုဏ်တော် ၉ပါး)

= ဂဏန်းဗေဒင်ပညာကို အုတ်မြစ်ချခဲ့တဲ့ “ချားလ်ဒီးယန်း” တွေကလည်း (9)ဂဏန်းကို “ဘုရားသခင်ရဲ့ ဂဏန်း” လို့ သတ်မှတ်ပါတယ်။

= (9) ဂဏန်း နဲ့ အခြား ဂဏန်း တစ်ခုရဲ့ မြှောက်လဒ်ကို ပြန်ပေါင်းရင် (9)ဘဲ ပြန်ရပါတယ်။ ( 9×5 = 45 = 4+5 = 9)

= အရှေ့တိုင်းသား အတော်များများဟာ (9)ဂဏန်းကို ကံကောင်းစေတတ်တဲ့ ဂဏန်း အဖြစ် အယူရှိပါတယ်။

= မော်တော်ကား / အိမ်အဆောက်အဦးတွေ (9)ဂဏန်းဖြစ်နေရင် (လူကြိုက်များတာကြောင့်) ရောင်းရ/ဝယ်ရ လွယ်ကူ ချောမောလေ့ ရှိပါတယ်။

= လူအများစုဟာ ထီထိုးကြတဲ့အခါ (9)ဂဏန်း များများ ပါတာဖြစ်စေ/ ပေါင်းရကိန်း (9)ဖြစ်တာကို ဖြစ်စေ ရွေးချယ်ကြလေ့ရှိပါတယ်။

= ဒါပေမယ့်ခရီးသွားရင် လူ (9)ယောက်နဲ့ ခရီးမသွားကောင်း ဘူးလို့ ယူဆကြပါတယ်။

= (9)ဂဏန်းကို သင်္ချာဗေဒ ပညာမှာ “အင်္ဂါဂြိုဟ်” ပိုင် ဂဏန်း လို့ ယူပြီး ၊ နက္ခတ်ဗေဒင်ပညာမှာ “ကိတ်ဂြိုဟ်” ပိုင်ဂဏန်း လို့ ယူဆပါတယ်။

= သင်္ချာဗေဒပညာအရ – အင်္ဂလိပ်ရက် (9)ရက် ၊ (18)ရက် ၊ (27) ရက် များမှာ မွေးဖွာသူများဟာ (9)ဂဏန်းသမားများ ဖြစ်ပါတယ်။

= အင်္ဂလိပ်ရက် – (11)ရက် ၊ (12)ရက် ၊ (16)ရက် ၊ (19)ရက် ၊ (24)ရက် ၊ (29)ရက် များမှာ မွေးဖွားသူများဟာလည်း (9)ဂဏန်းသမား မဟုတ်ပေမယ့် (9)ဂဏန်းရဲ့ လွှမ်းမိုးမှုကို (အပြည့်အဝ) ခံစားကြရသူများဖြစ်ပါတယ်။

= မိဿရာသီ ၊ ကရကဋ်ရာသီ ၊ ဗြိစ္ဆာရာသီ ၊ ဓနုရာသီ ၊ မကာရရာသီ ဆိုတဲ့ ရာသီခွင်များမှာ မွေးဖွားသူများဟာလည်း (9)ဂဏန်းရဲ လွှမ်းမိုးမှုအောက်မှာ ရှိပါတယ်။ လ, ပိုင်းအနေနဲ့ ယခုရောက်နေတဲ့ “စက်တင်ဘာလ” ဟာလည်း (9)ဂဏန်း လွှမ်းမိုးထားတဲ့ လ, ဖြစ်ပါတယ်။

= “အင်္ဂါဂြိုဟ်” လို့ ယူဆရင် အင်္ဂါဂြိုဟ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ “စစ်မက်တိုက်ခိုက်မှု၊ ဆူပူအကြမ်းဖက်မှု၊ သွေးထွက်သံယိုမှု ၊ ပေါက်ကွဲမှု ၊ မတော်တဆ ဖြစ်မှု ၊ ခွဲစိတ်ကုသခံရမှု ၊ သဘာ၀ ဘေးဥပဒ် အန္တရာယ်တွေ” ကို ကိုယ်စားပြုပါတယ်။

= “ကိတ်ဂြိုဟ်” လို့ ယူဆရင် ကိတ်ဂြိုဟ်ရဲ့ သင်္ကေတတွေဖြစ်တဲ့ “ လောကီပညာ ၊ အထက်လမ်း အောက်လမ်း ၊ ထွက်ရပ်လည်း ၊ မှော်ပညာ ၊ သဘာဝလွန် ဖြစ်ရပ်များ ၊ စုန်း  ၊ သရဲ တစ္ဆေ ၊ ဝိဉာဉ်လောက ၊ နာမ်လောက ၊ အင်း  ၊ အိုင် ၊ လက်ဖွဲ့ ၊ အဂ္ဂိရတ်ပညာ ၊ မူးယစ်ဆေးဝါး ၊ အဆိပ်မျိုးစုံ ” တွေကို ကိုယ်စားပြုပါတယ်။

= အင်္ဂါဂြိုဟ်ဟာ “အိမ်ထောင်ရေး” ကို အလွန်ဖျက်ဆီးတတ်တဲ့ဂြိုဟ် ဖြစ်ပါတယ်။

= ဒါကြောင့် ဇာတာခွင်တစ်ခုမှာ “အင်္ဂါဂြိုဟ်” အနေအထားမကောင်းရင် အိမ်ထောင်ကွဲခြင်း /ပျက်ခြင်းများဖြစ်လွယ်ပြီး တစ်ခုလပ်/ မုဆိုးဖို/မုဆိုးမ များ ဖြစ်လွယ်စေပါတယ်။

= အင်္ဂါသားသမီး (သို့) 9 ဂဏန်းဖွားတွေဟာ အိမ်ထောင်ရေးမှာ (များသောအားဖြင့်) အနစ်နာ ခံကြရတာ များပါတယ်။ မိန်းမသားတွေက ပိုပြီး ခံရတတ် ပါတယ်။ ဒါပေမယ့် အင်္ဂါသားသမီးများ ဖောက်ပြန်ပြီဆိုရင် ကျန်နေ့ သားသမီးများ လိုက်မမှီတတ်ပါဘူး။

= အင်္ဂါသားသမီး (သို့) 9 ဂဏန်းဖွားတွေရဲ့ ဘဝလမ်းခရီးဟာ အကွေ့အကောက် / အတက်အကျ များတတ်ပြီး ချောမွေ့တာ ရှားပါတယ်။

= ဘာနေ့သားသမီးဖြစ်ဖြစ် နာမည်ပေါင်းကိန်း (9)ကျနေတဲ့ သူတွေဟာလည်း (9)ဂဏန်းသမားတွေနဲ့ အလားသဏ္ဍန် တူပါတယ်။ အကျိုးပေး တူတတ်ပါတယ်။

=  (9)ဂဏန်းဟာ – သူနဲ့ တွဲဖက်တဲ့ ဂဏန်းများအပေါ်မှာ မူတည်ပြီး အကျိုးသက်ရောက်မှုများ ကွဲပြားသွားနိုင်ပါတယ်။

– (9)ဂဏန်းဟာ (1)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+တနင်္ဂနွေ) = အောင်မြင်ကျော်ကြားမှု ၊ ဘုန်းတန်ခိုးအာဏာ ၊ လူထုထောက်ခံမှု ၊ ချစ်ခင်လေးစားခံရမှုများကို ဖြစ်ပေါ်စေတယ်။

– (9)ဂဏန်းဟာ (2)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+တနင်္လာ) = သစ္စာဖောက်ခံရမှု ၊ လိမ်လည်မှု ၊ မရိုးသားမှု ၊ တစ်ကိုယ်ကောင်းကြံမှု ၊ အကောက်ကြံခံရမှု ၊ သဘာဝဘေးဥပဒ် ၊ ပေါက်ကွဲမှု ၊ ဝမ်းနည်းကြေကွယ်ဖွယ်ရာ အဖြစ်အပျက်များကို ဖြစ်ပေါ်စေနိုင်တယ်။

– (9)ဂဏန်းဟာ (3)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+ကြာသပတေး)= စီးပွားဖြစ်ထွန်းခြင်း ၊ တိုးတက်ထွန်းကားခြင်း ၊ စုတ်ကြီးလာဘ်ကြီးဝင်ခြင်း ၊ အချီကြီးကြံခြင်း ၊ အပွကြံခြင်း ၊ အကောင်းမြင်ဝါဒ အလွန်များပြားခြင်း ၊ ယုံကြည်မှု လွန်ကဲခြင်း ၊ တန်ခိုးအာဏာ သြဇာကြီးမားခြင်း ၊ တခဲနက် ထောက်ခံအားပေးခြင်း ကိစ္စများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (4)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+ယူရေးနပ်စ်) = ပေါက်ကွဲမှု ၊ မီးလောင်မှု ၊ ပြင်းထန်သော သဘာဝဘေးဥပဒ်  အန္တရာယ် ၊ ကပ်ကြီး(၃)ပါး ဆိုက်ရောက်ခြင်း ၊ မုန်းတီးခြင်း ၊ အထင်လွဲခြင်း ၊ လူမျိုးရေး/ဘာသာရေး ပဋိပက္ခများ ၊ ပြင်းထန်သော Accident များ ၊ မတော်တဆ ထိခိုက်မှုကြီးများ ၊ အဆင့်မြင့် နည်းပညာများကြောင့် ဒုက္ခမျိုးစုံ ရောက်ရမှု များကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (5)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+ဗုဒ္ဓဟူး) = လိမ်လည်မှု ၊ အလွဲသုံးစားလုပ်မှု ၊ လိမ်ညာဝါဖြန့်မှု ၊ ကောလာဟလ အကြီးအကျယ် ပေါ်ပေါက်ခြင်း ၊ အသင်းအဖွဲ့ ဂိုဏ်းဂဃများကြားတွင် အကြီးအကျယ် သဘောထား ကွဲလွဲမှု ၊ အဖွဲ့အစည်းများ နှင့် နိုင်ငံများအကြား တစ်ဖက်နှင့် တစ်ဖက် အထင်အမြင် လွဲမှားမှု ပဋိပက္ခများ ကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (6)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+သောကြာ) = လိင်ကိစ္စ ၊ ကာမဂုဏ် ကိစ္စ များနှင့် ပတ်သက်ပြီး နာမည်ပျက်ခြင်း ၊ အရှက်ကွဲခြင်းများ ဖြစ်ပေါ်မှု ၊ နာမည်ကျော် အနုပညာရှင်များ ၊ လူသိများသော ပုဂ္ဂိုလ်များ ရုတ်တရက် ကွယ်လွန်ခြင်း ၊ ဂုဏ်သိက္ခာ ကျဆင်းခြင်း များနှင့် ပက်သတ်သော အရှုပ်အထွေး/ပြဿနာ များကို ဖြစ်ပေါ် စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (7)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+နက်ပကျွန်း) = အလွန်မတည့်သော တွဲလုံးဖြစ်ပြီး  စက်ဆုပ်ဖွယ်ကောင်းသော လုပ်ကြံမှု ၊ ချောက်တွန်းမှု ၊ အောက်လမ်းပညာများဖြင့် စီရင်မှု ၊ သစ္စာဖောက်မှု ၊ ကိုယ်ကျိုးရှာမှု ၊ အလွန်ပြင်းထန်သော သဘာဝဘေးဥပဒ်များ ၊ ကြောက်မက်ဖွယ်ကောင်းသော ကူးစက်ရောဂါများ ၊ ချောင်းမြောင်းလုပ်ကြံမှုများ ၊  လက်သည် ရှာမရသော အမှုအခင်းကြီးများ ၊ ထောက်လှမ်းရေး စုံထောက်များ ပါဝင်နေသော အမှုအခင်း ကိစ္စများ ၊ ဘာသာရေးဆိုင်ရာ အဓိကရုဏ်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (8)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+စနေ) = အနိဌာရုံ အားလုံးကို ဖြစ်ပေါ်စေနိုင်သော အတွဲဖြစ်ပါတယ်။ လက်နက်ဘေး ၊ ရေဘေး ၊ မီးဘေး ၊ သူခိုး ဓားပြဘေး ၊ ယာဉ်ရထား လေယာဉ် သဘောၤ စတဲ့ ခရီးသွားလာရေး ယာဉ်များ မတော်တဆဖြစ်ခြင်း ၊ သဘာ၀ ဘေးဥပဒ် အားလုံး ၊ အလွန်ဝမ်းနည်းကြေကွဲဖွယ်ရာ ကိစ္စ ရပ်များ အားလုံးကို ဖြစ်စေနိုင်ပါတယ်။

(9)ဂဏန်းဟာ (9)ဂဏန်း နဲ့တွဲရင် (အင်္ဂါ+အင်္ဂါ) = (9)ဂဏန်းရဲ့ သတ္တိကို အဆပေါင်းများစွာ မြှင့်တင်ပေးမယ့် တွဲလုံးဖြစ်ပြီး အလွန်ကြောက်စရာကောင်းတဲ့ သဘာ၀ ဘေးဥပါဒ်ကြီးများကို ဖြစ်စေနိုင်ပါတယ်။ ရေ ၊ မီး ၊ မင်း ၊ ခိုးသူ ၊ မချစ်မနှစ်သက်သောသူ စတဲ့ ရန်သူ (၅)ပါး ဘေးဥပဒ်များ ကြုံတွေ့စေနိုင်ပါတယ်။ (9) ဂဏန်း ပူးယှဉ်များလေလေ ဘေးဒုက္ခ အန္တရာယ် ကြီးမားလေလေ မှတ်ယူရပါမယ်။

ဥပမာ – ယခုနှစ် ဇန်နဝါရီလ (12)ရက်နေ့ “ဟေတီနိုင်ငံ” မှာ လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြီးကို လေ့လာကြည့်ရင် – ဇန်နဝါရီလဟာ (9)ဂဏန်း စိုးမိုးရာ လ, ဖြစ်ခြင်း ၊ (12)ရက်နေ့ဟာ အင်္ဂါဂြိုဟ် လွှမ်းမိုးသည့် နေ့ဖြစ်ခြင်း ၊ ထိုနေ့သည် အင်္ဂါနေ့ဖြစ်ခြင်း ဆိုတဲ့ အင်္ဂါဂြိုဟ် (၃)ထပ်ကွမ်း ပါဝင်နေတာ တွေ့ရပါမယ်။

ဒါကြောင့် အခြားနေ့တွေမှာ လှုပ်ခတ်ခဲ့သည် ငလျှင်များနှင့် မတူအောင် လူအသေအပျောက် များရခြင်း ဖြစ်ပါတယ်။

ကမ္ဘာကျော်သွားတဲ့ (9/11) အရေးအခင်း ဖြစ်ပွားတဲ့ နေ့ဟာလည်း အင်္ဂါနေ့ ဖြစ်နေတာကြောင့် အဲဒီနေ့ကလည်း (9) ၃ထပ်ကွမ်း ဖြစ်တဲ့နေ့ ပါဘဲ။

= ဒါကြောင့် အင်္ဂါဂြိုဟ်ဆိုတဲ့ (9)ဂဏန်းဟာ တနင်္လာဂြိုဟ်(2)ဂဏန်း / ယူရေးနပ်စ်(4)ဂဏန်း / နက်ပကျွန်း (7)ဂဏန်း / စနေ (8)ဂဏန်း / (9)ဂဏန်း အချင်းချင်း – များနှင့် ပူးယှဉ်မယ်ဆိုရင် အလွန်ပြင်းထန် ကြီးမားတဲ့ အနိဌာရုံများကို ဖြစ်စေနိုင်ပါတယ်။

= နောက်ဆုံးတစ်ခုအနေနဲ့ အင်္ဂါဂြိုဟ် (9)ဂဏန်း လုံးဝမပါဘဲ – အင်္ဂါဂြိုဟ်ရဲ့ စွမ်းအားတွေ အပြည့်အ၀ ပေးနိုင်တဲ့ ဂြိုဟ်အတွဲ / ဂဏန်းအတွဲလေး တစ်ခုကို လက်ဆောင်ပေးပါဦးမယ်။ သင်္ချာဗေဒပညာရှင်တွေ – လျှို့ဝှက်ထားတဲ့ ကိစ္စတစ်ခုပါ။ အဲဒါကတော့ “တနင်္လာ နဲ့ သောကြာ အတွဲ” (တနည်း) (2)ဂဏန်း နဲ့ (6)ဂဏန်း အတွဲ ပါဘဲ။ ဘာ အင်္ဂါဂြိုဟ်/ ဘာ(9)ဂဏန်း မှ မပါပါဘူး။ ဒါပေမယ့် အင်္ဂါဂြိုဟ် နဲ့ စနေဂြိုဟ် (၂)လုံးပေါင်းထားတဲ့ စွမ်းအင်မျိုး ပေးစွမ်းတတ် ပါတယ်။ ကြောက်စရာ အတွဲပါ။ ပြန်ပြီး သုတေသန ပြုချင်ရင် အနီးစပ်ဆုံး 2008 ခုနှစ် – လူသိန်းနဲ့ချီပြီး သေဆုံးခဲ့တဲ့ “နာဂစ်” မုန်တိုင်း ဖြစ်တဲ့ နေ့ကို ပြန်ကြည့်လိုက်ပါ။ အင်္ဂါ ၊ စနေ ၊ ယူရေးနပ်စ် လွတ်ပါတယ်။ မေလ (၂)ရက် သောကြာနေ့ပါ။ (2)ဂဏန်း (၂)လုံး ၊ (6)ဂဏန်း (2)လုံး ပါဝင်နေပါတယ်။ ရှာကြည့်ပါ။

ဒီနေ့အတွက်တော့ ဒီမျှလောက်ပါဘဲ။

အလည်လာ ဖတ်ရှုသူအပေါင်း ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)

You May Also Like
Read More

အမေရိကန်နိုင်ငံ , ဘားရတ် အိုဘားမား နဲ့ (၄) ဂဏန်း

ကျွန်တော်တို့မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်၊နက္ခတ်ဗေဒင်ပညာရပ်တွေနဲ့ ကြိုတင်ခန့်မှန်း ထားသလိုဘဲ ဘားရတ်အိုဘားမား ကတော့ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတ တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အမေရိကန် နိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းတင်သွားတဲ့ ရွေးကောက်ပွဲ တစ်ခု…
Read More

(6 ဂဏန်းသမားများ အကြောင်း တစေ့တစောင်း)

အလှနတ်သမီး ဗီးနပ်စ် ရုပ်ထု ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ အင်တာနက် လစဉ်ကြေးနောက်ကျလို့အဖြတ်ခံရတာရယ် , ကျွန်တော် ခရီးသွားမယ်ဆိုပြီး စီစဉ်လိုက်တာ ရယ်ကြောင့် ပုံမှန်တင်ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်း လေးပျက်သွားတယ်ဗျာ။…