စာရေးသူဟာ (၁၀)တန်းကျောင်းသား ဘဝလောက်ကတည်းက “ဝိပဿနာ” နဲ့ စ, ပြီး ထိတွေ့ခဲ့ပါတယ်။ ဒါပေမယ့် “အသိ” သာရှိပြီး “လက်တွေ့” သိပ်မလုပ် နိုင်ခဲ့ပါဘူး။ တရားစခန်း (၃) (၄)ကြိမ်လောက် ဝင်ခဲ့ပေမယ့် တရားစခန်းလည်း ထွက်ရော ဒုံရင်း ဒုံရင်းပါဘဲ။ အသက်ကလည်း ငယ်သေးတာကိုး။
အသက် (၃၅) နဲ့ (၄၀)ကြားမှာ အင်မတန်ကြီးမားတဲ့ ဘဝလောကဓံတွေ နဲ့ ကျန်းမာရေး ချို့ယွင်းမှုတွေကို ကြုံတွေ့ လာရချိန်မှာတော့ (လောကဓံကို ခံရသူတွေရဲ့ ထုံးစံအတိုင်း) တရားကိုဘဲ ပြေးဖက်မိပါတော့တယ်။ ဝိပဿနာ နည်းလမ်း တွေ အများကြီး ရှိပေမယ့် ဘယ်ဟာကိုမှ အစွဲမထားဘဲ ကောင်းတဲ့ တရားမှန်သမျှ လေ့လာကြည့်မိတာ ချည်းပါဘဲ။
“မိုးကုတ်” နည်းကို အဓိကထားတယ် ဆိုပေမယ့် “မဟာစည်” ကိုလည်း လေ့လာပါတယ်။ “သဲအင်းဂူ” လည်း တီးခေါက် မိပါတယ်။ “စွန်းလွန်း” နည်းကိုလည်း ကျင့်ဘူးပါတယ်။ “လယ်တီနည်း၊ ဦးဂိုအင်ကာနည်း” တွေလည်း ချန်မထားပါဘူး။ နောက်ပိုင်း ပေါ်လာတဲ့ “အဝိဇ္ဇာမှ ဝိဇ္ဇာ” သို့ တို့၊ “ချစ်ငယ် ဒဿန” တို့၊ “သန့်၊ တည်၊ ပွား” တို့လည်း လေ့လာပါတယ်။ (မိုးပြာဂိုဏ်းတော့ မပါပါဘူး၊ ဒီဂိုဏ်းက ဗုဒ္ဓဘာသာလုံး၀ မဟုတ်ပါဘူး၊ ဗုဒ္ဓကို ဘန်းပြပြီး ဘာသာအသစ်တစ်ခု တည်ထောင် နေတာလို့ဘဲ မြင်ပါတယ်)
ကျန်တာတွေကတော့ သူ့ဟာနဲ့သူ ကောင်းကြတာချည်းပါဘဲ။ ဒါပေမယ့် အားလုံးထဲမှာတော့ “မိုးကုတ်ဆရာတော်ကြီး” ရဲ့ တရားကိုတော့ ပိုပြီးနှစ်ခြိုက်မိတယ်။ ကိုယ့် ဓာတ်ခံနဲ့ ကိုက်ညီတယ်။ နောက်ပြီး မိုးကုတ်ဆရာတော်ကြီးဟာ သူ့နည်းလမ်း မှန်တယ်ဆိုတာကို “ခန္ဓာနဲ့သက်သေပြ” ပြီးတာမို့ ယုံမှားစရာ မရှိပါဘူး။ သူ့နည်းလမ်းအတိုင်း ကျင့်ကြံကြပြီး “ရဟန္တာ” ဖြစ်သွားကြတာလည်း မနည်းတော့ပါဘူး။ ဒါကြောင့် တိုတောင်းလှတဲ့ လူ့ဘဝလေးထဲမှာ “ဆရာမမှားချင်လို့” မိုးကုတ်နည်း ကိုဘဲ အဓိကထားပြီး ကျင့်ကြံပါတယ်။
မိုးကုတ်ဆရာတော်ကြီး ခန္ဓာဝန်ချပြီးတဲ့ နောက်မှာ သူ့ရဲ့ နည်းလမ်းတွေကို ထပ်ဆင့်ပွားများ ရှင်းပြကြတဲ့ “မိုးကုတ် ဓမ္မကထိက” တွေ ဟောတစ်ပါး၊ ဟောတစ်ပါး ဆိုပြီး ပေါ်ထွက်လာကြပါတယ်။ ကျွန်တော့်ရဲ့ ဇာတိမြေဖြစ်တဲ့ “ဆင်ဖြူကျွန်း ဆရာတော် “ဦးဓမ္မသာရ” ဆိုရင် အလွန်ထင်ရှားပါတယ်။ ဆရာတော် ခန္ဓာဝန်ချတဲ့အချိန် မီးသဂြိုဟ်ချိန်မှာ “ဓာတ်တော်” မကျသေးပေမယ့် နောက်ပိုင်း ခန္ဓာဝန်မချခင်က “ချ” ထားတဲ့ ဆံတော်တွေဟာ လုံးဝန်းပြီး ဓာတ်တော်တွေ ဖြစ်လာပါတယ်။ (ဆင်ဖြူကျွန်း မိုးကုတ်ရိပ်သာမှာ သွားရောက်လေ့လာနိုင်ပါတယ်)
ပြောခဲ့သလိုဘဲ ဆရာတော်ကြီးဟောတဲ့ တရားတွေကို ပြန်လည်ဖွင့်ဆိုကြတဲ့ မိုးကုတ်ကမ္မဌာနစရိယဆရာတော်တွေဟာ သူ့ဟာနဲ့ သူ ကောင်းကြပါတယ်။ ဒါပေမယ့် မိုးကုတ် ဆရာတော်ကြီး ကိုယ်တိုင်ဟောထားတဲ့ တရားတွေကို နာရသလောက် အရသာ မတွေ့လှဘူး။ ဆရာတော်ကြီးကို မှီအောင် ဟောပြောနိုင်သူ မရှိလှဘူး။ (ဒါကကျွန်တော့် ကိုယ်ပိုင် ခံစားချက်ပါ)
ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ စင်္ကာပူမှာနေတဲ့ အမလတ်က လှမ်းပို့လိုက်လို့ ဆရာတော်တစ်ပါးရဲ့ တရားခွေ(MP3) တစ်ခွေကို နာကြည့်လိုက်တဲ့အခါမှာ . . . . . . ဟာ ! မိုးကုတ်ဆရာတော်ကြီးရဲ့ ခြေရာကို ထပ်တူထပ်မျှ နင်းနိုင်တဲ့ သာသနာ့ အာဇာနည်တစ်ပါး ပေါ်ထွန်းလာပါပြီပါကော လို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်လိုက်ရပါတော့တယ်။
အဲဒီ ဆရာတော်ကတော့ – မြောက်ဦးဆရာတော် လို့ အမည်တွင်တဲ့ “ဝနဝါသီ အရှင်ဝါယာမိန္ဒ” ဘဲ ဖြစ်ပါတော့တယ်။ ရခိုင်လူမျိုးဖြစ်ပြီး တောင်ကုတ်မြို့နယ်၊ မအီချောင်း ဇာတိဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ သင်္ချိုင်းကုန်းတွေမှာ “သုဿာန်ဓူတင်” ဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံ ၊ မလေးရှားနိုင်ငံ ၊ အမေရိကန် နိုင်ငံများထိအောင် ဝိပဿနာတရားများ ဖြန့်ဖြူးလျှက် ရှိပေမယ့် မြန်မာနိုင်ငံထဲမှာတော့ လူသိနည်းပါသေးတယ်။
ဆရာတော့်အကြောင်းကို အင်တာနက်ပေါ်မှာ လိုက်ရှာရင်းနဲ့ ဆရာ့တော်ရဲ့ ကိုယ်ပိုင် ဝက်ဆိုဒ် တစ်ခု ရှိနေတာကို ဝမ်းသာ အားရတွေ့လိုက်ရပါတယ်။ ဒီဆိုဒ်မှာ MP3 တရားတွေကို Download လုပ်ပြီး နာကြားနိုင်ပါတယ်။ ကျွန်တော် သိပ်ညွှန်းနေတယ် ထင်မှာစိုးလို့ တရားတစ်ပုဒ်လောက် Download လုပ်ပြီး နာကြည့်လိုက်ပါ။ ဘယ်လောက် ထူးခြားတယ် ဆိုတာ သိသွားပါလိမ့်မယ်။
မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတွေကတော့ ဝိပဿတရားနဲ့ အထိအတွေ့နည်းသေးသူတွေအတွက် နဲနဲ “မြင့်”ပါတယ်။ နားလည်ဖို့ ခက်တတ်ပါတယ်။ မြောက်ဦးဆရာတော်ရဲ့ တရားတွေကတော့ ရှင်းလင်းပြတ်သားပြီး၊ ဥပမာ ဥပမေယျကလည်း အလွန်ကောင်းလှတာမို့ တရားအထိအတွေ့နည်းသူများ၊ လူငယ်များနဲ့ ပိုမိုသင့်တော်ပါတယ်။ ကဲဗျာ – ပြောနေတာ ကြပါ တယ်။ ဒီ ဝက်ဆိုဒ်ကို သွားပြီးသာ လေ့လာကြည့်လိုက်ပါ။
Web Address : http://myautoosayadaw.com/
ဒီပုံကတော့ ဆရာတော် စင်္ကာပူမှာ တရားပြနေစဉ် ဘုရားစင် သောက်တော်ရေခွက်မှ ရေတွေဆူနေပုံပါ
ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် တစ်ပါးဖြစ်လို့ “ဓမ္မမိတ်ဆွေများ” ကို မျှဝေခံစားနိုင်အောင် တင်ပေးလိုက်တာပါ။
မြန်မာနိုင်ငံအတွင်း မှ Download လုပ်ရန်ခက်ပါက ဆရာတော်ရဲ့ တရားခွေ (MP3) ၁၆၆ ပုဒ် ပါတဲ့ DVD တရားခွေကို ဒါနပြုပေးနေပါတယ်။ “ကွန်ပျူဗေဒသုခုမ” ဖုန်းနံပါတ် ၀၁-၂၂၈၆၆၅ ကို ဆက်သွယ်ပြီး လိပ်စာမေးကာ လာရောက် အလှူခံယူ နိုင်ကြပါပြီ။
(တိုတောင်းလှသောလူ့ဘဝကိုရလာပြီး တွေ့ဖို့ခဲယဉ်းလှသော တရားစစ်၊ တရားမှန်နဲ့ တွေ့နေကြချိန်မှာ လောကီအလုပ် တွေချည်းသာ လုပ်နေပြီး တန်ဖိုးရှိလှတဲ့ လူ့ဘဝကို ဖြုန်းတီးမပစ်ကြပါနဲ့လို့ စေတနာနဲ့ တိုက်တွန်းလိုက်ရပါသည် ခင်ဗျား။
.
ဆရာတော်၏ သုဿန်ဓူတင် အတွေ့အကြုံများ (ပြန်လည်ကူးယူဖော်ပြပါသည်) အပယ် (၄)ဘုံ မရှိဘူးလို့ ထင်သူ များအတွက် – – သင်္ခန်းစာယူဖွယ်ပါ။
.
ဤအရှင်သည် သုဿာန်ပေါင်း ၂၀ မှာ တရား အားထုတ်ခဲ့ဖူးသည်။ ဤအရှင်သည် ကြောက်တတ်သူ ဖြစ်သည့်အတွက် “လန့်ဖွယ် ထိတ်ဖွယ် ပုံသဏ္ဌာန်တွေ၊ အသံတွေ မကြားရ မမြင်ရပါစေနဲ့” ဟု အဓိဋ္ဌာန်တင်ပြီး တရားအားထုတ်ခြင်း ဖြစ်သည်။
တရား အားထုတ်သည့်အခါ မေတ္တာပို့ခြင်း၊ အမျှဝေခြင်း ကိုလည်း အထူး အာရုံစိုက်ပြီး လုပ်သည်။ အချိန်လည်း ပေးသည်။ တရားအားထုတ်သူများ တွေ့ကြုံရလေ့ရှိသည့် အမျိုးမျိုးသော အာရုံများ တွေ့ရမည်ဟုလည်း တွက်ဆထားပြီး ဖြစ်သည်။ ပေါ်လာသည့် အာရုံမှန်သမျှကို အဖျက်တွေဟု သိပြီး မသိမ်းပိုက်ထားမိဖို့ ကမ္မဋ္ဌာန်း နည်းပြ ဆရာများ၏ ဆုံးမ သွန်သင်မှုများကလည်း နားထဲ စွဲနေသည်။ (၂၉-၉-၀၇)
သုဿာန် တစ်ခုနှင့်တစ်ခု ဓုတင်ဆောင်ခဲ့သော ကာလကမူ မတူ။ တစ်ချို့သုဿာန်၌ ခုနစ်ရက်၊ တစ်ချို့ သုဿာန်၌ ဆယ်ရက်၊ တစ်ချို့ သုဿာန်၌ ဆယ့်ငါးရက်၊ အချို့မှာ တစ်လ စသည်ဖြင့် ရှိသည်။
လန့်စရာ ထိတ်စရာ အာရုံတွေ အသံဗလံတွေ မမြင်ရ၊ မကြားရပါစေနဲ့ဟု အဓိဋ္ဌာန် ထားသော်လည်း မြင်ရသည့် အာရုံတွေကလည်း များလှသည်။ ညည်းညူနေသံ၊ ညည်းတွား အော်ဟစ်သံတွေ ကလည်း အော်ဂလီ ဆန်ချင်စရာ ကောင်းသည်။ မြင်ရသည့် အာရုံတွေကလည်း ထိတ်လန့် ချောက်ချားစရာ ဖြစ်သည်။
မည်းမည်း အကောင်ကြီးတွေ သုဿာန်တိုင်း လိုလိုမှာ တွေ့ရသည်။ လူလိုလို အကောင်တွေ၊ အချို့က ခေါင်းမပါ၊ အချို့က ခေါင်းသာ မြင်ရသည် ကိုယ်ကို မတွေ့ရ၊ ရုပ်ဆိုးအကျည်းတန် သတ္တဝါတွေလည်း မျိုးစုံသည်။ အဝတ်မပါ ဗလာ လူယောကျ်ား၊ လူမိန်းမတွေ စုံသည်။ မိန်းမတွေက ဆံပင်ဖားလျား ချလို့၊ ဤ အရှင်၏ ရှေ့မှ ဖြတ်သွားဖြတ်လာ လုပ်ကြသည်။ အချို့က တိုတို၊ အချို့က ရှည်မျောမျော၊ အပေါ်ပိုင်း ခန္ဓာရှည်ပြီး အောက်ပိုင်း ခြေထောက်တွေ တိုတိုပံမျိုး ပါသလို၊ အပေါ်ပိုင်း ခန္ဓာက ပုတိုတို၊ အောက်ပိုင်း ခြေတံ ရှည်လျားလျားလည်း ပါသည်။
ခန္ဓာကိုယ်က အချွန်အတက်တွေ ထွက်နေသော သတ္တဝါတွေလည်း တွေ့ရသည်။ တွေ့ရသမျှ သတ္တဝါများသည် ဤအရှင်အား ကျောခိုင်း ထိုင်နေကြသည်သာ များသည်။
နွားတွေလို ချိုနှစ်ချောင်းနှင့် သတ္တဝါတွေလည်း ပါသည်။ အချို့အကောင်များ၏ မျက်လုံးတွေက စကောလောက် ကြီးသည်။ အချို့အကောင်တွေ၏ ပါးစပ်က တအားကျယ်သလောက် အသံကျတော့ သေးသေးလေး ဖြစ်သည်။ တချို့အကောင်တွေ၏ ပါးစပ်ကျပြန်တော့ သံမှိုပွင့်လောက်ပဲ ရှိသည်။
တစ်ခါတစ်ရံ ဤအရှင်၏ အနားမှ မြေကြီးထဲက ထိုးထွက်လာသလိုမျိုး တွေ့ရသည်။ သစ်ပင် ပင်စည်ကြီးထဲ လူခေါင်းတွေ ပြူထွက်လာပြီး ဤအရှင်အား မျက်လုံးပြူး ကြည့်နေသည်ကိုလည်း မြင်ရသည်။
သုဿာန် တစ်ခုမှာတော့ သချုႋင်းဂူကြီး တစ်လုံးက လှုပ်လာပြီး မည်းမည်း အကောင်ကြီး တစ်ကောင် ထွက်လာသည်။ ဤအရှင်အား လာကြည့်ပြီး သူ့ဂူထဲ ပြန်ဝင်သွားသည်။ ဂူထဲမှ ထွက်လာတော့လည်း အပေါက်ဟူ၍ မရှိ၊ ပြန်ဝင်သွားတော့လည်း အပေါက်မတွေ့။
သင်းပိုင် အစုတ်နှင့် ဘုန်းကြီးလိုလို ပြိတ္တာကြီးကိုလည်း မြင်တွေ့ရ ဖူးသည်။ ထိုဘုန်းကြီး၏ ပါးစပ်မှာ လောက်တွေက အပြည့်၊ နှာခေါင်းအရင်းကနေ မေးလောက်အထိ လောက်တွေက တဖွားဖွား ကိုက်စားနေသည်။
ဤ မကောင်းသော အနိဋ္ဌာရုံတွေကို မြင်တိုင်း မြင်တိုင်း ဤအရှင်သည် ဘဝသံသရာ အဆက်ဆက်က ဆွေမျိုး တော်စပ်ခဲ့ဖူးသူများ ဖြစ်လေမလားဟု ဆင်ခြင်မိ၏။
“သစ္စာမသိ၊ ဒိဋ္ဌိမကျ၊ ပုဂ္ဂိုလ်မှာလျှင်၊ လူတွင်စကြာ၊ နတ်မှာသိကြား၊ မိုးဖျားဗြဟ္မာ၊ ဖြစ်တုံပါလည်း၊ ခန္ဓာပြိုကွဲ၊ ကုသိုလ်စဲက ဖောက်လွဲပယ်ရွာ၊ ရောက်မြဲသာတည်း”
ဒိဋ္ဌိ မပြတ်သေးသရွေ့ အပါယ်ဘေးမှ မလွတ်နိုင်ကြောင်း ဘုရားရှင်က ဆိုမိန့်ခဲ့သည်။ ထို့ကြောင့် ပုထုဇဉ်တို့၏ အမြဲနေရမည့် စံအိမ်သည် အပါယ်လေးဘုံသာ ဖြစ်သည်ဟု နှလုံးပိုက်ထားဖို့ သင့်ကြသည် မဟုတ်ပါလား။
ဤအရှင် နားလည်မိသည်မှာ ပြုမှားမိခဲ့သော အကုသိုလ်ကံတွေက “ခေါင်း” အမျိုးစုံအောင် ပြောင်းလဲပေးနေခြင်း ဖြစ်သည်။မြတ်စွာဘုရားရှင် ဟောကြားခဲ့သော ပေတဝတ္ထုတိုတွေ ထဲမှာလည်း ပါသည်။ နေ့စံ၊ ညခံ၊ နေ့ဘက်မှာ သုခ စံနေရသူတွေ ဒုနှင့်ဒေး ဖြစ်သည်။ ယခု ဤအရှင်ကိုပြသော အာရုံတွေကိုကြည့်၊ အမျိုးမျိုး အဖုံဖုံ ဆင်းရဲဒုက္ခတွေက ကြီးလွန်းလှသည်။
ဤအရှင်သည် ပေါ်လာသမျှသော အနိဋ္ဌာရုံ အာရုံများကို ပေါ်တိုင်းပေါ်တိုင်း ဖျောက်ပစ်ပါ၏။ အချို့သော အာရုံများက ဤအရှင် မေတ္တာပို့ အမျှဝေလိုက်သည့် အခါ ချက်ချင်း ပျောက်သွား၏။ အချို့က မပျောက်၊ အတော်ကြီးကြာကြာ မေတ္တာပို့၊ အမျှဝေတော့မှ ပျောက်သွားသည်။ အာရုံများက ပျောက်သွားကြသည်။ အသစ်အသစ် အာရုံတွေလည်း တိုး၍တိုး၍ ပေါ်လာသည်။ တရားအမှတ် ပျက်လောက်အောင် ဖြစ်သည်။ မေတ္တာပို့ အမျှဝေလိုက်၊ ပျောက်သွားလိုက်၊ ပေါ်လာလိုက် မေတ္တာပို့လိုက် လုပ်နေရသည်။
တစ်ခါတစ်ရံတော့လည်း ဤအရှင်သည် ပေါ်လာသမျှသော အာရုံများကို သံသရာ ဆွေမျိုးတွေ ဖြစ်မည်၊ အမျှဝေတာကို သာဓု ခေါ်ချင်လို့ လာကြတာ ဖြစ်မည်ဟူသော အတွေးနှင့် “တရား ဟောပေးမည်၊ တရားနာ လာကြကုန်လော့” ဟု ဖိတ်ကြားကာ ပရိတ်ကြီး ၁၁-သုတ်၊ ဓမ္မစကြာသုတ်၊ အနတ္တ လက္ခဏသုတ်၊ ပဋ္ဌာန်း ပစ္စယုဒ္ဒေသတို့ကို ရွတ်၊ သရဏဂုံပေးပြီး ပြုခဲ့သမျှသော ကုသိုလ်တို့ကို အမျှ ပေးဝေခဲ့သည်။ သံသရာ ဆွေမျိုးတွေကို ကျေးဇူးဆပ်ခွင့် ရနေသည့်အတွက် ဤအရှင်မှာ ကျေနပ်နေပါသည်။
အချို့ သုဿာန်တွေက အတော်ကြမ်းသည်။ အနံ့အသက်တွေက မကောင်း၊ အသက်ရှူရ ခက်လောက်အောင် ဖြစ်သည်။ မြင်ရသည့် အာရုံတွေကလည်း ဆိုးမှဆိုး၊ စစ်တွေ သုဿာန်မှာ ကြုံရသည်က တစ်မျိုး ဖြစ်သည်။
လူလေးယောက် လူသေခေါင်းကြီး တစ်ခုကို ရှေ့နှစ်ယောက်၊ နောက်နှစ်ယောက် ထမ်းလာနေကြသည်။ ဤအရှင်နား ရောက်သည့် အခါ အခေါင်းကြီးကို ချပြီး “ကောက်ထည့်ကွာ၊ ကောက်ထည့်” ဟု တစ်ယောက်က အမိန့်ပေးသည်။ ဤအရှင်ကို အခေါင်းထဲ ကောက်ထည့်ခိုင်းခြင်း ဖြစ်သည်။ အမိန့်သာပေးသည် တစ်ယောက်မှ ကောက်မထည့်၊ နောက်တော့ “မထည့်လျှင်လည်း နေကွာ” ဆိုပြီး ထိုအခေါင်းကြီးကို ပြန်ထမ်းသွားကြသည်။
တစ်ရက်မှာလည်း ဤအရှင် တရားမှတ်နေတုန်း လက်မောင်း တစ်ဖက်ကို အေးစက်စက် အရာကြီးနှင့် အကပ်ခံလိုက်ရသလို ဖြစ်သည်။ ရှည်လျားသော လျှာကြီးနှင့် အလျက်ခံလိုက်ရသလို ခံစားလိုက်ရခြင်း ဖြစ်သည်။ ဤအရှင် တရားအမှတ် ပျက်လောက်အောင်ပင် ဖြစ်ရသည်။
ဤအရှင်အား ကျောက်တုံးကြီးနှင့် ဖိသတ်ရန် လာသော ပြိတ္တာကြီး တစ်ကောင်ကိုလည်း တွေ့ဖူးသည်။ ကျောက်တုံးကြီး တစ်တုံးကို လှိမ့်ကာ လှိမ့်ကာနှင့် လာနေခြင်း ဖြစ်သည်။ ဤအရှင်နား ရောက်လာသည်။ မေတ္တာပို့ အမျှဝေတော့ ပျောက်သွားသည်။
တွေ့ရသမျှ၊ မြင်ရသမျှသော အာရုံများကို ရေးလျှင် များစွာရှိသေးသည်။ အကုသိုလ်၏ အကျိုးပေးကို သံဝေဂ ယူနိုင်ကြစေရန် ရည်ရွယ်ပြီး အနည်းငယ် ဖော်ထုတ် ရေးပြလိုက်ခြင်း ဖြစ်ပေသည်။