တော်ဝင်တို့ရဲ့ မင်္ဂလာပွဲ

ပြီးခဲ့တဲ့ ဧပြီလ (၂၉)ရက်နေ့ကတော့ အင်္ဂလန် တစ်နိုင်ငံလုံးမှာ အုတ်အော် သောင်းတင်း ဖြစ်ရတဲ့ မင်္ဂလာ အခမ်းအနားကြီး တစ်ခု ကျင်းပခဲ့တာကို Sky Net ရုပ်သံလိုင်းကနေ Live လွှင့်ပေးတာကို ကြည့်လိုက်ရသဗျာ။ အတော့်ကို ကြီးကျယ် ခမ်းနားတာကလား။ မြန်မာနိုင်ငံက နာမည်ကြီး ရုပ်ရှင်မင်းသမီး မင်းသားတို့ရဲ့ ကြီးကျယ်လှပါတယ်ဆိုတဲ့ မင်္ဂလာပွဲနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ “ရပ်ကွက်အငြိမ့် နဲ့ အော်ပရာပြဇာတ်” ဆိုတာလို ဖြစ်နေတော့တာကိုး။

အေးလေ ဟိုက နိုင်ငံတစ်ခုရဲ့ အိမ်ရှေ့စံမင်းသားဆိုတော့ “ဂလောက်တော့ ရှိမှာပေါ့” ။ သူတို့ နိုင်ငံက လူတွေကလည်း ကိုယ့်နိုင်ငံရဲ့ ဘုရင့် မိသားစုများဆိုရင် ချစ်လိုက် လေးစားလိုက်ကြတာများ အားကျဖို့တောင် ကောင်းသေး။

ကျွန်တော်တို့လို အသက်(၅၀)အရွယ် အဖိုးကြီးတွေအတွက်တော့ ဒီလို မင်္ဂလာအခမ်းအနားတွေဟာ စိတ်ဝင်စားစရာ မရှိလှတော့ပါဘူး။ လက်မထပ်ရသေးတဲ့ လူပျို အပျိုတွေ အတွက်တော့ အင်မတန် ကြည့်လို့ မဝနိုင်တဲ့ ပွဲလမ်း အခမ်းအနား တစ်ခု ဖြစ်မှာပေါ့ဗျာ။ သူ့ခေတ်နဲ့ သူကိုး။

ဒီလို မင်္ဂလာအခမ်းအနားတွေ ရိုက်ပြတာကို ဘယ်လိုမှ စိတ်မဝင်စားမိပေမယ့် ကျွန်တော် အတော် စိတ်ဝင်စားမိတဲ့ ကိစ္စတစ်ခုကတော့ ရှိသဗျို့။ တော်တော်ကို စိတ်ဝင်စားစရာပါဗျာ။ (ကိုယ့်လိုင်း လေ)

အဲဒါကတော့ မင်္ဂလာဆောင် ကျင်းပတဲ့ ရက်မြတ်မင်္ဂလာ ဖြစ်တော့သကိုး။ ကြည့်ပါဦးဗျာ။ ရွေးလိုက် ကြတာ။ ဧပြီလ (၂၉)ရက် တဲ့။ မြတ်စွာဘုရား။ ဘယ်လို ဖြစ်ရတာပါလိမ့်။ ဒီလောက်ဆိုးဝါးတဲ့ ရက်ကိုများ ဘာလို့ ရွေးမိလိုက်ကြပါလိမ့်လို့ (သူတို့အစား) အချောင်တွေး ပူမိလိုက်ပါတယ်ဗျာ။ ကာယကံရှင်တွေကတော့ ပျော်လို့ ရွှင်လို့ပေါ့။

ဒီလို ပညာရပ်တစ်ခုကို လေ့လာဆည်းပူးထားပြီး လက်တွေ့လည်း အတွေ့အကြုံရှိတဲ့သူတွေက ပူပင် သောက ရောက်နေချိန်မှာ ဘာမှမသိတဲ့ လူတွေက အပျော်ကြီး ပျော်နေကြတာမျိုးတွေကို တွေ့တိုင်း ပြီးခဲ့တဲ့ (၃)နှစ်ကျော်ကာလ နာဂစ် မုန်တိုင်းကြီး မြန်မာနိုင်ငံကို ဝင်တော့မယ့် အချိန်ကို သွားပြီး အမှတ်ရမိတယ်ဗျာ။ (ဒီနေ့ နာဂစ် (၃)နှစ်မြောက်နေ့မို့ ဒီအကြောင်းလေး ကြားဖြတ်ပြီးတော့ ပြောလိုက်ပါဦးမယ်)

၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းကြီး မတိုက်ခတ်မှီ (၂)ရက် (၃)ရက် အလိုလောက်ကတည်းက အိမ်နီးနား ချင်းနိုင်ငံတွေ (အထူးသဖြင့် အိန္ဒိယ နိုင်ငံ) ကနေ ဒီ မုန်တိုင်းကြီးဟာ မြန်မာနိုင်ငံထဲကို ဖြတ်ဝင်မှာ သေချာသလောက် ရှိကြောင်း ၊ ဝင်ရင်လည်း (တိုင်းထွာချက်များအရ) အင်အားအလွန်ကြီးမားမှာ မို့ လူပေါင်း မြောက်များစွာ သေကြေပျက်စီးရမှာ ဖြစ်ကြောင့် အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။

ပေးမှာပေါ့။ သူက ခဏခဏ ခံထားရတဲ့သူ ဆိုတော့ အတွေ့အကြုံက ရှိပြီးသားကိုး။ အိန္ဒိယ သမုဒ္ဒရာ နဲ့ ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပြီ ဆိုရင်လည်း အကြိမ် (၁၀၀)မှာ (၈၀)လောက်က ဘင်္ဂလားဒေရှ့် နဲ့ အိန္ဒိယကဘဲ ကံထရိုက်ဆွဲထားသလား အောက်မေ့ရအောင် ဒီနိုင်ငံတွေဆီကိုဘဲ ပြေးဝင်နေကြဆိုတော့ ကျုပ်တို့ မြန်မာတွေကတော့ ခပ်အေးအေးဘဲပေါ့။

ဒီတော့ ကိုရွှေအိန္ဒိယကြီးက ပူပင်စိတ်ကြီးမားစွာနဲ့ ရေတပ်သင်္ဘောတွေပေါ် ကယ်ဆယ်ရေး ရိက္ခာတွေ တင်။ ဆေးဝါးတွေ တင်ပြီး မုန်တိုင်းဝင်တာနဲ့ မြန်မာနိုင်ငံဆီ ချက်ခြင်းရောက်သွားအောင်  ပြင်ဆင်နေကြသဗျ။

အဲဒီ အချိန်မှာ ကိုရွှေဗမာတွေက ဘာလုပ်နေတယ် ထင်သတုံး။ မင်္ဂလာ ဆောင်တဲ့သူကဆောင်။ အလှူပေးတဲ့လူက ပေး။ ဘောလုံးပွဲ ကြည့်တဲ့သူကကြည့်နဲ့။ ဖြစ်ပုံများ။ စိတ်လည်း မကောင်းစရာပါ။ မကြာခင် ရောက်လာတော့မယ့် “မရဏမင်းကြီး” ကို မထီမဲ့မြင် လုပ်ကြပုံများ။

သက်ဆိုင်ရာတွေကရော သတိမပေးဘူးလို့များ အပြစ်မတင်ကြပါနဲ့ဗျား။ ဖျာပုံ နယ်ထဲမှာ ရှိတဲ့ (မသေဘဲ လွတ်မြောက်လာတဲ့ ဆွေမျိုးတစ်ဦးရဲ့ ပြောပြချက်အရ) မုန်တိုင်းမဝင်ခင် (၄-၅-၆) နာရီ လောက်ကြိုကတည်းက စက်လှေတွေပေါ်မှာ အသံချဲ့စက်တပ်ပြီး ကမ်းနားတစ်လျှောက် ၊ ချောင်းကြို မြောင်းကြားတစ်လျှောက် တောက်လျှောက်အော်နေတာပါတဲ့။ ဒါပေမယ့် သူကိုယ်တိုင်တောင်မှ “ကျားထိုးမပျက်ပါဘူး” တဲ့။ ဘယ်သူမှ သောက်ရေးလုပ်ပြီး နားထောင်မနေပါဘူးတဲ့။ အေးလေ – ဒါမျိုးကို တွေ့ဖူးကြုံဖူးတဲ့ သူမှ မရှိတာ။ ရွာမှာ အသက်အကြီးဆုံး လူတွေတောင်မှ မတွေ့ဘူးပါဘူး ဆိုမှ ဘယ်သူ့ကို အပြစ်တင်ရတော့မှာလဲ။

ဒီတော့ ပြောချင်တာက ဘေးအန္တရာယ် တစ်ခုကို တတ်သိ နားလည်တဲ့သူက ကြိုတင်သိမြင်ပြီး ပူပင်သောက ဖြစ်နေပေမယ့် နားမလည်တဲ့လူ ၊ လက်မခံတဲ့လူ ၊ ခေါင်းမာတဲ့ လူတွေကတော့ သူတို့ လုပ်ချင်ရာ လုပ်ကြတော့ တာပါဘဲလေ။ သတိပေးလည်း လက်မခံကြတော့ပါဘူး။

အခုဘဲ ကြည့်လေ။ ဗေဒင်ပညာကို နှစ်ပေါင်း (၃၀)ကျော် လိုက်စားခဲ့တဲ့သူ တစ်ယောက်က (၂၉)ရက် နေ့မှာ မင်္ဂလာ အခမ်းအနား မလုပ်ကောင်းဘူးလို့ ပြောလိုက်ပေမယ့် ဘယ်နှစ်ယောက် လက်ခံမလဲ။ ဘာဆိုင်လဲလို့ ပြောမယ့်သူက များပါတယ်။  ဒါလည်း သူတို့ ခံယူချက်နဲ့ သူတို့ဘဲပေါ့လေ။ လူတိုင်း လူတိုင်းဟာ ကိုယ့်ဟာနဲ့ကိုယ်တော့ “ဟုတ် , ဟုတ် , ဟုတ်” နေကြတာပါဘဲ။

ကမ္ဘာ့လူသား အတော်များများဟာ “ကွန်မြူနစ်ဝါဒ” ကိုသာ မနှစ်မြို့ကြပေမယ့် သူတို့ကိုယ်တိုင် ရုပ်ဝါဒီ ဖြစ်မှန်းမသိ ဖြစ်နေကြတယ်။ ဘယ်အရာမဆို ရုပ်ဝါဒ နဲ့သာ ချိန်ထိုးစဉ်းစားကြတယ်။ ကိုယ့်ကိုယ်ကို သိပ္ပံသမားကွ ၊ လက်တွေ့သမားကွ လို့ ကြွေးကျော်ပြီး ဂမ္ဘီရပညာတွေကို ချိုးနှိမ်နေကြတဲ့ သူတွေ ရှိသလို ၊ ငါတို့က ဘုရားစကားဘဲ နားထောင်တယ် ၊ ဘုရားမကြိုက် ငါမကြိုက် ၊ ဘုရားမယုံ ၊ ငါမယုံ ဆိုသူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် ဘုရားရှင်ဟာ ဘာကြောင့် ဗေဒင်ပညာနဲ့ အတတ်ဟော ပညာတွေကို “ပယ်” ထားတယ်ဆိုတဲ့ အကြောင်းကို  သေသေချာချာ မလေ့လာဘူးဘဲနဲ့တော့ ရမ်းသမ်း ပြောတာမျိုးတော့ မဖြစ်စေချင်ဘူး။

အမှန်ကတော့ ဗုဒ္ဓမြတ်စွာဘုရားရှင် နဲ့ တပည့်သား သံဃာတွေကတော့ “လောကီအနွယ်ဝင်” တွေ မဟုတ်ကြတဲ့ အတွက် “လောကီပညာတွေ” ကို စွန့်လွှတ် နိုင်တယ် ၊ စွန့်လွှတ်ရမယ်ဆိုတာ သဘာ၀ ကျပါတယ်။ ဒါပေမယ့် “လောကီဘုံသား” တွေဖြစ်ပြီး စီးပွားရေး ၊ ကြီးပွားရေး ၊ အိမ်ထောင်ရေး ၊ သားရေးသမီးရေး  တွေနဲ့ ဝိုင်းကြီးပတ်ချာလည်နေကြတဲ့ လောကီလူသားတွေ အတွက်တော့ “လောကီပညာ” တွေကို အပြီးအပြတ် စွန့်လွှတ်ဖို့ဆိုတာ သိပ်မလွယ်ကူလှပါဘူး။

ဒီတော့ ဒီ ဗြိတိသျှ အိမ်ရှေ့မင်းသားလောင်းလေးနဲ့ မိသားစုဟာ ဘာဖြစ်လို့ (၂၉)ရက်နေ့ကို မင်္ဂလာ ရက်မြတ်အဖြစ် ရွေးဖြစ်သလဲဆိုတာ Trace လိုက်ကြည့်တော့ “လား လား” ။ အခု လက်ထပ်မယ့် ဝီလျံမင်းသားလေးရဲ့ မိခင် နဲ့ ဖခင် ဖြစ်တဲ့ “လေဒီ ဒိုင်ယာနာ နဲ့ ချားလ်” တို့ဟာလည်း (၂၉)ရက်နေ့မှာဘဲ လက်ထက်ခဲ့ကြတာကိုး။ လွန်ခဲ့တဲ့ အနှစ် (၃၀)ကျော် ၁၉၈၁ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့မှာ အင်္ဂလန် အိမ်ရှေ့စံ ချားလ်မင်းသား နဲ့ လေဒီ ဒိုင်ယာနာတို့ လက်ထပ် ခဲ့ကြသကိုးဗျ။

ဒါကြောင့် ဖေဖေ ၊ မေမေ တို့ရက် လက်ထပ်မင်္ဂလာပွဲကို အမှတ်တရဖြစ်အောင် သားတို့ သမီးတို့လည်း ဒီနေ့ရက်ကလေးကို ရက်ကောင်းရက်မြတ်အဖြစ် ယူဆပြီး လက်ထပ်လိုက် ကြတာပေါ့ဗျာ။ ၂၀၁၁ ခုနှစ် ဧပြီလ (၂၉)ရက် တဲ့။ ကောင်းရော။

ဒီတော့ ဖေဖေ နဲ့ မေမေက ဘာဖြစ်သွားကြသလဲ။ အားလုံးသိကြတဲ့ အတိုင်းဘဲလေ။ အိမ်ထောင် ကျပြီးပြီ ဆိုတာနဲ့ တစောင်းစေး နဲ့ မျက်ချေး။ အိမ်ထောင်သက် ကြာလာလေ ၊ စိမ်းကား လာကြလေ။ နောက်ဆုံး ချားလ်မင်းသား ကလည်း သူ့အတွဲ နဲ့ သူ ။ လေဒီ ဒိုင်ယာနာကလည်း သူ့အတွဲ နဲ့သူ ဖြစ်ကုန်ရော။ နောက်ဆုံး တရားဝင် ကွဲကြပြဲကြ။ တော်ဝင်မိသားစုအတွက် အရှက်ကွဲ စရာ ကိစ္စကြီး တစ်ခုပေါ့။

နောက်ဆုံး ဒိုင်ယာနာက အာရပ်သူဌေး တစ်ယောက်နဲ့ လက်ထပ်ဖို့အထိ လုပ်နေတုန်း မမျှော်လင့်ဘဲ ကား အက်စီးဒင် နဲ့ ကွယ်လွန်သွားတယ်လေ။ အားလုံး သိကြပါတယ်။

အနောက်နိုင်ငံကလူတွေဟာ ကောင်းမှန်းမသိ ဆိုးမှန်း မသိ ၊ Memorial Day ဆိုတာမျိုး သိပ်လုပ်ချင် ကြတယ်။ (၂၀)ရာစု ကုန်ခါနီး 1999 ခုနှစ်လောက်က ၊ (9)ရက် (9)လ (1999) ခု ဆိုပြီး (9) လေးလုံး အမှတ်တရ ဆိုပြီး ဆောင်လိုက်ကြတဲ့ မင်္ဂလာဆောင်တွေ။ အခုလောက်ဆို ဘယ်နှစ်တွဲလောက်များ ပြဿနာတွေ ရင်ဆိုင်နေကြရပြီလဲ။ (၉)ဂဏန်းဟာ အိမ်ထောင်ရေး နဲ့ ပတ်သက်လာရင် အတော်ဆိုးသဗျ။

နောက်တစ်ခါ ပြီးခဲ့တဲ့ နှစ်ကလည်း (10)ရက် (10) လ ၊ (2010) ခုနှစ် ဆိုပြီး (10)ဂဏန်း လေးလုံး လုပ်ခဲ့ကြပြန်ပြီ။ အဲ – (10) လေးလုံးကတော့ သိပ်မဆိုးဘူးဗျ။ မဆိုးဘူးဆိုတာထက် အကောင်းများ တယ်။ ကြက်ကန်း ဆန်အိုးတိုးပေါ့လေ။

ဒီနှစ် (11)ရက် (11) လ (2011) ခုနှစ်လည်း လုပ်ကြပေဦးမယ်။ ဒီရက်လည်း ဆိုးတာပါဘဲဗျာ။ (11)ဂဏန်း ကလည်း ပေါင်းရင်သာ (2)ရတာ တကယ်တော့ အင်္ဂါဂြိုဟ် စိုးမိုးတဲ့ ဂဏန်းဘဲဗျ။

နောက်တစ်ခါ လာဦးမယ့် ကိုသာဆိုး ကတော့ (12)ရက် ၊ (12)လ (2012) ခုနှစ်။ အဲဒီ နေ့ကမှ တကယ် “သေပြီဆရာ” နေ့ဗျ။ (12)ဂဏန်း ဆိုးဝါးပုံကတော့ ပြောလို့ မကုန်နိုင်လောက်ဘူး။ အဲဒီ နေ့ ဆောင်မယ့် မင်္ဂလာပွဲတွေကတော့ (ပြောလိုက်မယ်ဗျာ ၊ မဦးမချွတ်) ရှင်ကွဲတောင် မဟုတ်ဘူး။ သေကွဲ ကွဲကြဖို့များတယ်။ အဲသည်လိုဘဲ ဒဲ့တိုး ပြောလိုက်တော့မယ်။

ဆရာ့နှယ် ၊ ဒီလို နေ့ရက်ကလေး တစ်ခုတည်း နဲ့ လူ့ဘဝကံကြမ္မာ တစ်ခုလုံး ပြောင်းသွားနိုင် လောက်အောင် ဖြစ်နိုင်ပါ့မလားလို့များ မေးချင်သေးလား။ မဟုတ်ဘူးဗျို့။ ဒီရက်ကလေး တစ်ခုထဲ ကြောင့် ဖြစ်တာမဟုတ်ဘူး။ နဂိုကတည်းက အိမ်ထောင်ရေးကံ မွဲရမယ့် ကံတွေပါလာလို့ ဒီလို ရက်ဆိုးရက်ညံ့ကို တည့်တည့် ရွေးမိတာ ။ နဂိုမူလကံ ၊ အတိတ်ကံကြောင့် ဒီလို ရွေးမိကြတာ။ ရှင်းပြီလား။

အိမ်ထောင်ရေးကံ ကောင်းဖို့ ပါလာတဲ့သူများကြတော့ ဘယ်ဗေဒင်ဆရာဆီမှ ရက်ရွေးမနေရပါဘူး။ နားလည် မလည်ပါဘူး။ ဒါပေမယ့် ရွေးလိုက်တာများ အဆင်ကို ပြေလို့။ သူ့ကံ နဲ့ သူလေ။ ဒါပေမယ့် ဗေဒင်ဆြာတို့ရဲ့ ဝသီအတိုင်း သူ့ကံနဲ့ သူဘဲဆိုပြီ “ပစ်” ထားလို့ကလည်း မနေတတ်ပြန် ။ ဒါကြောင့် “ဟဲ့ – ဒီရက်ကလေးတော့ ရှောင်ဟဲ့ ။ ဒီရက်ကလေးဆိုရင် ကောင်းတယ်ဟ” လုပ်ရပြန်ရော။

အခုခေတ်မှာတော့ အိမ်ထောင်ရေး အဆင်မပြေမှုတွေ ၊ အိမ်ထောင်ကွဲမှုတွေ များလာလို့လား မသိပါဘူး။ သတင်းစာတွေထဲမှာ မင်္ဂလာဆောင်တွေ ကြည့်လိုက် ။ (၉)ရက် တို့ (၂၂)ရက် တို့ (၂၉)ရက်တို့ ဆိုတာ “ကန်ထရိုက်ဆွဲထားသလား” အောက်မေ့ရတယ်။

ဒီတော့ နိဂုံးချုပ်အနေနဲ့ သူ့ဟာသူ ဗြိတိသျှ တော်ဝင်မင်းသားမင်းသမီးတွေ ဘယ်ရက်ဆောင်ဆောင် ကျွန်ုပ်တို့နဲ့ လားလားမျှ မဆိုင်ပေါင်။ သူတို့ကလည်း ကျွန်တော်တို့လို ဗေဒင်ဆရာ ပါမွှားကို ဖုတ်လေတဲ့ငပိ၊ ရှိတယ်တောင်မှ အောက်မေ့မှာ မဟုတ်ပါဘူး။ အနေသာကြီးပါ။

ဒါပေမယ့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့် ညီငယ်၊ ညီမငယ် ၊ သားငယ် သမီးငယ် များအတွက်တော့ – မင်္ဂလာများ ဆောင်ကြမယ် ဆိုရင် – အောက်က ရက်ကလေးတွေကို ရှောင်နိုင်အောင် ရှောင်ကြပါ။

ဒါတွေက (အင်္ဂလိပ်ရက်) 2 ,4 , 8 , 9 , 11 , 12 , 13 , 15 , 16 , 18 , 20 , 22 , 26 , 28 , 29 , 31 , ရက်တွေပါ။ အဲဒီအထဲမှာ အဆိုးဆုံးတွေက 4 , 9 , 12 , 16 , 18 , 22 , 29 တွေပါ။

အဓိပ္ပါယ်လေးတွေ ဖွင့်ပြရရင် = (2) ဂဏန်း = အိမ်ထောင်ရေး ၊ စီးပွားရေး မသာမယာဖြစ်မယ်။ သားသမီးကံမကောင်းဖြစ်မယ်။ အိမ်ထောင်ပြုပြီး နောင်တရနေမယ်။

(4) ဂဏန်း = တစ်ယောက်ယောက် ဖောက်ပြန်မယ်။ အိမ်မကပ်ဘူး။ အလည်အပတ်များတယ်။ အပေါင်းအသင်းများမယ်။ လင်မယား အတူမနေရဘူး။ စီးပွားရေး အဆင်မပြေဘူး။ ဘဝက တက်လိုက်ကျလိုက် ဖြစ်နေမယ်။

(12) ဂဏန်း = အိမ်ထောင်ကျပြီး ရုတ်တရက် ချမ်းသာလာရင် သတိထား။ အိမ်ထောင်ရေး အကွဲအပြဲဖြစ်တတ်တယ်။ သေကွဲ ရှင်ကွဲ ကွဲတတ်တယ်။ မိသားစုမှာ ဘေးဥပဒ် ကြုံတတ်တယ်။

(16) ဂဏန်း = အိမ်ထောင်ဘက် ကျန်းမာရေး ချို့တဲ့မယ်။ ဆေးရုံကို အိမ်လုပ်နေရမယ်။ အဆင်မသင့်ရင် မုဆိုးဖို/မုဆိုးမ ဖြစ်တတ်တယ်။ ချမ်းသာလာပြီး ပြန်မွဲတတ်တယ်။ ဘေးဥပဒ် ကြုံတတ်တယ်။ ရာထူးပြုတ် ၊ အလုပ်ပြုတ် ဖြစ်တတ်တယ်။

(18) ဂဏန်း = တစ်ယောက်ယောက်က လျှို့ဝှက် သစ္စာဖောက်လိမ့်မယ်။ အကောက်ကြံလိမ့်မယ်။ ဒုက္ခရောက်အောင် ရန်ရှာလိမ့်မယ်။ သို့မဟုတ် အမြဲ ရန်သတ်နေရတတ်တယ်။ အိမ်ထောင်ရေး လုံး၀ မသာယာဘူး။

(22) ဂဏန်း = အိမ်ထောင်ရေး ဖောက်ပြန်မယ်။ အိမ်ထောင်ရေး ၊ စီးပွားရေးမှာ အမှားတွေ လုပ်မိမယ်။ ဆုံးဖြတ်ချက်တွေ မှားမယ်။ မှားပြီးရင်း မှားနေမယ်။ စီးပွားကျမယ်။ အလုပ်ပြုတ်မယ်။ စီးပွားရေးက နှဲသမားပါး လို ပိန်လိုက်ဖောင်းလိုက်ဖြစ်နေမယ်။

(29) ဂဏန်း = တကယ့် အချစ်စစ်ထက် ရာဂ နဲ့ ငွေကြေး၊ ဓန ၊ ဂုဏ်ဒြပ်တွေကို အခြေပြုတဲ့ အိမ်ထောင်ရေးမျိုး ဖြစ်တတ်တယ်။ ကြာလာရင် သဘောထား မတိုက်ဆိုင်တတ်ဘူး။ ကြာလာတာနဲ့ တစ်ဦး နဲ့ တစ်ဦး ညီးငွေ့လာမယ်။ နောက်ဆုံး အိမ်ထောင်ရေး ဖောက်ပြန်မယ်။ အဆင်မသင့်ရင် ကွဲကြ ပြဲကြမယ်။ မိသားစုမှာ ဘေးဥပဒ်ကြီးတွေ တွေ့တတ်တယ်။

ဒါတွေကတော့ အဆိုးဆုံး ရက်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေပါ။ ပြင်းအား အနည်းအများသာ ကွာမယ်။ ကြုံတော့ ကြုံရမှာဘဲ။

ရက်ကောင်းလေးတွေ ဆောင်ချင်တယ် ဆိုရင်တော့ – 1 , 3 , 6 , 10 , 14 , 17 , 19 , 21 , 23  , 24 , 30 ,  တွေကို ဆောင်ကြပေါ့။

နောက်တစ်ခု အရေးကြီးတာ တစ်ခု ပြောရဦးမယ်။ စေ့စပ်တဲ့ ရက်ရယ် ၊ လက်မှတ်ထိုးတဲ့ ရက်ရယ် ၊ မင်္ဂလာ အခမ်းအနားလုပ်တဲ့ ရက်ရယ် ဘယ်ရက်က အရေးကြီးဆုံးလည်း ဆိုတာလည်း မှတ်ထားဦး။ “လက်မှတ်ထိုးတဲ့ နေ့” ၊ အဲဒီနေ့ဟာ အရေးကြီးဆုံးဘဲ။ ကျန်တာတွေ မှားရင်တောင်မှ အမှားခံတယ်။

အဲဒီလို အင်္ဂလိပ် (သင်္ချာဗေဒ အရ) ရွေးချယ်ထားတဲ့ နေ့ကောင်းလေးတွေ ရပြီဆိုမှ ကျန်တဲ့ ဂြိုဟ်ကောင်း ၊ နက္ခတ်ကောင်း ၊ စန်းကောင်း ၊ လဂ်ကောင်း မယ့် နေ့တွေကိုတာ့ “တကယ့်” နက္ခတ် ဗေဒင်ပညာရှင်ကြီးတွေနဲ့ ဆက်ပြီး ရွေးချယ်လိုက ရွေးချယ်ကြပေါ့။ မရွေးချယ်လိုဘူးဆိုရင်လည်း ဒီလောက်မျှ နဲ့ အတော် လုံလောက်နေပါပြီ။ (ဘာမှ မလုပ်တာထက် စာရင်)

ဒီနေရာမှာ “ဂဏန်းဗေဒင်” အလကားပါကွာ။ ကိန်းကြီးခန်းကြီးမဟုတ် ဘာမဟုတ်လို့ ပြောချင်ကြတဲ့ နက္ခတ်ဗေဒင် ဆရာကြီးများ ရှိရင် – သက်သေလေး တစ်ခုဘဲ ပေးလိုက်ပါမယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဇာတာပါ။

မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဇာတာကို အဲဒီအချိန်က မြန်မာနိုင်ငံက ဒိတ်ဒိတ်ကြဲ နက္ခတ်ဗေဒင်ဆြာ ကြီးတွေ သေချာစွာ တွက်ချက်ပြီး ရွေးချယ်ခဲ့ကြတယ်မဟုတ်လား။ လဂ်အား ၊ စန်းအား ၊ နဝင်းအား၊ ဝဂုတ္တမအား တွေ နဲ့ အပျံစား ရွေးချယ်ခဲ့ကြပေမယ့် – သင်္ချာဗေဒ လို့ ခေါ်တဲ့ ဂဏန်းဗေဒင်ပညာ ကို လျှစ်လျှူရှုခဲ့ကြပါတယ်။

ဒါကြောင့် ဂဏန်းဗေဒင်ပညာရှင်တွေ အကြောက်ဆုံး အတွဲဖြစ်ဖြစ်တဲ့ (4)ဂဏန်း နဲ့ (8)ဂဏန်း အတွဲတွေဖြစ်တဲ့ 1948 ခုနှစ် ဇန်နဝါရီလ (4)ရက်နေ့ကို ရွေးချယ်ခဲ့ကြသဗျား။ ဇန်နဝါရီလက (8)ဂဏန်း စိုးမိုးတဲ့ ရာသီ ၊ ရက်က (4)ဂဏန်း ၊ ခုနှစ်ရဲ့ နောက်ဆုံးဂဏန်းတွဲ့ (48)ခု ။

နောက်ဆုံးအဖြေက လွတ်လပ်ရေး ရပြီးတာတဲ့ ပြည်တွင်းစစ်မီးကြီး ဟုန်းဟုန်းတောက်တော့တာပါဘဲ ဗျာ။ နောက်ဆုံး တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို တပ်မတော်က ဝင်ထိန်းသိမ်းရတော့တဲ့ အခြေအနေကို ရောက်သွားရတာပါဘဲ။ ဒါပေမယ့် အကြာကြီး ငြိမ်သက်နေပြီး 1988 ခုနှစ်မှာ (8)ဂဏန်းတွေ အားကောင်းလာပြန်ပြီး (4)ဂဏန်း နဲ့ ပဋိပက္ခဖြစ်ကာ (8888) အရေးအခင်းကြီး ဖြစ်လာရတာ မဟုတ်ပါလား။

ဒီတော့ ကိန်းဂဏန်းလေးတွေကို အထင်မသေးပါနဲ့။ ကမ္ဘာကြီးကို လည်ပတ်မောင်းနှင် နေတာဟာ ဒီ ကိန်းဂဏန်းတွေသာ ဖြစ်ပါတယ်။ ကိန်းဂဏန်းမပါတဲ့ နယ်ပယ် မရှိသလောက်ပါဘဲ။ ထူးဆန်းတဲ့ ကိန်းဂဏန်းတွေမှာ ထူးဆန်းတဲ့ အင်အားတွေ ရှိနေပါတယ်။

ကမ္ဘာလောကကြီးမှာ ကျွန်တော်တို့ မသိတာတွေ အများကြီး ရှိပါသေးတယ်။ သိတာက နည်းနည်း လေးပါ။ ကိုယ်မသိတာ/ လက်လှမ်းမမှီတာကြောင့် မဖြစ်နိုင်ဘူးလို့ပြောရင် ကိုယ်ပညာနည်းရာ ကျပါလိမ့်မယ်။ ပညာလိုလားသူရဲ့ နှလုံးသားဟာ အရာအားလုံးအတွက် ဖွင့်ထားဖို့ လိုပါတယ်။

ခေတ်သစ် သိပ္ပံပညာမှာလိုဘဲ ဂမ္ဘီရပညာ ၊ နက္ခတ်ဗေဒင်ပညာတွေမှာလည်း “သုတေသန” တွေ များများ လုပ်ဖို့လိုပါတယ်။ သုတေသန များများ လုပ်ခြင်းဟာ ရှုတ်ထွေးနေတဲ့ ကိစ္စတွေ ၊ ယုံမှား သံသယ ဖြစ်နေတဲ့ ကိစ္စတွေကို ရှင်းလင်း သွားစေနိုင်ပါတယ်။

ကိုယ်ကိုယ်တိုင် သုတေသန မလုပ်ဘူးဘဲနဲ့ တခြားသူတစ်ယောက် နှစ်ပေါင်းများစွာ သုတေသန လုပ်ထားတဲ့ တွေ့ရှိချက်တစ်ခုကို မျက်နှာလွဲ ခဲပစ်လုပ်ပြီး ဝေဖန်ရှုတ်ချမယ်ဆိုရင်တော့ ကိုယ်ဘဲ ခေတ်နောက်ကျ ကျန်ခဲ့မှာပါ။ ကော့ပါးနီးကပ်စ်က ကမ္ဘာကြီးလုံးတာကို သက်သေပြခဲ့ပေမယ့် လက်မခံခဲ့သူတွေ၊ မော်တော်ကား ၊ လျှပ်စစ် နဲ့ တယ်လီဖုန်းတွေကို စတင်တီထွင်ခဲ့စဉ်က ဝေဖန်ရှုတ် ချခဲ့သူတွေဟာ ဘယ်သူမှ ပညာရှင်တွေ ဖြစ်မလာကြပါဘူး။ သာမန် လူဘဝနဲ့ဘဲ လူ့သမိုင်းထဲကနေ ကွယ်ပျောက်သွားခဲ့ကြပါတယ်။

ဒါပေမယ့် ကမ္ဘာ လုံးတယ် ဆိုတာရယ် ၊ လျှပ်စစ် ရယ် ၊ မော်တော်ကား ရယ် ၊ တယ်လီဖုန်း ရယ် ဆိုတာတွေကတော့ ပျောက်ကွယ်မသွားဘဲ အားလုံးလက်ခံနေကြ ၊ သုံးစွဲ နေကြပါပြီ။ ကမ္ဘာလုံး တယ်ဆိုတာ ကိုယ်တိုင် မမြင်ရသေးပေမယ့် လက်ခံလို့ရပါတယ်။ ဒီလိုဘဲ လျှပ်စစ် ၊ မော်တော်ကား၊ တယ်လီဖုန်းတွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာ အသေးစိတ် မသိလည်း ဒီ ပစ္စည်းတွေကို စိတ်ချ လက်ချ သုံးစွဲလို့ ရပါတယ်။

ဒီလိုဘဲ နက္ခတ်ဗေဒင်ပညာ ၊ ဂမ္ဘီရ ပညာတွေရဲ့ တွေ့ရှိချက်တွေကိုလည်း ကိုယ်နားမလည်ပေမယ့် (သုတေသန သေချာပြုထားတာမှန်ရင်) စိတ်ချလက် အသုံးပြုလို့ ရပါတယ်။ လိုက်နာလို့ရပါတယ်။

(မတွေ့ရတာ ကြာပြီဖြစ်သော) မိတ်ဆွေ ညီငယ်  ညီမငယ် အားလုံး ကျန်းမာချမ်းသာ ကြပါစေ ကုန်သော်။

ခင်မင်ရင်နှီးစွာဖြင့်

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)

You May Also Like
Read More

အမေရိကန်နိုင်ငံ , ဘားရတ် အိုဘားမား နဲ့ (၄) ဂဏန်း

ကျွန်တော်တို့မြန်မာ့ရိုးရာလက်ဆန်းဗေဒင်ပညာရပ်၊နက္ခတ်ဗေဒင်ပညာရပ်တွေနဲ့ ကြိုတင်ခန့်မှန်း ထားသလိုဘဲ ဘားရတ်အိုဘားမား ကတော့ အမေရိကန် နိုင်ငံရဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတ တစ်ဦး ဖြစ်လာခဲ့ပါပြီ။ အမေရိကန် နိုင်ငံရဲ့ သမိုင်းစာမျက်နှာမှာ မော်ကွန်းတင်သွားတဲ့ ရွေးကောက်ပွဲ တစ်ခု…
Read More

(6 ဂဏန်းသမားများ အကြောင်း တစေ့တစောင်း)

အလှနတ်သမီး ဗီးနပ်စ် ရုပ်ထု ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ အင်တာနက် လစဉ်ကြေးနောက်ကျလို့အဖြတ်ခံရတာရယ် , ကျွန်တော် ခရီးသွားမယ်ဆိုပြီး စီစဉ်လိုက်တာ ရယ်ကြောင့် ပုံမှန်တင်ဆက်နေတဲ့ ကျွန်တော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်း လေးပျက်သွားတယ်ဗျာ။…