တိုင် အတိတ် / တိုင် နိမိတ်

ဒီ ပို့စ်လေးကတော့ သူ့ရှေ့က “ကောလာဟလ” ဆောင်းပါးလေးရဲ့ “အဆက်” လို့ ပြောနိုင်ပါတယ်။ ဗေဒင်ပညာကို ပေါ့ပေါ့ပါးပါး လေ့လာနေကြသူများအတွက် အထောက်အကူ ဖြစ်ပါလိမ့်မယ်။

“ကောလာဟလ” ဆောင်းပါးမှာ နေ့တစ်နေ့ခြင်းစီအတွက် အင်္ဂဝိဇ္ဇာတိုင်စဉ် (၇)ခု ဇယားလေးကို ပြထားပါတယ်။ သတင်းစကား တစ်ခုကို ကြားလိုက်တဲ့အချိန်မှာ အဲဒီအချိန်နာရီမှာ ကျရောက်နေတဲ့ “အခါတိုင်” အပေါ်မှာ လိုက်ပြီး “တိုင်အတိတ်/တိုင်နိမိတ်” ဆိုတာ ရှိပါတယ်။

ကိုယ်ကြားလိုက်ရတဲ့ သတင်းစကား (ကောလာဟလ)ဟာ အဲဒီအချိန်တိုင်ရဲ့ “အဓိပ္ပါယ်ဖွင့်ဆိုချက်” တွေနဲ့ ကိုက်ညီနေရင် ဒါဟာ “နိမိတ်” မှန်နေပြီ (တနည်း) “ဆန်း” ဝင်နေပြီလို့ ပြောလို့ရပါတယ်။ ဒီလို နိမိတ်မှန် / ဆန်းမှန် နေရင် ဒီသတင်း စကား ဟုတ်၏ / မဟုတ်၏ ကို တွက်ချက်ရာမှာ မှန်ကန်တဲ့ အဖြေကို ပိုပြီး ရနိုင်ပါတယ်။

ရှေ့က ဆောင်းပါးဖြစ်တဲ့“ကောလာဟလ”မှာ သင်္ကြန်အကြတ်နေ့က “ဗုံးပေါက်ကွဲမှု” သတင်းကို မှန်/မမှန် ဆုံးဖြတ်တဲ့ နမူနာလေးကို ပြထားပါတယ်။ အဲဒီအချိန်က ညနေ (၃)နာရီ ခွဲ ဖြစ်လေတော့ “စနေအခါ/စနေတိုင်” ကို ရပါတယ်။ “စနေတိုင်” ရဲ့ တိုင်အတိတ်/ တိုင်နိမိတ် ကလည်း “ထောင်၊ ဆေးရုံ၊ သုဿာန်၊ တရားရုံး” စသည်များနှင့် ပတ်သတ်နေလို့ လက်ရှိအဖြစ်အပျက်နဲ့ ကိုက်ညီပြီး “ဆန်း” ဝင်နေတာကြောင့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ပိုပြီး ချနိုင်ခဲ့ပါတယ်။

ဒါကြောင့် “အင်္ဂဝိဇ္ဇာဗေဒင်ပညာ” ကို လေ့လာခါစ, သူများ အထောက်အကူရနိုင်အောင် “အင်္ဂဝိဇ္ဇာတိုင်” တစ်ခုခြင်းစီရဲ့ “တိုင် အတိတ်/တိုင် နိမိတ်” များကို တင်ပေးလိုက်ပါတယ်။ ဖတ်ကြည့်ကြရအောင်။

တနင်္ဂနွေ-အခါတိုင်

 

 

သတင်းစကား တစ်ခုကို ကြားသိလိုက်ရတဲ့ အချိန်ဟာ “တနင်္ဂနွေ-အခါတိုင်” နဲ့ ကြုံကြိုက်နေမယ်ဆိုရင် – အောက်ပါ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ “ဆန်း” ဝင်ပါတယ်။

အလုပ်အကိုင် ရာထူးရာခံ ကိစ္စ၊ ပညာရေး ကိစ္စ ၊ စာမေးပွဲ ကိစ္စ ၊ လျှောက်လွှာ / ဝင်ခွင့် ကိစ္စ၊ ပါမစ် ကိစ္စ ၊ ပတ်စ်ပို့စ် / ဗီဇာ / အလုပ်လုပ်ခွင့် / နေထိုင်ခွင့် / ကျောင်းတက်ခွင့် ဆိုင်ရာ ကိစ္စများ ၊ ဘာသာရေးနဲ့ ဆိုင်တဲ့ ကိစ္စ ၊ တရားရုံး / တရားမှုတွေနဲ့ ဆိုင်တဲ့ ကိစ္စ၊ တရားဥပဒေဆိုင်ရာ ကိစ္စ ၊ မိမိရဲ့ အကြီးအကဲတွေနဲ့ ဆိုင်တဲ့ ကိစ္စ ၊ နည်းပညာ အသစ်အဆန်း ကိစ္စ ၊ တီထွင်မှု ဆိုင်ရာ ကိစ္စ ၊ မင်္ဂလာရှိသော အခမ်းအနား ဆိုင်ရာ ကိစ္စ ၊ ဘွဲ့ တံဆိပ် (ဆုတံဆိပ်) ဂုဏ်ထူးဘွဲ့ထူး ဆိုင်ရာ ကိစ္စ ၊ ချီးမွမ်းခံရခြင်း / ဂုဏ်ပြု အမွှန်းတင်ခြင်းဆိုင်ရာ ကိစ္စ . . စသည်များနှင့် ပတ်သတ်နေတတ်ပါတယ်။

ဒီလို ပတ်သက်မှုရှိရင် “ဆန်း” ဝင်နေပြီ လို့ ပြောလို့ရတဲ့အတွက် ဒီကိစ္စ အမှား/အမှန် ဆုံးဖြတ်ရာမှာ တိကျမှန်ကန်တဲ့ အဖြေကို ရတတ်ပါတယ်။

တနင်္လာ-အခါတိုင်

 

 

သတင်းစကား တစ်ခုကို ကြားသိလိုက်ရတဲ့ အချိန်ဟာ “တနင်္လာ-အခါတိုင်” နဲ့ ကြုံကြိုက်နေမယ်ဆိုရင် – အောက်ပါ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ “ဆန်း” ဝင်ပါတယ်။

ခရီး သွားလာရေး ဆိုင်ရာ ကိစ္စ ၊ အလုပ် နေရာအပြောင်းအလဲ / အရွှေ့ အပြောင်း ကိစ္စ ၊ နိုင်ငံရပ်ခြား နဲ့ ပတ်သက်သော ကိစ္စ ၊ ခိုးရာလိုက်ပြေးခြင်း နှင့် အိမ်ထောင်ရေး အရှုတ်အထွေး ကိစ္စ ၊ လင်ငယ် / မယားငယ် ကိစ္စ ၊ မော်တော်ကား / ဆိုင်ကယ် / ယာဉ်ရထား ကိစ္စ ၊ ခရီးသွားလာရင်း Accident ဖြစ်ခြင်း ကိစ္စ ၊ အရှက်တကွဲ အကျိုးနည်းဖြစ်ရခြင်း ကိစ္စ ၊ လိင် ဖောက်ပြန်မှု အရှုတ်အထွေး ကိစ္စ ၊ လေဖြတ်ခြင်း / စကားပြော အင်္ဂါများ ချို့ယွင်းခြင်း ဆိုင်ရာ ကိစ္စ ၊ အနုပညာရှင်များ နှင့် ပတ်သက်သော ကိစ္စ ၊ အနုပညာ လုပ်ငန်းရပ်ဆိုင်ရာ ကိစ္စ ၊ အမျိုးသမီး အလှအပ ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ နှင့် ဆိုင်သော ကိစ္စ ၊ ဖက်ရှင် ဝတ်စားဆင်ယင်မှု ဆိုင်ရာ ကိစ္စများ ၊ အမျိုးသမီးထု တစ်ရပ်လုံး နှင့် ဆိုင်သော ကိစ္စများ . . စသည်များနှင့် ပတ်သတ်နေတတ်ပါတယ်။

ဒီလို ပတ်သက်မှုရှိရင် ဒီ “တနင်္လာတိုင်” ဟာ “ဆန်း ဝင်” / “နိမိတ်ဝင်” နေပြီ လို့ ပြောနိုင်ပါတယ်။

အင်္ဂါ-အခါတိုင်

 

 

သတင်းစကား တစ်ခုကို ကြားသိလိုက်ရတဲ့ အချိန်ဟာ “အင်္ဂါ-အခါတိုင်” နဲ့ ကြုံကြိုက်နေမယ်ဆိုရင် – အောက်ပါ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ “ဆန်း” ဝင်ပါတယ်။

ငွေကြေး အရှုပ်အရှင်း ကိစ္စ ၊ ငွေကြေး လိမ်လည်မှု ကိစ္စ ၊ လိမ်လည်လှည့်ဖြားခြင်း အမျိုးမျိုးနှင့် ဆိုင်သော ကိစ္စ ၊ သူခိုး / ဓါးပြ / လူလိမ် / ခါးပိုက်နှိုက် များပါဝင်နေသော ကိစ္စ ၊ ငွေကြေး အမြောက်အများ ဆုံးရှုံးခြင်း ဆိုင်ရာ ကိစ္စ ၊ အကြွားအဝါ ဂုဏ်ပကာသန ပြိုင်ဆိုင်ခြင်း ဆိုင်ရာ ကိစ္စ ၊ မော်တော်ကား နှင့့်ပတ်သက်သော ကိစ္စအားလုံး ၊ ကား Accident ဖြစ်ခြင်း ကိစ္စ ၊ အရောင်းအဝယ် ရင်းနှီးမြုတ်နှံမှု ကိစ္စ ၊ ထီ နှင့် အလောင်းအစား ကိစ္စ ၊ ချဲဂဏန်း နှင့် ပတ်သက်နေသော ကိစ္စ ၊ ငွေကြေး ကိန်းဂဏန်း ဆိုင်ရာ ကိစ္စ ၊ ငွေကြေး စာရင်းအင်း စစ်ဆေးခြင်း ဆိုင်ရာ ကိစ္စ ၊ အမြတ်ခွန် / အကောက်ခွန် နှင့် ပတ်သက်သော ကိစ္စ ၊ စာရင်းအင်း လိမ်လည်ခြင်း / စာရင်း ဖျောက်ခြင်း ကိစ္စ . . စသည်များနှင့် ပတ်သတ်နေတတ်ပါတယ်။

ကောလာဟလသတင်းများနှင့် ပတ်သက်ရင် “အင်္ဂါအခါတိုင်” ဟာ အထူးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ “အင်္ဂါအခါတိုင်” ကိုယ်၌က “ကောလာဟလတိုင်” ဖြစ်နေလို့ပါဘဲ။ “အင်္ဂါတိုင်” ဟာ မဟုတ်မမှန် လုပ်ကြံသတင်း အားလုံးနဲ့ ဆိုင်ပါတယ်။ လိမ်လည် လှည့်ဖြားခြင်း အားလုံး နဲ့ ဆိုင်ပါတယ်။

အထူးသဖြင့် “ငွေကြေး” နဲ့ ပတ်သက်နေတဲ့ ကိစ္စများဟာ “အင်္ဂါအခါတိုင်” နဲ့ ကြုံကြိုက် တိုင်ဆိုင်နေမယ်ဆိုရင် “အလိမ်အညာတွေ” သာ များပါတယ်။ အင်္ဂါ အခါတိုင်ရောက်နေတဲ့ အချိန်မှာ “ပွပေါက်” ဆိုတဲ့ ကိစ္စတွေ၊ “ဒီ ကိစ္စ အရမ်းကို မြတ်လိမ့်မယ်” ဆိုတဲ့ မက်လုံးတွေ ၊ “ဝယ်ထားရင် သေချာပေါက်မြတ်မယ်” ဆိုပြီး အကြံပေးတာတွေ ၊ “အချီကြီး အပွကြံမယ်” ဆိုတဲ့ လုပ်ရပ်တွေဟာ တစ်ခုမှ ဖြစ်မလာတာ များပါတယ်။ အလိမ်ခံရတာ/ဆုံးရှုံးသွားရတာတွေနဲ့ ဇာတ်သိမ်းတတ်ပါတယ်။

ဒါကြောင့် အင်္ဂါအခါတိုင်မှာ “သက်ဆိုင်ရာဂြိုဟ် (၃)လုံး စလုံး” အပေါ်ဖက်မှာ ရောက်နေရင်တောင်မှ ငွေကြေးနဲ့ ရင်းနှီးမြုတ်နှံမှုနဲ့ ပတ်သက်လာရင် လံကြုပ်သတင်းကြီး ဖြစ်နေတတ်တာမျိုး မကြာခဏ ကြုံရဘူးပါတယ်။ ဒီတိုင်မှာ ကြုံရ ကြားရတဲ့ ကိစ္စအားလုံးရဲ့ (၉၀)% လောက်ဟာ “သတင်းမှား ချည်းသာ” ဖြစ်နေတတ်တာကို အထူးသတိပြုပါ။

ဗုဒ္ဓဟူး-အခါတိုင်

 

 

သတင်းစကား တစ်ခုကို ကြားသိလိုက်ရတဲ့ အချိန်ဟာ “ဗုဒ္ဓဟူး-အခါတိုင်” နဲ့ ကြုံကြိုက်နေမယ်ဆိုရင် – အောက်ပါ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ “ဆန်း” ဝင်ပါတယ်။

မတရား ပြုလုပ်ခြင်း / အနိုင်ကျင့်ခြင်း များ ကိစ္စ ၊ အကြမ်းဖက်မှု / လုယက်မှု / မုဒိမ်းမှု ဆိုင်ရာ ကိစ္စ ၊ စစ်ပွဲ / စစ်တိုက်ခြင်း ဆိုင်ရာ ကိစ္စ ၊ အာဏာသိမ်းခြင်း ဆိုင်ရာ ကိစ္စ ၊ ဆန္ဒပြခြင်း / သပိတ်မှောက်ခြင်း ဆိုင်ရာ ကိစ္စ ၊ လူစုလူဝေးဖြင့် အကြမ်းဖက် ခြင်း ကိစ္စ ၊ လူထု အုံကြွမှု ဆိုင်ရာ ကိစ္စ ၊ အပျော်အပါး နှင့် ကာမဂုဏ် အာရုံဆိုင်ရာ ကိစ္စ များ ၊ လိင်ဖောက်ပြန်ခြင်း ကိစ္စ များ ၊ ခိုက်ရန်ဖြစ်ပွားခြင်း / တုတ်ဆွဲ ဒါးဆွဲ ကိစ္စ များ ၊ သွေးထွက်သံယို ကိစ္စများ ၊ ရာသီဥတုဖောက်ပြန်ခြင်း နှင့် သဘာ၀ ဘေးဥပဒ်ဆိုင်ရာ ကိစ္စများ ၊ မီးလောင်ခြင်း / ပေါက်ကွဲခြင်း ဆိုင်ရာ ကိစ္စများ ၊ ဓာတုဗေဒ ဓာတ်ဆေးဝါး ဆိုင်ရာ ကိစ္စ ၊ ဆေးဝါးအတုအပ / ဆေးမှားခြင်း / ဆေးကုမှားခြင်း ကိစ္စ ၊ ဆေးရုံ ဆေးခန်းများနှင့် ပတ်သက်သော ကိစ္စ ၊ လူထု အထိတ် တလန့် ဖြစ်စေမည့် ခြိမ်းခြောက်မှုများ နှင့် ဆိုင်သော ကိစ္စ ၊ ပြန်ပေးဆွဲခြင်း / ဓါးစာခံ လုပ်ခြင်း ကိစ္စ . . စသည်များနှင့် ပတ်သတ်နေတတ်ပါတယ်။

ဒီလို ပတ်သက်မှုရှိရင် ဒီ “ဗုဒ္ဓဟူးတိုင်” ဟာ “ဆန်း ဝင်” / “နိမိတ်ဝင်” နေပြီ လို့ ပြောနိုင်ပါတယ်။

ကြာသပတေး-အခါတိုင်

 

 

သတင်းစကား တစ်ခုကို ကြားသိလိုက်ရတဲ့ အချိန်ဟာ “ကြာသပတေး-အခါတိုင်” နဲ့ ကြုံကြိုက်နေမယ်ဆိုရင် – အောက်ပါ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ “ဆန်း” ဝင်ပါတယ်။

လူကုန်ကူးခြင်း / လူမှောင်ခို / ပြည့်တန်ဆာလုပ်ငန်း များနှင့် ဆိုင်သော ကိစ္စများ ၊ တရားမဝင် မှောင်ခိုလုပ်ငန်း အမျိုးမျိုး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း ဆိုင်ရာ ကိစ္စများ ၊ အရက်သေစာ သောက်စားခြင်း၊ မူးယစ်ရမ်းကားခြင်း ကိစ္စများ ၊ ငွေကြေး လိမ်လည်မှု များ ၊ ငွေကြေး ခဝါချမှုများ ၊ လာဘ်စားမှု ဆိုင်ရာ ကိစ္စများ ၊ သမ္မာအာဇီ၀ မကျသော ကိုယ်ကျိုးရှာ လုပ်ငန်းများ ၊ လောင်းကစားမှု ဆိုင်ရာ ကိစ္စများ ၊ ရဲ / ထောက်လှမ်းရေး နှင့် ပတ်သက်နေသော ကိစ္စများ ၊ လျှို့ဝှက် စပိုင် ကိစ္စများ ၊ နိုင်ငံတော် သစ္စာဖောက်မှုများ ၊ အရေးကြီးသော သတင်းအချက်အလက်များ ပေါက်ကြားခြင်း ကိစ္စများ ၊ ကုမ္ပဏီပိုင် / အဖွဲ့အစည်းပိုင် လျှို့ဝှက်ချက်များ ရောင်းစားခံရခြင်းများ ၊ စာချုပ်စာတန်း လိမ်လည်ခြင်းများ ၊ ရှေ့နေ / တရားသူကြီးများ နှင့် ဆိုင်သော ကိစ္စများ ၊ လူအများ အစုလိုက်အပြုံလိုက် သေကြေပျက်စီးခြင်းများ ၊ လေယာဉ်ပျက်ကျ ခြင်းများ ၊ ရွှေဈေးနှုန်း / ဒေါ်လာဈေးနှုန်း အတက်အကျ သတင်းများ ၊ သတင်း / ဆက်သွယ်ရေး / မီဒီယာဆိုင်ရာ ကိစ္စများ ၊ စာ/နယ်/ဇင်း လုပ်ငန်းများ ၊ ပွဲစား/အကျိုးဆောင် လုပ်ငန်းများနှင့် ပတ်သက်သော ကိစ္စများ . . စသည်များနှင့် ပတ်သတ်နေတတ်ပါတယ်။

ဒီလို ပတ်သက်မှုရှိရင် ဒီ “ကြာသပတေးတိုင်” ဟာ “ဆန်း ဝင်” / “နိမိတ်ဝင်” နေပြီ လို့ ပြောနိုင်ပါတယ်။

သောကြာ-အခါတိုင်

 

 

သတင်းစကား တစ်ခုကို ကြားသိလိုက်ရတဲ့ အချိန်ဟာ “သောကြာ-အခါတိုင်” နဲ့ ကြုံကြိုက်နေမယ်ဆိုရင် – အောက်ပါ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ “ဆန်း” ဝင်ပါတယ်။

ရူးသွပ်ခြင်း / စိတ်ဖောက်ပြန်ခြင်း ကိစ္စများ ၊ စိတ်ဖောက်ပြန်ခြင်း နှင့် ဆိုင်သော ရာဇဝတ်မှုများ / အနိဌာရုံများ ၊ ဘာသာရေး ဆိုင်ရာ ပဋိပက္ခများ ၊ ဘာသာရေး အဓိကရုဏ်းများ ၊ ဥပဒေမဲ့ လုပ်ရပ်များ ၊ တရားဥပဒေ ချိုးဖောက်ခြင်း ကိစ္စများ ၊ စိတ်ကြွဆေးများ သုံးစွဲမှု/ ရောင်းဝယ်ဖောက်ကားမှု ကိစ္စများ ၊ အနုပညာလောကမှ အတင်းအဖျင်း ကိစ္စများ ၊ အနုပညာရှင်များ၏ လိင်ဖောက်ပြန်မှု ကိစ္စများ ၊ ဘာသာရေး အရေခြုံ ကိစ္စများ ၊ ဘိုးတော် / မယ်တော် / ဝိဇ္ဇာ အတုများ / ဘုန်းကြီးအတုများ ပါဝင်နေသော ကိစ္စများ ၊ သံဃာလောကမှ ဝိနိစ္ဆယ အမှုအခင်းများ ၊ ဘာသာရေးဆိုင်ရာ အငြင်းပွားမှုများ ၊ ဘာသာရေးဘန်းပြ ဂိုဏ်းဂဏ အရှုတ်အထွေးများ ၊ ဂမ္ဘီရ ဆိုင်ရာ အထူးအဆန်း သတင်းများ ၊ သာမန်မဟုတ်သော ထူးခြားဆန်းကြယ်သည့် ဖြစ်ရပ်များ ၊ မိမိ၏ အလုပ်ရှင် / အကြီးအကဲများ နှင့် ပတ်သက်နေသော ကိစ္စများ . . စသည်များနှင့် ပတ်သတ်နေတတ်ပါတယ်။

ဒီလို ပတ်သက်မှုရှိရင် ဒီ “သောကြာတိုင်” ဟာ “ဆန်း ဝင်” / “နိမိတ်ဝင်” နေပြီ လို့ ပြောနိုင်ပါတယ်။

စနေ-အခါတိုင် (*)

 

 

သတင်းစကား တစ်ခုကို ကြားသိလိုက်ရတဲ့ အချိန်ဟာ “စနေ-အခါတိုင်” နဲ့ ကြုံကြိုက်နေမယ်ဆိုရင် – အောက်ပါ ကိစ္စတွေနဲ့ ပတ်သတ်ပြီးတော့ “ဆန်း” ဝင်ပါတယ်။

ထောင်၊ အချုပ် နှင့် ပတ်သက်သော ကိစ္စ ၊ ဆေးရုံ/ဆေးခန်း ကိစ္စ ၊ တရားဥပဒေ အမှုအခင်း ကိစ္စ ၊ နာရေး ကိစ္စ ၊ သေဆုံးခြင်း / သုဿာန် / သချုႋင်း စသည့် ကိစ္စများ ၊ သွေးထွက်သံယို ကိစ္စများ ၊ လူအစုလိုက် အပြုံလိုက် ထိခိုက်ဒဏ်ရာ ရခြင်း ၊ သေဆုံးခြင်း ကိစ္စများ ၊ မိမိကိုယ်ကို သတ်သေခြင်းကိစ္စ၊ လူသတ်မှု ဖြစ်ပွားခြင်း ကိစ္စ ၊ မော်တော်ကား / လေယာဉ် / သင်္ဘော / မီးရထား Accident အမျိုးမျိုး ၊ ကူးစက်ရောဂါ နှင့် ကပ်ရောဂါ ဆိုင်ရာ ကိစ္စများ ၊ ရာသီဥတုဖောက်ပြန်ခြင်း နှင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုး ၊ ရာဇဝတ်မှု အမျိုးမျိုး ၊ မီးလောင်ခြင်း နှင့် ပေါက်ကွဲခြင်း ကိစ္စများ ၊ သြဇာကြီးမားသော အုပ်ချုပ်ရေးခေါင်းဆောင် / ဘာသာရေး ခေါင်းဆောင်များ ၏ ကျန်းမာရေး နှင့် နာရေး သတင်းများ၊  နာမည်ကြီး ပုဂ္ဂိုလ် (Celebrity)တို့၏ နာရေး သတင်းများ၊ နာမ်လောက ဆိုင်ရာ ကိစ္စများ ၊ စုန်း/ကဝေ/ အောက်လမ်းပညာ ဆိုင်ရာ ကိစ္စများ ၊ လောကီပညာ ဆိုင်ရာ ကိစ္စများ ၊ ဝိဉာဉ်ခေါ်ခြင်း/ နတ်ပူးခြင်း/ပယောဂ ဆိုင်ရာ ကိစ္စများ ၊ ဝိပဿနာအကျင့်ဆိုင်ရာ ကိစ္စများ၊ တရားထူးရခြင်း ကိစ္စများ၊ အနာဂါမ် . . ရဟန္တာ အစရှိသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ . . စသည်များနှင့် ပတ်သတ်နေတတ်ပါတယ်။

ဒီလို ပတ်သက်မှုရှိရင် ဒီ “စနေတိုင်” ဟာ “ဆန်း ဝင်” / “နိမိတ်ဝင်” နေပြီ လို့ ပြောနိုင်ပါတယ်။

“စနေတိုင်” နဲ့ ပတ်သက်ရင် “မကောင်းတာမှန်သမျှ အားလုံးဖြစ်နိုင်တဲ့တိုင်” လို့ မှတ်ယူရပါမယ်။ လူ့လောကရဲ့ အနိဌာရုံ အားလုံးကို ကိုယ်စားပြုတဲ့ တိုင်ဖြစ်ပါတယ်။ ဒီတိုင်မှာ “ကောင်းသတင်း” ဆိုရင်သာ မဖြစ်ဘဲ နေချင်နေမယ်/ မကောင်း သတင်းဆိုရင် မှန်တတ်ပါတယ်။ အင်္ဂါတိုင်လိုဘဲ အထူးသတိပြုရမယ့် တိုင်ဖြစ်ပါတယ်။

ဒီလို အခါတိုင်တွေရဲ့ “တိုင်အတိတ်/တိုင်နိမိတ်” ဖွင့်ဆိုချက်တွေကို သိထားရင် မိမိကြားသိရတဲ့ သတင်းအမှားအမှန်ကို ဆုံးဖြတ်ရာမှာ ပိုမိုအထောက်အကူ ဖြစ်နိုင်ပါလိမ့်မယ်။ ဗေဒင်လေ့လာစ ဝါသနာရှင်အားလုံးအတွက် မိမိလေ့လာ တတ်သိသမျှထဲမှ ဝေမျှ ပေးခြင်းဖြစ်ပါတယ်။ အသုံးဝင်လိမ့်မယ်လို့ မျှော်လင့် ပါတယ်။

စာဖတ်သူ ညီအစ်ကိုမောင်နှမအားလုံး ကျန်းမာချမ်းသာကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

ဘာသာရေး နှင့် ဗေဒင်ပညာ

(ဤဆောင်းပါးသည် မိမိ၏ ကွန်းမန့်ထဲတွင် လူတစ်ယောက်က “ဘာသာရေး နှင့် ဗေဒင်ကို မရောယှက်ပါနှင့်” ဟု ရေးလာခြင်းကြောင့် ချက်ခြင်းကောက်ရေး လိုက်သော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးတွင် – မိမိ၏ စိတ်တို၊  စိတ်ဆတ်လွယ်…
Read More

မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် /နှစ်သစ် ဟောကိန်းများ

ပြီးခဲ့တဲ့ (၄)လ လောက်က ခရစ်နှစ် ၂၀၁၀ ခုနှစ် “ခရစ်နှစ်သစ်” ဟောကိန်းများ ရေးပြီး အခုတစ်ခါ မြန်မာသက္ကရာဇ်၁၃၇၂ ခုနှစ် “မြန်မာနှစ်သစ်” အတွက် ဟောကိန်းများ ရေးရပြန်ပါပြီ။ ကျွန်တော်တို့ ဗေဒင်ဆြာ…