ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်း နိမိတ်ထွန်း၏

ဗုဒ္ဓဘာသာ ကျမ်းစာတွေတွေအရ (၃၁) ဘုံကို အကြမ်းအားဖြင့် – လူ့ဘုံ၊ နတ်ဘုံ၊ ဗြမ္မာ့ဘုံ ဆိုပြီး သုဂတိဘုံက (၃)ဘုံ။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ ဒုက္ခတိဘုံက (၄)ဘုံ ဆိုပြီး ခွဲခြားထားပါတယ်။ အဲဒီမှာ လူသားတွေနေဖို့အတွက် မြင့်မိုရ်တောင်ဆိုတဲ့ တောင်ကြီးကို ဝန်းရံပြီး အရှေ့ကျွန်း၊ တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း ဆိုပြီး ကျွန်းကြီး လေးကျွန်း ရှိပါသတဲ့။ အဲဒီ ကျွန်းကြီးလေးကျွန်းပေါ်မှာ နေထိုင်ကြသူ တွေဟာ လူ့ဘုံလောကသားတွေပေါ့။

အဲဒီမှာ ကျွန်တောင်တို့နေထိုင်တဲ့၊ ဘုရားအဆူဆူပွင့်တဲ့ ကျွန်းကတော့ “ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်း” လို့ ခေါ်တဲ့ မြင့်မိုရ်တောင်ကြီးရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ တောင်ကျွန်း လို့ ဆိုပါတယ်။ ကျန်တဲ့ကျွန်းတွေမှာ ဘုရားပွင့်လေ့မရှိဘဲ လက်ယာတောင်ကျွန်းလို့ခေါ်တဲ့ တောင်ကျွန်းအရပ် သည်သာလျှင် ဘုရားရှင် အဆူဆူပွင့်တော်မူရာ မြင့်မြတ်သော ဘူမိနက်သန် နေရာတစ်ခု ဖြစ်တယ်လို့ ပိဋကတ်တော်တွေမှာ အဆိုရှိပါတယ်။

(ဆရာရေ – ကျွန်တော်တော့ “ Google Map ” မှာကြည့်တာ ဒီကျွန်းတွေကို မတွေ့ပါဘူးလို့တော့ ကပ်တီးကပ်ဖဲ့ မပြောနဲ့နော်။ လောကကြီးမှာ ကိုယ်မသိနိုင်သေးတာတွေ အများကြီး ရှိသေးတယ် လို့သာ ခံယူလိုက်ပါဗျာ။ တကယ်လည်း လောကကြီးအကြောင်းကို လူတွေသိတာက နည်းနည်းလေးပါ။ မသိတာက တကယ့်ကို အများကြီးပါ၊ ကိုယ့်မျက်စေ့နဲ့ မမြင်လို့သာ မရှိဘူးပြောရရင် နေ့စဉ်ရှုရှိုက်နေတဲ့ “လေ” ကိုကော မြင်ရလို့လား။ ဒါပေမယ့် “လေ” ရှိတယ်ဆိုတာတော့ လက်ခံတယ်မဟုတ်လား။ ဒီလိုဘဲပေါ့)