ဒီနှစ် (2009)ခုနှစ် ဇွန်လပိုင်း (4) ရက်နေ့တုန်းက မြန်မာနိုင်ငံ အထက်ပိုင်း မုံရွာမြို့အနီးမှာရှိတဲ့ “ဗောဓိတစ်ထောင်” ဘုရားမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူ ရုပ်ပွားတော်ကြီးရဲ့ ဓာတ်လှေကား မတော်တဆမှုကြောင့် မြန်မာနိုင်ငံမှာ အလွန်ထင်ရှား ကျော်ကြားလှတဲ့ ဆရာတော်(၂)ပါး ထိခိုက် ဒဏ်ရာ ရခဲ့ကြတာကို အများပြည်သူတွေ ကြားသိလိုက်ကြမှာပါ။ အဲဒီ ဆရာတော် (၂)ပါး ကတော့ “ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက” နဲ့ “အရှင်ရာဇိန္ဒ (ခ) ရဝေနွယ်(အင်းမ) တို့ဘဲဖြစ်ကြပါတယ်။ ဒီသတင်းကို ကြားလိုက်ရချိန်မှာ စာရေးသူရဲ့ စိတ်ထဲမှာ အလွန်စိုးရိမ်ခဲ့ရပြီး အလွန်လဲ စိတ်မကောင်းခြင်းဖြစ်ရပါတယ်။ ကျွန်တော်ဟာ ဆရာတော်(၂)ပါး လုံးရဲ့ စာဖတ် ပရိတ်သတ် တစ်ဦးဖြစ်ပြီး ဆရာတော် (၂)ပါးလုံးကို ပရိယတ်၊ ပဋိပတ် အကျင့်စရဏ တွေကြောင့်ရော၊ စာပေ အရေးအသား ထူးချွန် ပြောင်မြောက် လှမှုတွေကြောင့်ရော အလွန်ကြည်ညိုသူ ဥပသကာ တစ်ဦး ဖြစ်ပါတယ်။ သတင်းကို အသေးစိတ် သိရချိန်မှာတော့ အသက်အန္တရာယ် မရှိကြလို့ တော်တော် စိတ်အေးသွားပါတယ်။ “အရှင်ဆန္ဒာဓိက” က ခြေဖမိုး နဲ့ ဒူးခေါင်း ဂုံညင်းမှာ ဒဏ်ရာ ရသွားပြီး “အရှင်ရဝေနွယ်” ကတော့ ပိုမိုပြင်းထန်စွာ ထိခိုက်ပြီး ခြေသလုံးရိုးတစ်ချောင်း ကျိုးသွားလို့ စတီးချောင်း ထည့်ထားရပါတယ်။ (၅)ရက်လောက်လည်း သတိလစ်နေတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်မှာ တစ်ချို့သော ပုဂ္ဂိုလ်တွေရဲ့ ဂရုဏာဒေါသောနဲ့ ပြောကြတာတွေကို ကြားရပါတယ်။ “ဘယ်နှယ့်ဗျာ၊ လောကမှာ မကောင်းမှု ဒုစရိုက်မျိုးစုံကို လုပ်နေတဲ့ သူတွေကြတော့ ဘာမှ မဖြစ်ဘဲ ဒီလို သူတော်ကောင်းတွေကြမှ ဒီလို ဘေးဥပဒ်တွေနဲ့ ကြုံရပါလိမ့်၊ လောကကြီးမှာ လောကပါလတရား ဆိုတာ ရှိမှ ရှိပါသေးရဲ့လား” ဆိုတဲ့ အသံတွေကို တော်တော်ကြားလိုက် ရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလို ဂရုဏာ ဒေါသောနဲ့ ပြောတဲ့ သူတွေကို နားလည်ခွင့်လွှတ်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ဟာ “သံသရာ ဝဋ်ကြွေး” ဆိုတာကို နားမလည်ကြလို့ ပြောတာဖြစ်ပါလိမ့်မယ်။
သတ္တဝါတွေရဲ့ “ဘဝသံသရာကြီး” ဟာ အလွန်ရှည်လျားလွန်းလို့ “သဗ္ဗညုတ” လို့ခေါ်တဲ့ အတိုင်းမသိ ရွှေဉာဏ်တော်ကြီးကို ပိုင်ဆိုင်ကြတဲ့ ဘုရားရှင်တွေ သော်မှ သတ္တဝါတစ်ဦးတစ်ယောက်ရဲ့ သံသရာ အစ, ကို မကြံဆနိုင်ကြပါဘူး။ ကျွန်တော်တို့ ဗုဒ္ဓဘုရားရှင်ဟာ သူကိုယ်တိုင် ပါရမီဖြည့်ဆည်းခဲ့ရတဲ့ “လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း” ကာလကို တစ်ခဏအတွင်း ကြံဆသိရှိနိုင်ပေမယ့် သတ္တဝါတစ်ဦးရဲ့ အစ, ကိုတော့ သိဖို့မလွယ်ဘူးဆိုတော့ သံသရာဆိုတာ ဘယ်လောက် ရှည်လျားလှသလဲ စဉ်းစားသာ ကြည့်ကြပါတော့။ ဒီသံသရာကြီးထဲမှာ ဘဝအမျိုးမျိုးကျဉ်လည်ခဲ့စဉ်အတွင်း သတ္တဝါတွေဟာ မပြုဘူးတဲ့ ကုသိုလ်/အကုသိုလ် ဆိုတာ မရှိသလောက်ပါဘဲ။ ကုသိုလ်/အကုသိုလ် ဆိုတာ ပြုခဲ့စဉ်မှာ “တစ်ကြိမ်တစ်ခါ” မျှသာ ပြုခဲ့ပေမယ့် အကျိုးပေးပြီ ဆိုရင်တော့ သံသရာမဆုံးသရွေ့ (ကုသိုလ်/အကုသိုလ်ကြီးရင် ကြီးရင် ကြီးသလောက်) အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အကျိုးပေးတတ်ပါတယ်။
ဗုဒ္ဓဘုရားရှင်ရဲ့ လက်ဝဲတော်ရံ “ရှင်မောဂ္ဂလန်” ကိုယ်တော်ကြီးဟာဆိုရင်လည်း ဘဝတစ်ခုမှာ မိဘနှစ်ပါးကို သတ်ဖြတ်ခဲ့တဲ့ ဝဋ်ကြွေးကြောင့် ဖြစ်လေရာ ဘဝတိုင်းမှာ သူများသတ်ဖြတ်ခံပြီး သေရတဲ့ ဘဝတွေဟာ မရေမတွက် နိုင်ခဲ့ပါဘူး။ နောက်ဆုံး ကျွတ်တမ်းဝင်မယ့် ဘဝမှာတောင်မှ ခိုးသားဓါးပြတို့ရဲ့ ရိုက်နှက် သတ်ဖြတ်မှုကြောင့် ပရိနိဗ္ဗာန် ပြုခဲ့ရရှာတယ် မဟုတ်ပါလား။ ဒါကြောင့် အကုသိုလ် တစ်ခုများ လွယ်လွယ်လေး မပြုကြပါနဲ့ဗျာ။ လုပ်လိုက်ရတော့ တစ်ကြိမ် တစ်ခါတည်းရယ်။ အကျိုးပေးလိုက်ရင်တော့ ဘဝပေါင်း အသင်္ချေအသင်္ချာ မရေမတွက်နိုင်အောင် အကျိုးပေးတတ်တာမို့ လုပ်ရတာနဲ့တောင် မတန်ပါဘူး။ ဘဝဆိုတာ တစ်ဘ၀ တစ်နပ်စာ မဟုတ်ပါဘူး။ အနပ်ပေါင်းများစွာ အတွက် ထည့်စဉ်းစားကြပါ။
အခု ဆရာတော်(၂)ပါးရဲ့ ဖြစ်အင်ကလည်း ဒီလိုပါဘဲ။ ဒီဘဝမှာတော့ သူတော်ကောင်းကြီးတွေဖြစ်နေကြပေမယ့် မရေမတွက်နိုင်သော အတိတ် နောက်ကြောင်း ဘဝတစ်ခုမှာ အလွန်ကြီးမားတဲ့ အကုသိုလ်ကံတစ်ခုကို ပြုခဲ့ကြပါဘူးလိမ့်မယ်။ ဒါကြောင့် သူ့အကျိုးပေးချိန်တန်လာတော့ “ရဟန်းဖြစ်ဖြစ်၊ သူတော်ကောင်းဖြစ်ဖြစ်” ကိုယ်ပြုခဲ့တဲ့ ဝဋ်ကြွေးကို ကိုယ်ပြန်ဆပ်ရတော့တာပါဘဲ။ အင်မတန်လည်း သံဝေဂ ရစရာ ကောင်းလှပါတယ်။
ဒီနေရာမှာ ဒီအဖြစ်အပျက်ဖြစ်ပြီးချိန်မှာ (ဗေဒင်ဆရာပီပီ) ဆရာတော်(၂)ပါးရဲ့ မွေးနေ့တွေကို ရှာကြည့်ပြီး လေ့လာကြည့်လိုက်တော့ တော်တော်စိတ်ဝင်စား စရာ ကောင်းတာကို သွားတွေ့ရတယ်ဗျ။ ဒါကြောင့် ဗေဒင်ပညာဆိုတာ လူ့သမိုင်းနဲ့ အတူ ပေါ်ပေါက်လာပြီး (သိပ္ပံပညာလို့ အသတ်မှတ် မခံရပေမယ့်) ယနေ့အချိန်ထိအောင် ရှင်သန်နေတာ ဒီလို မှန်ကန်မှုတွေကြောင့်ပါလားလို့ မှတ်ချက်ချမိတယ်ဗျာ။ ဒီဆောင်းပါးမှာ ဆရာတော်(၂)ပါးရဲ့ ဝဋ်ကြွေးကြမ္မာနဲ့ ဗေဒင်ပညာ ဆက်စပ်မှုကို သရုပ်ဖော်ပြမှာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဖြစ်စ ကတည်းက ဒီဆောင်းပါးကို ရေးချင်ပေမယ့် (9)ဂဏန်းသမားများအကြောင်း ရေးပြီးမှ ယခုဆောင်းပါးဟာ ဆက်စပ်မှုရှိနေလို့ပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီအဖြစ်အပျက်မှာ ပါဝင်တဲ့ ဆရာတော် (၂)ပါးလုံးဟာ (9)ဂဏန်း ပိုင်ရှင်တွေ ဖြစ်နေလို့ပါဘဲ။ ကြည့်ကြရအောင်။
ဆရာတော် ရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
ဆရာတော် “ရှင်ဆန္ဒာဓိက” အလောင်းအလျာကို ခရစ်နှစ် 1968 ခုနှစ် ဇန်နဝါရီလ (9)ရက် အင်္ဂါနေ့ မှာ ရေနံချောင်း မြို့ သူဌေးကုန်းရပ်ကွက်မှာ ခမည်းတော် ဦးစိန်ဝင်း၊ မယ်တော် ဒေါ်သိန်းသိန်း တို့မှ ဖွားမြင်သန့်စင်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ပညာအလွန်ထူးချွန်ခဲ့သူဖြစ်ပြီး လူရည်ချွန် (၃)ထပ်ကွမ်း ရခဲ့ဘူးပါတယ်။ 1984 ခုနှစ် (၁၀)တန်း စာမေးပွဲမှာ (၆)ဘာသာဂုဏ်ထူး (မြန်မာတစ်နိုင်ငံလုံး ဒုတိယ အဆင့်) နဲ့ အောင်မြင် ခဲ့ပါတယ်။ ဒါပေမယ့် ဘဝပါရမီ ရင့်သန်လာခဲ့တဲ့ ဆရာတော်လောင်းလျာဟာ လောကီကို မပျော်မွေ့ဘဲ အဲဒီနှစ်မှာဘဲ ရဟန်းပြုခဲ့ပြီး အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်မှာ စာပေပရိယတ္တိများကို သင်ကြားခဲ့ပါတယ်။ 1992 ခုနှစ်မှာ ပထမကျော်ဘွဲ့ နဲ့ 1995 ခုနှစ်မှာ ဓမ္မာစရိယဘွဲ့ တို့ကို ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဆရာတော်ဟာ စာပေပရိယတ်ဘက်ကနေ ပဋိပတ် ဘက်ကို ကျင့်ကြံအားထုတ်လိုတာကြောင့် သထုံမြို့နယ်၊ ကေလာသတောင်၊ ရွှေပါရမီတောရ မှာ တစ်ပါးတည်း ဧကစာရီ နေထိုင်ပြီး ဝိပဿနာ တရားများကို ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ 1998 ခုနှစ် သက်တော် (30)ပြည့်တဲ့နှစ်မှာ “တစ်ယောက်တည်းနေ၊ တစ်စိတ်တည်းထား” စာအုပ်နဲ့ စာပေလောကကို စတင်ဝင်ရောက်လာပါတယ်။ ဆရာတော် ဟာ စာအရေးအသား အလွန်ကောင်းပါတယ်။ သူ့စာအုပ်တွေကို ဖတ်ဖူးသူတွေဆို သိပါလိမ့်မယ်။ ဆရာတော်ဟာ သူပြောချင်တဲ့ ဓမ္မအနှစ်သာရကို ပုလဲကုံး၊ ပန်းကုံးများ သီဖွဲ့ထားသလို စာဖတ်သူစိတ်ထဲမှာ စွဲထင်သွားအောင် ရေးဖွဲ့နိုင်သူတစ်ဦးဖြစ်ပါတယ်။ ယခုအချိန်အထိ တရားဓမ္မစာအုပ်ပေါင်း (၄၀)ကျော် ရေးသားခဲ့ ပြီးဖြစ်ပါတယ်။ ဆရာတော့်အကြောင်း ပိုမိုသိလိုလျှင် ဒီ Link ကနေ နှိပ်ပြီး သွားလိုက်ပါ။
ဆရာတော် ရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)
ဆရာတော် “ရှင်ရာဇိန္ဒ (ခ) ရဝေနွယ်-အင်းမ ” ကို ခရစ်နှစ် ၁၉၆၉-ခုနှစ်၊ ဇွန်လ(၁၈)ရက် ဗုဒ္ဓဟူးနေ့ မှာ အဖ ဦးသိန်းနီစိန်+ အမိဒေါ်ကျင်နု တို့မှ ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၌ ဖွားမြင်ခဲ့ပါတယ်။ ၁၉၇၉-ခုနှစ်တွင် ပထမ အကြိမ် ရှင်သာမဏေပြုခဲ့ပါတယ်။ ၁၉၈၀-ခုနှစ်တွင် ဒုတိယအကြိမ် ရှင်သာမဏေပြုခဲ့ပြီး အဲဒီအချိန်မှာ ရှင်ရာဇိန္ဒ လို့ ဘွဲ့အမည်နာမ ရခဲ့ပါတယ်။ ၁၉၈၉-ခုနှစ်တွင် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ခဲ့ပါတယ်။ ဆရာတော်ဟာ ၁၉၉၀-ခုနှစ်၊ ဧပြီလထုတ် မြတ်မင်္ဂလာ စာစောင်တွင် ဓမ္မဆောင်းပါး တစ်ခုနဲ့ စာပေလောကထဲကို ရောက်ရှိလာပါတယ်။ အဲဒီနောက် မြတ်မင်္ဂလာ၊ သီလဝ၊ သစ္စာ၊ အပ္ပမာဒ၊ ဓမ္မဗျူဟာ၊ မြတ်သတိဝါဒီ၊ သူရဇ္ဇ၊ ရုပ်ရှင်တေးကဗျာ၊ Fashion Image ၊ Faces(မုခ)၊ Future Light ၊ ပေါ်ပြူလာ၊ အလင်းတန်း၊ အင်တာဗျူး၊ ရွှေပြည်တန် စတဲ့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့ပါတယ်။ ဆရာတော်ဟာလည်း စာရေးကောင်းသူ တစ်ဦးဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဘဝတိုင်း ဆုံတွေ့ချင်ပါသလား စာအုပ်ဟာ လူငယ်/လူလတ်ပိုင်းများ နားလည်လွယ်သော စာသားများဖြင့် ရေးသားထား ပြီး အလွန်လူကြိုက်များ အောင်မြင်ခဲ့တဲ့ စာအုပ်လည်း ဖြစ်ပါတယ်။ ဓမ္မဆောင်းပါးများအပြင် လုံးချင်း တရားစာအုပ် (၁၀)အုပ် ထုတ်ဝေခဲ့ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ဆရာတော် (၂)ပါးလုံးဟာ (9)ဂဏန်းသမားတွေဖြစ်ပါတယ်။ (9)ဂဏန်းသမားတွေဟာ ဘဝမှာ ဒီလို Accident ဖြစ်မှုတွေ၊ ရန်သူမျိုးငါးပါးနဲ့ သဘာ၀ ဘေးဥပဒ်တွေကို ကြုံရလေ့ရှိပါတယ်။ ဒီနေရာမှာ ဒီဂဏန်းတွေရဲ့ အကျိုးသက်ရောက်မှုဟာ သူတော်ကောင်းတွေတောင်မှ မလွတ် ကင်းနိုင်ကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ဂဏန်းဗေဒင်ရဲ့ တိုက်ဆိုင်မှုလေးတွေကို ကျွန်တော်ပြောချင်တာပါ။ ကျွန်တော့်ရဲ့ “(9)ဂဏန်းသမားများအကြောင်း တစေ့တစောင်း” ဒီလို ရေးထားတဲ့ အပိုဒ် တစ်ပိုဒ်ပါပါတယ်။ “(9)ဂဏန်း၊ (8)ဂဏန်း နဲ့ (4) ဂဏန်း ဆိုတဲ့ ဂဏန်း (၃)လုံး ပေါင်းစည်း မိပြီဆိုရင် ကြောက်စရာကောင်းတဲ့ ဘေးဥပဒ်တွေ ဖြစ်စေနိုင်တယ်ဗျ”
မှန်ပါတယ်။ အခုလည်း ဒီဖြစ်စဉ်ထဲမှာ ဒီဂြိုဟ် (၃)လုံးရဲ့ ပေါင်းစည်းမှုကို တွေ့နိုင်ပါတယ်။
(၁) ဆရာတော် အရှင်ဆန္ဒာဓိက က (9)ရက်နေ့မှာမွေးတဲ့ (9)ဂဏန်းသမားဖြစ်တယ်။ အင်္ဂါသားဖြစ်လို့ (9)ဂဏန်း စိုးမိုးသူလည်းဖြစ်တယ်။
(၂) ဆရာတော် ရဝေနွယ်(အင်းမ) က (18)ရက်နေ့မှာမွေးတဲ့ (9)ဂဏန်းသမားဖြစ်တယ်။ အဲဒီအဖြစ်အပျက်ဖြစ်ချိန်မှာ ဆရာတော်ဟာ သက်တော် (40)ထဲမှာ ရှိသေးတယ်။ (4)ဂဏန်း နဲ့ (9)ဂဏန်း တိုက်ခိုက်မှုဘဲ ဖြစ်ပါတယ်။
(၃) Accident ဖြစ်တဲ့နေ့ဟာ ဇွန်လ (4)ရက်နေ့ ဖြစ်တယ်။ (4)ဂဏန်းပါဘဲ။
(၄) မုံရွာမြို့နယ်ထဲမှာ ဖြစ်တာဖြစ်လို့ မုံရွာကို မြန်မာအက္ခရာနဲ့ပေါင်းရင် (၅ + ၄)=(9)ဂဏန်းဘဲ ရပါတယ်။ ဗောဓိတစ်ထောင် ကို ပေါင်းကြည့်ရင် (၅+၇+၇+၇)= ၂၆= (8)ဂဏန်းရပါတယ်။ ထိခိုက်ဒဏ်ရာ ရသွားသူအားလုံးဟာ ဆရာတော်က (၃)ပါး၊ လူက (၅)ယောက် = (8)ဂဏန်းပါဘဲ။
ဟုတ်ပြီနော် – ဒါက သင်္ချာဗေဒပိုင်း။ မြန်မာ့ရိုးရာ မဟာဘုတ်သက္ခတ် ပညာ နဲ့ နာမက္ခရ ပညာတို့ဘက်ကကြည့်ရအောင်။ သက္ခတ်ပညာအရ ဆရာတော် ရှင်ဆန္ဒာဓိက က အင်္ဂါသား – အသက် (၄၂)နှစ်ထဲမှာ ဆိုတော့ ဗုဒ္ဓဟူးသက္ခတ် ။ ဆရာတော် ရှင်ရာဇိန္ဒ က ဗုဒ္ဓဟူးသား အသက် (၄၀)ထဲမှာဆိုတော့ အင်္ဂါသက္ခတ် ။ (ကျွန်တော်ရေးတဲ့ “ဒုက္ခပေးတဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” ဆောင်းပါးကို မဖတ်ရသေးရင် ပြန်ဖတ်ကြည့်ပါ။ ဒီနေရာကနေ Click လုပ်ပြီး သွားနိုင်ပါတယ်) အောက်က ပုံကိုကြည့်ပါ။
ဒါကို ကြည့်ရင် “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ်တွေဟာ သတိထားသင့်တဲ့ “သက္ခတ်” တွေဖြစ်တာမို့ ဒီ သက္ခတ် တွေထဲမှာ အနေအထိုင် အသွားအလာ ဆင်ခြင် သင့်လှပါတယ်။ ဒါကြောင့် ကိုယ် ဘယ် “သက္ခတ်” ထဲရောက်နေတယ်ဆိုတာကို အလွယ်သိနိုင်အောင် “သက္ခတ်အလွယ်ကြည့်နည်း နှင့် ယတြာ” များ ကို Download ပေးထားပါတယ်။ Download လိုချင်သူများ ဒီနေရာကို Click လုပ်ပြီး သွားယူနိုင်ပါတယ်။
နောက်တစ်ခုက “ပက္ခတ်” မိခြင်း-
ဆရာတော် ရှင်ဆန္ဒာဓိက” ဟာ 1968 ခုနှစ် ဇန်နဝါရီလ (9)ရက် အင်္ဂါနေ့ မှာ ဖွားမြင်တာကြောင့် “မဟာဘုတ် (၆)ကြွင်း” ဖြစ်ပါတယ်။ အင်္ဂါ အဓိပတိဖွား ဖြစ်ပါတယ်။ အောက်မှာ ကြည့်ပါ။
အထက်က မဟာဘုတ်ခွင်မှာ ရှင် “ဆန္ဒာဓိက” ရဲ့ ရှေ့ဆုံး နေ့နံ “ဆ” နဲ့ နောက်ဆုံး နေ့နံ “က” တို့ “ပက္ခတ်” မိနေတာကို တွေ့ရပါမယ်။ ဒီအကြောင်းကို “သင့်နာမည် ပက္ခတ်လွတ်ရဲ့လား” ထဲမှာ အကျယ်တဝင့် ရေးထားပါတယ်။
နောက်တစ်ခုက ဒီခရီးစဉ်မှာ အဓိက ကျတဲ့ ဦးဆောင်သူ (၂)ဦးဖြစ်တဲ့ ရှင်ဆန္ဒာဓိက နဲ့ ရှင်ရဝေနွယ် တို့ဟာ တစ်ဦး နဲ့ တစ်ဦး မဟာဘုတ်အဖွားခြင်း ပက္ခတ် ကျနေတာကို တွေ့ရပါမယ်။ အောက်ကပုံကို ကြည့်ပါ။
ရှင်ဆန္ဒာဓိက က (၆)ကြွင်းအင်္ဂါ (အဓိပတိဖွား)၊ ရှင်ရဝေနွယ် က (၁)ကြွင်း ဗုဒ္ဓဟူး (မရဏဖွား) တွေဖြစ်ကြပါတယ်။ ဘာအကြွင်းဖွားဖြစ်ဖြစ် အဖွားခြင်း ပက္ခတ်ကျရင်လည်း အားပြင်းတဲ့ ပက္ခတ်တစ်မျိုးပါဘဲ။ ဒီလို တစ်ဦးနဲ့ တစ်ဦးဟာ မဟာဘုတ်အဖွားခြင်း “ပက္ခတ်” ကျနေရင် အိမ်ထောင်ဘက်ပြုခြင်း၊ စီးပွားအတူတွဲဖက်လုပ်ကိုင်ခြင်း၊ အတူတစ်ကွ ခရီးရှည်သွားခြင်းတို့မှာ ပြဿနာတွေ ရှိတတ်ပါတယ်။
ဒီတော့ ဒီဖြစ်စဉ်မှာ ထူးခြားချက်တွေက ဆရာတော် (၂)ပါးလုံးဟာ (9)ဂဏန်းသမားတွေ ဖြစ်တာရယ်၊ ဒုက္ခပေးတတ်တဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သက္ခတ်တွေထဲမှာ ရောက်နေတာရယ်၊ နာမည် ပက္ခတ်မိတာရယ် တွေကြောင့်ဘဲ ဖြစ်ပါတယ်။ ဒီတော့ ရှေးဘ၀ ဘ၀ က ပြုခဲ့တဲ့ “အကုသိုလ်” တွေ အကျိုးပေးချိန်ရောက်တဲ့အချိန်မှာ ဒီဂဏန်းတွေဟာ “ထ” ပြီး အလုပ်လုပ်တော့ တာပါဘဲ။
ဒါဆောင်းပါးကတော့ အလွန် ထင်ရှားတဲ့ ပုဂ္ဂိုလ်ထူးတွေမို့ သာဓက ဆောင်ပြခြင်းသာဖြစ်ပါတယ်။ ကျွန်တော့်ဆီမှာ နာမည် ပက္ခတ်မိလို့ ဒုက္ခမျိုးစုံ တွေ့ရသူ တွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သက္ခတ်တွေထဲမှာ ရောက်နေလို့ ဒုက္ခဖြစ်နေသူတွေ စာရင်းဟာ ရာနဲ့ထောင်နဲ့ ချီပြီး ရှိပါတယ်။ ဒီအထဲက ဖြစ်ရပ်တစ်ခုကို ထုတ်နုတ် ပြခြင်းသာဖြစ်ပါတယ်။ ကျွန်တော်ပြောရဲပါတယ်။ ဆရာတော် (၂)ပါးဟာ အလွန်ထင်ရှားလွန်းလို့ မွေးသက္ကရာဇ် သိရတာပါ။ အဲဒီ ဓာတ်လှေကား Accident မှာ ပါတဲ့ လူတော်တော်များများဟာလည်း နာမည် ပက္ခတ်မိခြင်းဖြစ်ဖြစ်၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သက္ခတ်တွေထဲမှာ ရောက်နေသူတွေဖြစ်ဖြစ် အများစု ပါဝင်ကြပါလိမ့်မယ်။ နောက်ပြီး အားလုံးဟာ (4) (8) (9) ဂဏန်းတွေ နဲ့ တနည်းမဟုတ် တနည်း ဆက်စပ်နေပါလိမ့်မယ်။ အထူးသဖြင့် ဆရာတော် (၂)ပါးက (9)ဂဏန်းသမားတွေဆိုတော့ ကျန်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ (4)ဂဏန်းသမားတွေ နဲ့ (8)ဂဏန်းသမားတွေ “ကျိန်းသေပေါက် ပါကို ပါရမယ်”။ ဒီလို မပါဘဲနဲ့ ဒီလောက်ဆိုးဝါးတဲ့ အဖြစ်အပျက် ဖြစ်စရာ မရှိဘူး။
ဒါပေမယ့် နာမည် ပက္ခတ် မိသူတွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ သက္ခတ်တွေထဲမှာ ရောက်နေသူတွေဟာ အမြဲတမ်း ထိတ်လန့် ကြောက်ရွံ့နေရမယ်လို့ အဓိပ္ပါယ်ကောက် မလွဲစေချင်ပါဘူး။ ဒါပေမယ့် စား, သတိ၊ သွား, သတိ နဲ့ နေကြပါ။ ကုသိုလ်တရားကို များများ ပြုကြပြီး အကုသိုလ်တရား တိုးပွားစေမယ့် ကိစ္စတွေကို ထပ်မလုပ်မိအောင် ရှောင်ကျဉ်ကြပါလို့ တိုက်တွန်း လိုပါတယ်။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)