ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက ချစ်စရာကောင်းတဲ့ မြန်မာ့ဟူးရား ဗေဒင် ကို ရေးခဲ့ပြီး ဟူးရား ဗေဒင်နဲ့ ပတ်သက်လို့ နောက်ထပ် ရေးချင်စိတ် ပေါ်လာတဲ့ အတွက် ယခင် ဆောင်းပါးကို အမှတ် (၁) လုပ်လိုက်ပြီး ယခုဆောင်းပါးကို အမှတ် (၂)ဆိုပြီး တပ်လိုက်ပါတယ်။ ယခင် ဆောင်းပါး အမှတ် (၁)ကို မဖတ်ရသေးသူများ ဒီနေရာ ကနေ Link နဲ့ သွားနိုင်ပါတယ်။ ဖတ်ချင်ရင် ဒီနေရာကို Click လုပ်ပါ။ ပထမ ဆောင်းပါးမှာ ပြောခဲ့သလိုဘဲ ဟူးရားဗေဒင်ပညာဟာ ပေါ့ပါးလွယ်ကူ တယ်။ မွေးရက် မွေးနာရီ မသိသူတွေ အတွက် အလွန်အဆင်ပြေတယ်။ သံဒိဌာန် ပြက္ခဒိန် ထဲက ဂြိုဟ်တွေကို အကြမ်းမှတ်ထားပြီး “ပြဿနာ မေးခွန်း” ပေါ်လာချိန်မှာ “လဂ်” ကောက် တပ်လိုက်တာနဲ့ ဟူးရားဇာတာခွင်တစ်ခု ရလာပြီ။ ဟောလို့ရပြီ။
အခု ကျွန်တော်ကိုယ်တိုင် တီထွင်ပြီး အသုံးပြုနေတဲ့ “ဟူးရား-မဟာကာလကြီး” ကျတော့ ဘာ “သံဒိဌာန်ပြက္ခဒိန်” မှ မလိုတော့ဘူး။ တနင်္ဂနွေဂြိုဟ် ဘယ်ရာသီမှာ ရှိတယ်ဆိုတာ မှတ်ထားရုံဘဲ။ တနင်္ဂနွေဂြိုဟ် ရာသီခွင် တစ်ခုကနေ တစ်ခုကို ပြောင်းတဲ့ (၁၆)ရက် (၁၇)ရက် ဝန်းကျင်ဘဲ သတိ ထားရတယ်။ ကျန်တဲ့ ရက်တွေအတွက် ဘယ်ရာသီမှာ ရှိတယ်ဆိုတာ သိရင် ရပြီ။ အခုဆိုရင် ကနေ့ဘဲ တနင်္ဂနွေဂြိုဟ် “ကန်ရာသီ” ကို ပြောင်းသွားပြီ။ ဒီတော့ ဒီနေ့ကနေ နောက်တစ်လအတွင်း “ကန်ရာသီ” မှာ တနင်္ဂနွေကိုမူတည်ပြီး အချိန်ကောက်ကြည့် ဇာတာဖွဲ့။ (၂)မိနစ်လောက်ဆို ဇာတာရပြီး (၅)မိနစ်အတွင်း အဖြေ ထွက်သွားပြီ။ ဘယ်လောက်ပေါ့ပါး လွယ်ကူလိုက်သလဲ။ မှန်တဲ့ရာနှုံးကလည်း (၉၀)%ကျော်ရှိတယ်။
ဟူးရားဗေဒင် ပညာမှာ ကျွန်တော်အကြိုက်ဆုံးက အရေးကြီးတဲ့ ပြဿနာတွေကို ဆုံးဖြတ်တဲ့ နေရာမှာ အားကိုးလောက်စရာ ဖြစ်တာကိုပါဘဲ။ တကယ်တော့ လူ့ဘဝဆိုတာ “ဆုံးဖြတ်ချက်များရဲ့ ဖြစ်စဉ်” ဘဲ မဟုတ်ပါလား။
နေ့စဉ် မိုးလင်းလာတဲ့ အချိန်ကနေ အိပ်ချိန်ထိ အောင် ဆုံးဖြတ်ချက်တွေ ချနေရတာဘဲမဟုတ်လား။ ဒီနေ့ ဘယ်ဝတ်စုံဝတ်ရမလဲ။ ဘာဟင်းနဲ့ ထမင်းချက်ရမလဲ။ သို့မဟုတ် ဘယ်ဆိုင်မှာ ဘာဟင်းနဲ့ ထမင်းစား ရမလဲ။ ဒီနေ့အလုပ်ကို ဘယ်လိုပုံစံလုပ်ရမလဲ။ အလှူ နဲ့ မင်္ဂလာဆောင် နှစ်ခုတိုက်နေတာ ဘယ်သူ့ဆီက ပိုသွားဖို့ သင့်သလဲ။ ဒီနေ့ ဒီပစ္စည်းကို ဝယ်သင့်ပြီလား/ရောင်းသင့်ပြီလား။ အထက်အရာရှိနဲ့ စကားပြောရင် ဘာကို အဓိကထားပြောရမလဲ …. စတဲ့ အသေးအဖွဲ ဆုံးဖြတ်ချက် ကလေးတွေဟာ နေ့တိုင်းလို ရှိနေတတ်ကြတာပါ။
ဒီလို အသေးအဖွဲ ဆုံးဖြတ်ချက်တွေရှိသလို တစ်ခါတစ်ရံ အလွန်အရေးကြီးပြီး ဘဝအလှည့်အပြောင်း ဖြစ်သွားနိုင်တဲ့ ဆုံးဖြတ်စရာ ကိစ္စတွေလည်း မကြာခဏ ကြုံဘူးကြမှာပါ။ ကျောင်းသားဘဝမှာ ဘာသာတွဲ ယူရမလဲဆိုတာမျိုး။ ဘယ် ဘာသာရပ်ကို ယူပြီး အသက် မွေးဝမ်းကျောင်းပြုရင် ကိုယ်နဲ့ အသင့်တော်ဆုံး ဖြစ်မလဲ။ ဒီအလုပ်မှာ ဝင်သင့်သလား။ တက်လမ်းရှိပါ့မလား။ နောက်အလုပ်ပြောင်းရင် အရင်အလုပ်လောက် အဆင်ပြေပါ့မလား။ အလုပ်ထွက်ပြီး ကိုယ်ပိုင် စီးပွားရေး ထူထောင်ရင် အောင်မြင်မလား။ ဒီလူနဲ့ လက်ထပ်လိုက်ရင် အိမ်ထောင်ရေး ကံကောင်းမလား။ ဒီလူ့ကို ငွေချေး သင့်သလား။ ဒီလုပ်ငန်းမှာ ဝင်ပြီး ရင်းနှီးမြုတ်နှံ သင့်သလား။ ရှယ်ယာဝယ်သင့်ပြီလား။ ရောင်းသင့်ပြီလား။ ဒီအိမ်/ဒီအခန်းကို ဝယ်သင့်သလား။ အကျိူးပေးမလား … စတဲ့ ဘဝတစ်ခုကို ပြောင်းလဲသွားနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ရှိပါတယ်။
ကျွန်တော်ကိုယ်တိုင် ကျောင်းသားဘဝက ဘာသာတွဲအယူမှားလို့ ကိုယ်ဝါသနာမပါတဲ့ တိ/ကုလိုင်း ကို ယူမိပြီး ဘွဲ့သာ ရခဲ့တယ်။ ဝါသနာမပါလို့ ဒီပညာနဲ့ လုပ်မစားခဲ့တော့ အနှစ် (၂၀)လောက် သင်ခဲ့ရတဲ့ ပညာရေးဟာ အလကား ဖြစ်သွား ဖူးပါတယ်။
ကျွန်တော့်လိုဘဲ ဒီခေတ် ကလေးတွေမှာ သူများ ယောင်တိုင်း လိုက်ယောင်ပြီး ကိုယ်ဝါသနာ ပါမှန်းသိ/မပါမှန်းသိတဲ့ ဘာသာရပ်တွေယူပြီး တကယ့်လုပ်ငန်းခွင်မှာ မပျော်ပိုက်ဘဲ စိတ်ညစ်နေရသူတွေ အများကြီးပါ။
ဒီလိုဘဲ ချစ်တာတစ်ခုတည်း ရှေ့တန်းတင်ပြီး ယူခဲ့ကြလို့ အိမ်ထောင်ကွဲကြ/ပြဲကြ ရတာတွေ၊ ဒုက္ခဆင်းရဲနွံထဲမှာ မချစ်သော်လည်း အောင့်ကာ နမ်းနေရ တာတွေ၊ သားသမီးမျက်နှာထောက်ပြီး မပေါင်းချင်ဘဲ ပေါင်းသင်းနေကြရတဲ့ အိမ်ထောင်ရေးတွေဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တွေကြောင့် မဟုတ်ပါလား ခင်ဗျာ။
စီးပွားရေးမှာလည်း အချီကြီးပွမယ်ထင်ပြီး ရှိသမျှ ပုံအောလိုက်တာ “ပလုံ” ဆိုတဲ့ အသံသာ ကြားလိုက်ရပြီး နေ့ခြင်းညခြင်း မွဲပြာကျ သွားတာ တွေ ဟာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပါဘဲ။ ဒီအလုပ် သိပ်မကောင်းဘူး ထင်လို့ နောက်အလုပ်ပြောင်းလိုက်မှ “ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” ဆိုတာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပါဘဲ။
နိုင်ငံခြားသွားတိုင်း အဆင်ပြေမယ် ထင်ပြီး ရှိသမျှ ပေါင်နှံ ရောင်းချ၊ ချေးငှားပြီး ထွက်၊ ဟိုမှာ အလုပ်အဆင်မပြေလို့ နောက်ဆုံး ပြန်လာရပြီး အကြွေးဒုက္ခ နွံထဲမှာ နစ်နေကြတာလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက် တွေပါဘဲ။
ဒီတော့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒီအကြောင်းကို ရေးရင် စာအုပ်ကြီး တစ်အုပ်ဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ –
(၁) ကိုယ့်ရဲ့ ဆန္ဒ၊ ခံစားချက်ကို ရှေ့တန်းမတင်သင့်ဘူး။ အကောင်းမြင်ဝါဒကို အလွန်အကျွံ ဦးစားမပေးသင့်ဘူး။ ဦးနှောက်ကို ဦးစားပေးရမယ်။ လေးလေးနက်နက်တွေးကြည့်ရမယ်။ ဖြစ်ချင်တာထက် ဖြစ်သင့် ဖြစ်ထိုက်တာကို ဦးစားပေးရမယ်။
(၂) အချက်အလက် အထောက်အထားတွေကို ရနိုင်သလောက် စုဆောင်းရမယ်။ လူတစ်ယောက်ကို လက်ထပ်ဖို့ဘဲ ဖြစ်ဖြစ်၊ ကုမ္ပဏီတစ်ခုမှာ ရှယ်ယာဝင်ဖို့ဖြစ်ဖြစ် သူ့အကြောင်း၊ သူတို့အကြောင်း ရနိုင်သလောက် အချက်အလက်တွေ စုဆောင်းရမယ်။ နိုင်ငံခြားထွက်ချင်ရင် ပြန်လာတဲ့ လူတွေ ဆီမှာ လေ့လာစုံစမ်းရမယ်။ ဘာအခက်အခဲ ပြဿနာတွေ ရှိနိုင်တယ်ဆိုတာ များများ လေ့လာစုံစမ်းရမယ်။
(၃) လောဘမကြီးပါနဲ့။ မနိုင်ဝန် မထမ်းကြပါနဲ့။ အထူးသဖြင့် စီးပွားရေးသမားတွေအတွက်ပါ။ လူတိုင်းဟာ ငွေနဲ့ မကင်းကြ တော့ လူတိုင်းနဲ့လည်း သက်ဆိုင်နေပါတယ်။ လောဘဟာ သိပ်ကြောက်စရာကောင်းပါတယ်။ လောဘဟာ လူ့လောကီနဲ့ ခပ်ကင်းကင်းနေတဲ့ ဘုန်းကြီးတွေတောင် မနေရပါဘူး။ အလိမ်ခံကြရပါတယ်။ လူတွေဆိုတာတော့ “လောဘသားတွေပီပီ” ပြောစရာမရှိတော့ပါဘူး။ တော်တော် စဉ်းစားဉာဏ်ကြီးတဲ့ သူတွေတောင်မှ လောဘဆိုတဲ့ တီကောင်နဲ့ အမျှားခံရတဲ့ အခါ စဉ်းစားဉာဏ်ကို လောဘက အုပ်စီးသွားပြီး ငါးမျှားချိတ်စူး သေပွဲဝင်ရတာတွေ အများကြီး ကြုံဖူး ကြားဖူး ကြမှာပါ။
(၄) ကိုယ့်ထက် တတ်သိနားလည်တဲ့ သူတွေထံမှာ အကြံဉာဏ်တောင်းရမယ်။ အထူးသဖြင့် ကိုယ်နဲ့ လုံး၀ အကျွမ်းတဝင် မရှိတဲ့ ကိစ္စတွေကို လုပ်တော့မယ် ဆိုရင် ဒီကိစ္စ၊ ဒီဘာသာရပ်တွေမှာ အလွန်ကျွမ်းကျင်တဲ့ သူတွေထံမှာ အကြံဉာဏ်တောင်းခံရမယ်။ ပြီးမှ ဆုံးဖြတ်ရမယ်။
(၅) သူများယောင်တိုင်း လိုက်မယောင်ပါနဲ့။ ကျွန်တော်တို့မြန်မာလူမျိုးတွေ ပိုဆိုးပါတယ်။ ဘယ်နေရာမှာ ရွှေထွက်လို့ တဲ့ဆိုရင် သွားကြပါပြီ-တစ်နိုင်ငံလုံးက လူတွေ။ ရေနံ ဆိုလည်း ပြေးကြပြန်ပါပြီ။ နိုင်ငံခြား၊ နိုင်ငံခြား ဆိုတဲ့ အသံထွက်လာပြန်တော့လည်း ထွက်ကြပြန်ပါပြီ။ လူတစ်ယောက် လုပ်ငန်းတစ်ခု နဲ့ အောင်မြင်သွားပြီဆိုရင်လည်း ပုံတူကူးချ လိုက်လုပ်ကြပြန်ပါပြီ။ မြန်မာနိုင်ငံမှာ ကားတွေဈေး အဆန်မတ တတ်လာတော့ လူတိုင်း ကားပွဲစား နဲ့ ဝယ်ရောင်းတွေ ဖြစ်သွားကြပြန်ရော။ “ပဲ , ပဲ , ပဲ” ဆိုကြပြန်လို့ အကုန်လိုက် “ပဲ” လိုက်ကြတာ မြန်မာ့ကုန်သည်လောကမှာ “မွဲ, မွဲ, မွဲ ” ဖြစ်သွားကြတာ ကြားလိုက်ကြမှာပါ။
ကျွန်တော်တို့ ကျောင်းသားဘဝတုန်းကလည်း “ဆေး,ဆေး” ဆိုလို့ လူတိုင်း ဆရာဝန်လိုင်း လိုက်ကြ။ ပြီးတော့ ကိုယ်ဝါသနာမပါတဲ့လိုင်းဖြစ်နေပြီး နောက်ဆုံးမှာ မအောင်မြင်တဲ့ ဆရာဝန်တွေဘ၀ နဲ့ဘဲ ပြီးသွားကြရော။ “သစ်တောတို့ ၊ ရေနံ” တို့လည်း ခေတ်စား ခဲ့ဘူးပါတယ်။ အခု ဘာတဲ့ “ရေကြောင်း”တဲ့ ဖြစ်ကြပြန် ပြီ။ ယောင်္ကျားသာမက မိန်းမတွေလည်း ဝင်ပါကြသဗျ ။ ဒါမျိုးတွေထဲမှာ ဝင်မပါတတ်အောင် ကြိုးစားပါ။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ့်နည်းလမ်းနဲ့ကိုယ် ကြီးပွား အောင်မြင်အောင် လုပ်ကြပါ။ အမှားနည်းသွားကြပါလိမ့်မယ်။
ကျွန်တော်ဟာ ၁၉၉၈ ခုနှစ်မှာ စီးပွားပျက်၊ ဘဝပျက်ပြီး ကတည်းက အထက်ပါ အချက်တွေကို လေ့လာပြီး ကိုယ်တိုင် ကျင့်သုံးခဲ့လို့ ယနေ့အချိန်မှာ (သူများတွေထက် စာရင်) အမှားကင်းကင်းစင်စင် နဲ့ လူ့ဘဝကို ရပ်တည်နေနိုင်ပါပြီ။ လူကတော့ လူလတ်တန်းစားပါ။ ဒါပေမယ့် စိတ်မဆင်းရဲ ရတော့ ပါဘူး။
ဒီနေရာမှာ စာဖတ်သူအနေနဲ့ ကျွန်တော် ဘာအကြောင်းကို ရေးနေတာလည်း ဆိုတာ မျက်စေ့လည် သွားပြီထင်ပါတယ်။ ဒီလိုပါ။ နံပါတ် (၄)အချက်ဖြစ်တဲ့ “တတ်သိနားလည်တဲ့ သူတွေထံမှာ အကြံဉာဏ်တောင်းရမယ်” ဆိုတဲ့ ကိစ္စမှာ ဗေဒင်ပညာရဲ့ အခန်းကဏ္ဍ ပါလာပါပြီ။ သူကလည်း အကြံပေးနိုင်တဲ့ အထဲမှာ တစ်ခု အပါအဝင်ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ “သူ့အပေါ်မှာ လုံးဝအားထားရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်” ။ ဒါပေမယ့် တော်တော် အရေးပါတဲ့ ကဏ္ဍမှာ ရှိပါတယ်။ ကိုယ်တွေ့ အဖြစ်အပျက်လေးတစ်ခု ပြောချင်ပါတယ်။
၁၉၉၈ ခုနှစ်မှာ ကျွန်တော် ဘဝပျက်၊ စီးပွားပျက်ပြီး ဗေဒင်ဆရာဘဝကို (မရောက်ချင်ဘဲ) ရောက်လာရ ပေမယ့် ဒီပညာက ကိုယ့်ကို တော်တော် ကျေးဇူး ပြုပါတယ်။ (ပြုမှာပေါ့ ၊ စ,ကတည်းက “လောဘ” မှ မပါဘဲ၊ ထမင်းစားရရင် တော်ပါပြီ ဆိုပြီး လုပ်ခဲ့တာလေ)။
ဒါနဲ့ ဒီပညာနဲ့ တော်တော် အောင်မြင်လာတော့ လက်ထဲမှာ ငွေလေး၊ ကြေးလေး စုဆောင်းမိလာပါတယ်။ ဘဝက သုံညကနေ ပြန်စ,ရတာ ဆိုတော့ ဒီငွေကလေးကို မပျက်စီးစေချင်ဘူး။ ပိုပြီး တိုးပွားချင်တယ်။ ကိုယ့်မှာ အိုးပိုင်အိမ်ပိုင် မရှိသေးတော့ အိမ်ခန်းလေးတစ်ခုတော့ ပိုင်ချင်တယ်။ ဒါပေမယ့် လက်ထဲရှိတဲ့ငွေက အိမ်ခန်းတစ်ခန်း မဝယ်လောက်သေးဘူး။ မပြည့်သေးဘူး။
လက်ထဲမှာ ထားရတာကလည်း စိတ်မချတော့ အဲဒီနှစ်ပိုင်း(2001-2002)ဝန်းကျင်မှာ အရမ်းခေတ်စားနေတဲ့ “ငွေစု၊ ငွေချေး” လုပ်ငန်း တစ်ခုခုမှာ အပ်ထားဖို့ လင်မယားခြင်း တိုင်ပင်ကြတယ်။ ကျွန်တော်ကလည်း 98 ခုနှစ် ဘဝပျက်ပြီးကတည်းက သတိကြီးကြီး ထားပါတယ်။ အဲဒီ အချိန်က (၈)ကျပ်တိုးတို့၊ (၁၀)တို့ ပေးနေတယ့် ဧရာမ ကုမ္ပဏီကြီးတွေကို ကျွန်တော် သိပ်မယုံပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လိမ်ချင်တဲ့လူဟာ အကျိုးအမြတ် ကြီးကြီး ပြပြီးမှ လိမ်လေ့ရှိတာမို့လို့ပါ။
ဒါနဲ့ အထက်က ကျွန်တော်ပြောခဲ့တဲ့ အချက်တွေထဲက ကိုယ့်ထက် နားလည်သူကို တိုင်ပင်သင့်တယ် ဆိုတဲ့ သြဝါဒ အတိုင်း အဲဒီအချိန်က အစိုးရဘဏ် တစ်ခုမှာ အရာရှိဖြစ်နေတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ အဖေ ကို သွားတိုင်ပင်ပါတယ်။ သူက အခုအချိန်မှာ “ငွေစု၊ငွေချေးလုပ်ငန်းတွေ” အရမ်း ခေတ်စားနေတာ သူလည်း သိပ်ဘဝင်မကျဘူးတဲ့။ ဒါပေမယ့် အဲဒီလုပ်ငန်းတွေထဲက “- – – – ” ဆိုတဲ့ လုပ်ငန်းကတော့ ပေးတဲ့ အတိုးနှုံးကလည်း နည်းတယ်။ ပြီးတော့ သူက မကြာခင်မှာ “ဘဏ်လုပ်ငန်း” ကြီးအဖြစ် ပြောင်းတော့မှာတဲ့။ အဲဒီမှာ ဆန္ဒရှိရင်တော့ အပ်စေချင်တယ်တဲ့။ ကျန်တဲ့ အတိုးနှုံး ကြီးကြီးပေးနေတဲ့ လုပ်ငန်းတွေကိုတော့ မအပ်လေနဲ့လို့ သြဝါဒပေးခဲ့သဗျ။ (ကျေးဇူးရှင်ကြီး အခုတော့ ကွယ်လွန်သွားရှာပါပြီ)
ဒါနဲ့ ကျွန်တော်လည်း ကျွန်တော့သူငယ်ချင်းရဲ့ ဖခင် အကြံပြုတဲ “- – – – ” လုပ်ငန်းမှာ ငွေအပ်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် စိတ်မချ သေးဘူးဗျ။ တစ်ခါလည်း ဘဝပျက်ဘူးတော့ နောက်တစ်ခါ ထပ်မပျက်ချင်တော့ဘူး။ စုထားတဲ့ငွေကလေး ကလည်း အချောင်ဝင်ထားတဲ့ ငွေမဟုတ်ဘူး။ ကွန်ပျူတာရှေ့မှာ တစ်နေ့ကို (၅)နာရီလောက်ထိုင်ပြီး တစ်ကုပ်ကုပ်လုပ် စုထားရတဲ့ ငွေ။
ဒီတော့ နောက်ဆုံး အားကိုးရာဖြစ်တဲ့ ကျွန်တော် တတ်မြောက်ထားတဲ့ “ဟူးရားဗေဒင်” ပညာကို အသုံးပြုမယ်လို့ စိတ်ပိုင်းဖြတ်လိုက်တယ်။ ကျွန်တော်ဟာ သူများတွေကိုသာ တွက်ချက်ဟောပြော နေပေမယ့် ကိုယ့်အတွက်ကိုယ် အင်မတန် တွက်ခဲပါတယ်။ လုပ်စရာရှိ ထ,လုပ်လိုက်တာဘဲ။ သွားစရာရှိ ထ,သွားလိုက်တာဘဲ။ ရက်ရာဇာ ပြဿဒါး ရွေးမနေပါဘူး။ မယုံကြည်လို့ မဟုတ်ပါဘူး။ ယုံကြည်လို့ဘဲ ဒီပညာနဲ့ လုပ်စားနေတာဘဲ။ ဒါပေမယ့် ကိုယ့်ဘဝကို ဒီပညာနဲ့ ဘောင်ခတ် ခံထားရမှာမျိုး မဖြစ်စေချင်ဘူး။ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိချင်တယ်။ ဒါကြောင့် တော်ရုံတန်ရုံ ကိုယ့်ဗေဒင် ကိုယ်ပြန် မတွက်ဘူး။
ဒီတစ်ခါတော့ သိပ်အရေးကြီး နေလို့ မတွက်လို့မရတော့ဘူး။ ဒါနဲ့တွက်ကြည့်တယ်။ အဖြေက “NO” ပါတဲ့။ လုံး၀ မအပ်သင့်ပါဘူးတဲ့။ ကိုယ့်ပညာကိုတော့ ကိုယ်ယုံတယ်။ ဖြစ်နိုင်တယ်။ ငွေစုငွေချေးတွေ ဒီလောက်ဖောင်းပွနေတာ ပြဿနာဖြစ်တော့မယ်ထင်တယ်လို့ ကောက်ချက်ချလိုက်တယ်။
ဒါနဲ့ အတိုးနည်းချင် နည်းပါစေတော့။ ခိုင်မာတဲ့ ပုဂ္ဂလိက ဘဏ်ကြီးတစ်ခုဖြစ်တဲ့ “အာရှဓန” မှာဘဲ အပ်တော့မယ်ဆိုပြီး ထပ်ပြီးတွက်တယ်။ အဖြေက “NO” ဘဲ ထွက်နေတယ်။ ပထမအဖြေတုန်းက ဒီလောက် မအံ့သြဘူး။ ဒုတိယအဖြေကျတော့ တော်တော် အံ့သြသွားတယ်။ ဘယ်နှယ့်ဗျာ။ မြန်မာနိုင်ငံမှာ ဒီလောက် ခိုင်မာလှတဲ့ ဘဏ်ကြီးဆီမှာတောင် မအပ်သင့်ဘူး ဆိုတော့ “ဘဏ်” ပျက်ဖို့ဘဲရှိတော့တာပေါ့။ ဒါလည်း မဖြစ်နိုင်ဘူး။ တစ်ခြား အကြောင်းများ လားပေါ့။ မဝေခွဲ နိုင်အောင် ဖြစ်နေတယ်။
နောက်ဆုံးတော့ ငွေကိုလည်း ဒီအတိုင်း ကိုင်မထားချင်တော့ “ရွှေ” ဘဲ ဝယ်ထားရင်ကောင်းမလားပေါ့။ အဲဒီတော့ ကိုယ့်ပညာလေး သုံးပြီး ထပ်တွက်တယ်။ အဖြေက “YES” ထွက်ပါတယ်။ ကျွန်တော်လည်း သဘောကျပါတယ်။ ကိုယ့်ငွေကို အပွထည်ကနေ အကျစ်ထည် အဖြစ်ပြောင်းပြီး ကိုယ်ဘဲ ကိုင်ထားရတာဆိုတော့ ပိုသဘောကျတယ်။ အဲဒီတုန်းက ရွှေတစ်ကျပ်သားမှ တစ်သိန်းကျော်ကျော်လေး ရှိသေးတာ။ ဝယ်သာ ဝယ်ထားရတယ်။ ရွှေဈေးကလည်း အဲဒီအချိန်တုန်းက တက်ရိပ်မရှိပါဘူး။ စုထားတဲ့ သဘောပါဘဲ။
သိပ်မကြာပါဘူး။ “ငွေစုငွေချေး” လုပ်ငန်းတွေ စ,ပျက်ပါလေရော။ နောက်တော့ ငွေကြေးခဝါချမှု နဲ့ ဘဏ်ကြီးတွေပါ လိုက်ပျက်ပါလေရော။ အားလုံး သိကြတဲ့ အတိုင်းဘဲလေ။ ကျွန်တော်တော့ ကံကောင်းထောက်မစွာ လွတ်မြောက် သွားပါတယ်။
အတိုးလေး မြတ်မြတ်ရမလားလို့ လုပ်လိုက်တာ အရင်းပါ ဆုံးသွားတဲ့ သူတွေအတွက် တော်တော်ကို စိတ်မကောင်း ဖြစ်ရပါတယ်။ အဲ- နောက်တော့ လူတွေက ငွေစုတာ စိတ်မချရတော့ ရွှေကို ပြန်စုကြတော့ ရွှေဈေးတရိပ်ရိပ်တက်လာတာ- နောက်ဆုံး ကျွန်တော်တို့ တစ်သိန်းကျော်ကျော်နဲ့ ဝယ်ထားတဲ့ ရွှေဟာ (၅)သိန်း (၆)သိန်းလောက်ထိအောင် ဖြစ်လာတော့ တာပါဘဲ။ အရင်တုန်းက အခန်းဝယ်ဖို့ မပြည့်ခဲ့တဲ့ ငွေဟာလည်း ရွှေဈေးတက် လာတာကြောင့်ရယ်၊ ဒီကြားထဲမှာ ထပ်စုဆောင်းတာရယ်နဲ့ ပေါင်းလိုက်တော့ (၈)နှစ်ကျော် အိမ်ငှားနေရတဲ့ ဘဝကနေ အိုးပိုင်အိမ်ပိုင် ဖြစ်လာခဲ့ပါတယ်။
တကယ်လို့သာ အဲဒီ အချိန်က တိုင်ပင်သင့်သူကို မတိုင်ပင်ခဲ့ ရင်သော်၎င်း၊ ကိုယ့်ပညာကို ကိုယ်အသုံးမချမိရင်သော်၎င်း အခုအချိန်မှာ ကျွန်တော်ဟာ အိမ်ငှားဘဝနဲ့ဘဲ ဟိုပြေးဒီပြေး ပြေးနေရဦးမှာပါ။ ကိုယ်ပိုင်အိမ် မရှိဘဲ အိမ်ငှားဘဝနဲ့ နေရတဲ့ ဒုက္ခကို အိုးပိုင်အိမ်ပိုင်ရှိသူတွေကတော့ ခံစားတတ်မယ် မထင်ပါဘူး။ အခုတော့ ဒီဒုက္ခကနေ လွတ်မြောက် ခဲ့ပါပြီ။
ဒါကြောင့် “ဟူးရားဗေဒင်” ဟာ ကျွန်တော့်အတွက်တော့အလွန်ချစ်စရာကောင်းတဲ့ ပညာရပ်တစ်ခုဖြစ်ပြီး သူ့ကြောင့် အိုးပိုင်အိမ်ပိုင်ဘဝနဲ့ နေ,နေရခြင်း ဖြစ်ကြောင်းနဲ့ စာဖတ်သူများလည်း အလွန်အရေးကြီးတဲ့ ဆုံးဖြတ်စရာများရှိရင် အထက်က ကျွန်တော်တင်ပြခဲ့တဲ့ အချက် (၅)ချက်ကို လိုက်နာစေလိုပြီး လိုအပ်ရင် မြန်မာ့ရိုးရာဗေဒင်ပညာကို အမှန်တကယ် တတ်ကျွမ်း သူများနှင့်လည်း တိုင်ပင်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။
စာဖတ်သူ အားလုံးကျန်းမာ ချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)