ဟူးရားဗေဒင်ဆိုတာ မွေးသက္ကရာဇ်၊ မွေးနေ့၊ မွေးချိန်မလိုဘဲ လက်ရှိ ရောက်နေတဲ့ အချိန်ပေါ်မှာ မူတည်ပြီး ဇာတာဖွဲ့၊ လက်တပ်ပြီး ဟောပြော တဲ့ပညာဖြစ်တယ်။ အင်္ဂလိပ်ကို (Horary Astrology) လို့ ခေါ်ပါတယ်။ Hora ဆိုတာ Hour (နာရီအချိန်) ကနေ ဆင်းသက် လာတာ ဖြစ်တယ်။ လက်ရှိအချိန်နာရီကို မူတည်ပြီး ဇာတာဖွဲ့ထားတာ ဖြစ်တဲ့အတွက် ဒီလို တွက်ချက် ဟောပြောတဲ့ ပညာရပ်ကို “ဟူးရားဗေဒင်ပညာ” လို့ ခေါ်ဆို ကြတာဘဲ ဖြစ်ပါတယ်။
အခြားဗေဒင်ပညာရပ်တွေနဲ့ ယှဉ်လိုက်ရင် ဟူးရားဗေဒင်မှာ ချစ်စရာ ကောင်းတဲ့ အချက်တွေ ရှိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ ဟူးရားဗေဒင် တွက်မယ်ဆိုရင် မွေးနေ့ မွေးသက္ကရာဇ် မလိုလို့ပါ။ ဒါကလည်း ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံ နဲ့လည်း သက်ဆိုင်နေပါတယ်။ ကျွန်တော့ရဲ့ ဇာတိက အထက်အညာ၊ တောအရပ်ဒေသ ဖြစ်တဲ့အတွက် ဒီဒေသနေသူအများစုဟာ ကိုယ် ဘာနေ့ သားသမီး ဆိုတာ လောက်ဘဲ သိကြပြီး မွေးတဲ့ရက်၊ လ၊ နာရီ အတိအကျ မသိကြတာက များပါတယ်။ ဒီကိစ္စဟာ ဗေဒင်ပညာလိုက်စားခါစ ကျွန်တော့်အတွက် အခက်အခဲ အလွန်တွေ့စေ ပါတယ်။
အထူးသဖြင့် ကျေးလက်တောရွာတွေမှာ ရက်၊ လ၊ ခုနှစ်သာ သိချင်သိမယ်။ မွေးချိန်နာရီ အတိအကျမရနိုင်ပါဘူး။ အဲဒီခေတ်က နာရီဆိုလို့ ဘုန်းကြီးကျောင်း တွေလောက်ဘဲ ရှိကြတာဆိုတော့ ဘုန်းကြီးကျောင်းက အုန်းမောင်း ခေါက်တဲ့ အချိန်နဲ့ အနီးစပ်ဆုံးအချိန်ကိုသာ မွေးချိန်အဖြစ် မှတ်ထားလိုက်ကြပါတယ်။ အဲဒီတော့ နာရီအတိအကျသိရမှ ဇာတာဖွဲ့လို့ရတဲ့ နက္ခတ်ဗေဒင်ပညာ ဟာ တောအရပ်ဒေသတွေမှာ ဟိတ်ကြီးဟန်ကြီး မထုတ်နိုင် တော့တဲ့ ဘဝကို ရောက်ရပါတော့တယ်။
မွေးချိန်အတိအကျသိရမှ ဗေဒင်ဟောလို့ရမယ်ဆိုတာဟာ- နှိုင်းယှဉ်ပြရရင် ယခုခေတ် အနောက်တိုင်းဆေးပညာသုံး ဆိုင်ရာ ဆေးဝါးလက်နက် ကရိယာ မရှိတဲ့ အရပ်ဒေသကို ရောက်နေရင် ဘာမှလုပ်မရတဲ့ ရောက်နေတဲ့ အနောက်တိုင်း ဆရာဝန်တစ်ဦးနဲ့ တူပါတယ်။ ကျွန်တော်တို့ မြန်မာ့ သမားတော်ကြီး များကြပြန်တော့ လူနာတစ်ယောက် အိမ်ကို သွားကြည့်ရင် ဘာဆေးဝါးမှ မပါလည်း မီးဖိုချောင်ထဲမှာရှိတဲ့၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငရုပ်သီး၊ နနွင်း၊ ငပိ အစရှိတဲ့ ပစ္စည်းတွေရယ်၊ အိမ်ဘေးနားမှာ အလေ့ကျပေါက်နေတဲ့ အပင်တွေနဲ့ဘဲ ဆေးကုပြီး လူနာကို ကျန်းမာ လာအောင် လုပ်နိုင်ကြပါတယ်။
ဒါကြောင့် မွေးချိန်မသိဘဲ ဗေဒင်ဟောပြောနိုင်တဲ့ ဟူးရားဗေဒင် ပညာဟာ မြန်မာသမားတော်ကြီးများရဲ့ မြန်မာ့ဆေးပညာ နဲ့ အသွင်တူပါတယ်။ ရောက်ရာ နေရာမှာ အချိန်နာရီ သိရုံနဲ့ ဟောပြောနိုင်ပါတယ်။
ဟူးရားဗေဒင်ပညာရဲ့ နောက်ထပ်အားသာချက်တစ်ခုကတော့ မေးခွန်းတွေကို တိတိကျကျဖြေဆိုနိုင်ခြင်းပါဘဲ။ လူတစ်ယောက်ဟာ ဒီနှစ် နိုင်ငံခြားကို သွားရမလား၊ မသွားရဘူးလားဆိုတာ သူ့ရဲ့(မွေးချိန်နာရီနဲ့ ဖွဲ့ထားတဲ့) မူလဇာတာခွင်ကို ကြည့်ပြီး ဟောရရင် တိတိကျကျအဖြေထွက်ဖို့ ခက်ခဲချင် ခက်ခဲနေပါဦးမယ်။ ဒါပေမယ့် ဟူးရားဗေဒင်ကျတော့ ဒီနှစ်ထဲ ထွက်ရမယ်၊ မထွက်ရဘူးဆိုတာကို လွယ်လွယ်ကူကူနဲ့ ပြောနိုင်ပြီး ဘယ်လပိုင်းမှာ ထွက်ရမယ် ဆိုတာပါ တိတိကျကျ ပြောနိုင်ပါတယ်။ ဟူးရားဗေဒင်ထဲမှာ အဆင်အမြင့်ဆုံးဖြစ်တဲ့ ကေပီ K.P စနစ်ကျတော့ ထွက်ရမယ့်နေ့၊ လေယာဉ်ပေါ်တက်ရမယ့် အချိန်ထိ အောင် ဟောပြော နိုင်ကြပါတယ်။
တကယ်တော့ လက်ရှိအချိန်ကို ဇာတာဖွဲ့ပြီး ဟောတဲ့ ဟူးရားဗေဒင်စနစ်ဟာ အိန္ဒိယနိုင်ငံက ရောက်လာတဲ့ နည်းပညာပါ။ ခရစ်ရှနားမူရ်တီးရဲ့ ကေပီ K.P စနစ်ဟာဆိုရင်လည်း အိန္ဒိယပြည်တောင်ပိုင်းမှာ ထွန်းကားခဲ့တဲ့ ပညာတစ်ခုပါ။ ဆရာကြီး “ခရစ္စနားမူးရ်တီး ပဒ္ဓတိ” ဆိုတဲ့ ပညာရှင်ကြီး တစ်ဦးက မူလစနစ်ဟောင်း ဟူးရားဗေဒင်ပေါ်မှာ ထပ်ဆင့်ပြီး တီထွင်ထားတဲ့ ပညာဖြစ်ပါတယ်။
= ဒီတော့ မေးခွန်းတစ်ခု ထုတ်ကြည့်ကြရအောင်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာရော မြန်မာ့ပညာစစ်စစ်ဖြစ်တဲ့ ဟူးရားဗေဒင်မျိုး မရှိဘူးလားလို့။
ရှိသမှ သိပ်ရှိတာပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ “အင်္ဂဝိဇ္ဇာ” လို့ လူသိများတဲ့ ပညာဟာ ဟူးရားဗေဒင် စစ်စစ်ပါဘဲ။ ဗေဒင်ပညာနဲ့ အကျွမ်းတဝင် မရှိသူတွေကတော့ “အင်္ဂဝိဇ္ဇာ” ဆိုတာ အင်္ဂရုပ်ကိုကြည့်ပြီး ဟောတဲ့ ပညာတစ်မျိုးလို့ ထင်တတ် ကြတယ်။ အမှန်က အင်္ဂရုပ်ကို ကြည့်ပြီးဟောတဲ့ ပညာဟာ “အင်္ဂရုပ်ပညာ” သာဖြစ်ပါတယ်။
“အင်္ဂဝိဇ္ဇာ” ပညာကျတော့ တစ်နေ့တာရဲ့ အချိန် (၂၄)နာရီကို နေ့ နဲ့ ည (၂) နှစ်ပိုင်း ပိုင်းလိုက်ပြီး တစ်ပိုင်းကို အခါ (၈)ခါ ခွဲလိုက်ရင် အချိန်တစ်ချိန်ကို (၁)နာရီခွဲရပါတယ်။ အဲဒီ တစ်နာရီခွဲ အချိန်မှာရောက်နေတဲ့ ဂြိုဟ်ကို “ဆပွတ်” တိုင်ထူပြီး ဟောပြောတာ အင်္ဂဝိဇ္ဇာ ပညာဖြစ်ပါတယ်။ “တောင်တွင်း အကျော် ခင်ကြီးဖျော်” လို့ခေါ်တဲ့ ဆရာတော်ကြီး တီထွင်ခဲ့တဲ့ နည်းဖြစ်ပါတယ်။ ဒီဆရာတော်ကြီးဟာ သူမသိ၊ မတတ်တဲ့ ပညာဟူ၍ လုံးဝမရှိတဲ့အတွက် “မ,တစ်လုံးကြေ” ဆရာတော် လို့လည်း နာမည် တွင်ပါတယ်။
အင်္ဂဝိဇ္ဇာပညာလေးကို လိုက်စားမိပုံလည်း ပြောပြရဦးမယ်။ ကျွန်တောဟာ ငယ်ငယ်ကတည်းက ဗေဒင်ပညာကို လိုက်စား နေသူဖြစ်တော့ ရောက်လေရာ အရပ်မှာ မျက်နှာပွင့်ပါတယ်။ တွေ့တဲ့လူတိုင်းက ကိုယ့်ရဲ့ အခက်အခဲ လေးတွေကို မေးချင်ကြ ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် တတ်မြောက် ထားတာက သင်္ချာဗေဒ နဲ့ နက္ခတ်ဗေဒင် ဖြစ်တော့ မွေးရက်၊လ၊ ခုနှစ် မသိသူ တွေနဲ့ တွေ့ရင် ကောင်းကောင်းဒုက္ခရောက်တော့တာပေါ့။ အဲဒီမှာ ဟူးရားဗေဒင်ကို ဆက်လေ့လာဖြစ်တယ်။
ဟူးရားဗေဒင်က အခုရက်ပိုင်းမှာ ဘယ်ဂြိုဟ်တွေ ဘယ်ရာသီခွင်မှာ ရှိနေလဲဆိုတာကို စိတ်ထဲမှာ အလွတ် မှတ်ထားပြီး မေးတဲ့လူတွေ့ရင် အဲဒီအချိန်ကို လဂ်အကြမ်းကောက်ပြီးထည့်လိုက်ရင် ဇာတာခွင် တစ်ခုရပါတယ်။ တခါတလေလည်း အချိန်နဲ့ လဂ်ကို မကောက်ချင်ရင် မေးတဲ့သူကို (၁) ကနေ (၁ဝ၈) အတွင်းက ဂဏန်းတစ်လုံးကို မေးပြီး ဂဏန်းနံပါတ်နဲ့ လဂ်တပ်လိုက်ရင်လည်း မှန်တာပါဘဲ။
ဒါပေမယ့် ဟူးရားဗေဒင် မှာလည်း ဂြိုဟ်တွေရဲ့ ဒီဂရီအံသာတွေကို မှတ်ရတာတစ်မျိုး၊ လဂ်ကောက်ရတာတစ်မျိုး၊ ဇာတာရလာတော့လည်း ချက်ခြင်း မပြောနိုင်သေးဘဲ ဇာတာခွင်ကို အချိန်ယူကြည့်ရတာတစ်မျိုးနဲ့ အခက်အခဲလေးတွေ ရှိနေသေးတာကြောင့် ဒီထက်လွယ်တဲ့ နည်းများရှိသေးလားဆိုပြီး ရှာကြည့်တော့ “အင်္ဂဝိဇ္ဇာ” ကို သွားတွေ့ပါတယ်။
အမှန်အတိုင်း ပြောရရင် အစကတော့ သိပ်အထင်မကြီးလှဘူး။ ဇာတာမရှိတဲ့အချိန်၊ ဂြိုဟ်တွေကို အလွတ်မရတဲ့အချိန်မှာ ပြောနိုင်အောင်သာ “တစ်ပွဲတိုး” အနေနဲ့ ဆောင်ထားတာမျိုးသာ ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာရင်း ဟောပြောရင်းနဲ့ အင်္ဂဝိဇ္ဇာကို အထင်ကြီးလာပါတယ်။ အင်္ဂဝိဇ္ဇာထဲမှာလည်း မြုတ်ကွက်တွေက အများသားလား။ ကျွန်တော်ကလည်း နဂိုကတည်းက သုတေသနဝါသနာပါသူဆိုတော့ ဒီမြုတ်ကွက်တွေကို ဖော်ကြည့်တယ်။ မြုတ်ကွက် တစ်ခု တွေ့လာလေ၊ အထင်ကြီးလာလေဖြစ်ပြီး အင်္ဂဝိဇ္ဇာပညာဟာ ကျွန်တော့အတွက် “ဖေးဘရိတ်” ဖြစ်လာပါတော့တယ်။
မြန်မာ့ အင်္ဂဝိဇ္ဇာပညာဟာ ယှဉ်ပြီးပြောရရင် ဇာတာဖွဲ့ပြီး ဟောရတဲ့ အရှေ့တိုင်း(အိန္ဒိယ)ဟူးရားဗေဒင်တို့၊ ခရစ်ရှနားမူရ်တီးရဲ့ ကေပီစနစ်၊ အနောက်တိုင်း ဟူးရားဗေဒင်တို့ထက် ပိုပြီး အားသာချက်တွေ ရှိပါသေးတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရှေ့တိုင်း၊ အနောက်တိုင်း ဟူးရားဗေဒင်မှန်သမျှ (သံဒိဋ္ဌပြက္ခဒိန်) လို့ခေါ်တဲ့ ဂြိုဟ်သွားပြက္ခဒိန်စာအုပ်တွေ နဲ့ ဘာဝစက် ကောက်ကိန်း စာအုပ်တွေရှိမှ တွက်လို့ချက်လို့ ရတာပါ။
ပြီးတော့ အချိန်လည်း အကြာကြီး ယူရပါသေးတယ်။ ကေပီ K.P စနစ်ဆိုရင် (ကွန်ပျူတာဇာတာ ပရိုဂရမ်တွေမပေါ်ခင်က) ဇာတာတစ်စောင်ထွက်ဖို့ နာရီဝက်၊ တစ်နာရီ အချိန်ယူရပါတယ်။ တွက်ချက်မှု တွေအများကြီးလုပ်ရပါတယ်။ တွက်ချက်မှုမှားရင် အဖြေလည်း မှားသွားနိုင်ပါတယ်။ ကွန်ပျူတာတွေ ပေါ်လာပြန်တော့ လည်း ကိုယ့်အနားမှာ ကွန်ပျူတာမရှိရင် အလုပ်လုပ်လို့ မရပြန်ပါဘူး။
မြန်မာ့ အင်္ဂဝိဇ္ဇာကျတော့ ဘာ သံဒိဋ္ဌ နဲ့ ကောက်ကိန်းစာအုပ်မှ မလိုပါဘူး။ နာရီလေးကို တစ်ချက်ကြည့်လိုက်ပြီး၊ “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ၊ စန္ဒြော၊ သောရီ၊ ဂုရု၊ ဘောမ” ဆိုတဲ့ လင်္ကာလေးအတိုင်း တိုင်ထူလိုက်ရင် ခဲတံ၊ ဘောပင်၊ စာရွက်တောင်မလိုဘဲ စိတ်တွက်နဲ့တွင် ဟောလို့ရပါတယ်။ အင်္ဂဝိဇ္ဇာ ပညာရှင်တွေဟာ ခဲတံ၊ ဘောပင်၊ စာရွက်တောင် မသုံးကြဘဲ အလွတ်ပြောနေကြလို့ တစ်ချို့က အကြားအမြင်ပညာနဲ့ အထင်မှားတတ် ကြပါတယ်။
ဒါကြောင့် တစ်ချို့က လူရဲ့ အင်္ဂရုပ်ကို ကြည့်ပြီး ပြောနေတယ်ထင်လို့ “အင်္ဂဝိဇ္ဇာ” လို့ နာမည်တပ်ကြတာ ထင်ပါတယ်။ ဒီလို ဘာမှ မတွက်ချက်ဘဲ အင်္ဂဝိဇ္ဇာပညာနဲ့ လက်တန်းထိုး အလွတ်ပြောနိုင်လာတော့ တစ်ချိန်တုန်းက ကေပီ K.P စနစ်နဲ့ အချိန်နာရီပေါင်းများစွာ ချွေးတစ်လုံးလုံးနဲ့ တွက်ချက်ခဲ့ရတာ တွေကို ပြန်အမှတ်ရလာပါတယ်။ ဒီနေရာမှာ မြန်မာ့ဆေးပညာရှင်၊ စာရေးဆရာ “မကွေးဝင်းမြင့်” ရဲ့ စကားတစ်ခုကို အမှတ်ရမိ ပါတယ်။
အဲဒါကတော့ “သမားဖျင်းလျှင်၊ ပုလင်းများ” ၏ တဲ့။ အတော်မှတ်သားစရာကောင်းတဲ့ စကားပါ။ မြန်မာသမားတော် တစ်ယောက် တော်မတော်၊ တတ်မတတ်ဆိုတာ သူသုံးတဲ့ ဆေးပုလင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်တဲ့။ ခပ်ဖျင်းဖျင်း ဆိုရင်တော့ အသင့်ဖော်စပ်ပြီး ဆေးတွေကို များများ သုံးရ ပါတယ်တဲ့။ ဒါကြောင့် ပုလင်းတွေ သိပ်များနေရပါသတဲ့။
ထူးချွန်တဲ့ သမားတော်များကြပြန်တော့ ကိုယ့်အနီးအနားမှာ ရှိတဲ့ သဘာဝသစ်သီးသစ်ရွက်၊ သစ်ဥသစ်ဖု၊ အရာဝတ္တုတွေကို သုံးပြီး ဆေးကုနိုင်ကြပါတယ်တဲ့။ အရေးကြီးတဲ့ သက်စောင့်ဆေး(၄)မျိုး(၅)မျိုးလောက်သာ ဆောင်ထားတတ်ကြပြီး ကျန်တဲ့ အပိုင်းကတော့ လူမမာအိမ်နဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သဘာဝ ပစ္စည်းတွေနဲ့ ဆေးကုနိုင်ကြပါတယ်တဲ့။
ဒီလိုပါဘဲ။ ထူးချွန်တဲ့ မြန်မာ့ အင်္ဂဝိဇ္ဇာပညာရှင်တွေဟာ ဘာစာအုပ်၊ ဘောပင်မှ မဆောင်တော့ပါဘူး။ နာရီကို တစ်ချက်ငုံ့ကြည့်ပြီး လျှပ်တပြက် မိနစ်၊ စက္ကန့်ပိုင်းအတွင်း ကိစ္စတစ်ခုရဲ့ အဖြေကို ချက်ခြင်း ထုတ်နိုင်ကြပါတယ်။ မှန်ကန်တဲ့ ရာနှုံးမှလည်း ကေပီ K.P စနစ်တို့နဲ့ ယှဉ်နိုင်ပါတယ်။ ကေပီ စနစ်သမားတွေက မေးချင်မေးလိမ့်မယ်။ အင်္ဂဝိဇ္ဇာဟာ ကေပီလိုတော့ မိနစ်၊ စက္ကန့်ပိုင်းအထိ မတွက်ချက်နိုင်ပါဘူးလို့ ပြောချင် ပြောကြမယ်။
ဟုတ်ပါတယ်။ မူလ အင်္ဂဝိဇ္ဇာကျမ်းတွေမှာတော့ မပါရှိပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ကေပီစနစ်ကို လေ့လာကျွမ်းဝင်ခဲ့သူမို့ မြန်မာ့အင်္ဂဝိဇ္ဇာကိုလည်း၊ အချိန် တစ်နာရီခွဲ ထဲမှာ ဘုတ္တိတိုင်တွေထပ်ခွဲ၊ ဇာတ်ဆောင်ဂြိုဟ် နဲ့ စိုးမိုးဂြိုဟ် တွေရှာပြီး နာရီ၊ မိနစ်၊ စက္ကန့် အထိခွဲခြမ်းစိတ်ဖြာလိုက်တဲ့ အခါမှာ ကေပီ K.P စနစ်လိုဘဲ အချိန်အတိအကျပြောနိုင်တဲ့ နည်းကို ရှာဖွေတွေ့ရှိ လာရပါတော့တယ်။
လွယ်လွယ်တော့ ရခဲ့တာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ရှာဖွေသုတေသနပြုပြီးမှ ရလာတာ ဖြစ်ပါတယ်။ မီးရထားဘယ်အချိန် ဆိုက်မလဲ၊ ကလေးကျောင်းက ဘယ်အချိန်ပြန်လာမလဲ စတဲ့ကေပီ K.P စနစ်က မိနစ်၊ စက္ကန့် အတိအကျ တွက်ချက်တဲ့ နည်းတွေကို အင်္ဂဝိဇ္ဇာနဲ့ တွက်ချက်လာနိုင်ပါတော့မယ်။ ဘာဂြိုဟ်သွားပြက္ခဒိန်၊ ဘာဝကောက်ကိန်း မှလည်း မလိုတော့ပါဘူး။
အခုတော့ ကျွန်တော်နားလည်လာတာက မဟာဘုတ် နဲ့ အင်္ဂဝိဇ္ဇာပညာတွေကို အထင်သေးနေတဲ့သူတွေဟာ ဒီပညာတွေကို နက်နက်နဲနဲ မလေ့လာဘူး သူတွေသာ ဖြစ်ပါလိမ့်မယ်။ နာမည်ကျော် သိပ္ပံပညာရှင် တစ်ဦးက ပြောဘူးပါတယ်။ စက်ပစ္စည်း နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အလုပ် ပြီးမြောက် မှုခြင်း တူတယ်ဆိုရင်တောင်မှ ရိုးရိုးရှင်းရှင်းနဲ့ တည်ဆောက်ထားတဲ့ စက်ပစ္စည်းကို ပိုပြီး ချီးမွမ်းရမှာဖြစ်ပါတယ်တဲ့။ ရိုးရိုးရှင်းရှင်းနဲ့ အလုပ်ပြီးမြောက်လေ စွမ်းဆောင်ရည်မြင့်လေ လို့ ပြောရမှာပါတဲ့။
ကျွန်တော် ဒီဆောင်းပါးကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့နည်းပညာတွေဟာ ကမ္ဘာ့ နည်းပညာတွေနဲ့ ရင်ဘောင်တန်း နိုင်တယ်ဆိုတာကို သက်သေပြချင်တာရယ်၊ အချို့သော နက္ခတ်ဗေဒင် နဲ့ K.P ပညာရှင်တွေဟာ အင်္ဂဝိဇ္ဇာကို အထင်ကြီး လေးစားရကောင်းမှန်း မသိကြတာရယ်ကြောင့် ရယ်ပါ။ ကျွန်တော် တီထွင်ထားတဲ့ (ကေပီ K.P စနစ် နဲ့ ပြိုင်ဆိုင်နိုင်တဲ့) ကေပီ စနစ် နဲ့ မဟာကာလကြီး ဗေဒင်ပညာ နှစ်ခုကို ပေါင်းစပ်ထားတဲ့ “ဟူးရား-မဟာကာလကြီးဗေဒင်ပညာ” ကိုလည်း အပြောမဟုတ်ဘဲ လက်တွေ့သက်သေပြနိုင်ဖို့ စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေသွားမှာဖြစ်ပြီး ဗေဒင် ဝါသနာအိုးများ (အထူးသဖြင့် လက်ဆန်းဗေဒင် ဝါသနာပညာရှင်များ) စောင့်မျှော်ဖတ်ရှုကြပါလို့။
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေကုန်သော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)