အညာကို ကထိန်သွားခင်းရာက အပြန်မှာ ခရီးပန်း လာတာကြောင့်လား ? ခရီးသွားနေစဉ်မှာ တင်နေတဲ့ အလုပ်အကြွေး ဒဏ်တွေ ပိ,တာကြောင့်လား တော့ မသိဘူး- နှာစေး ချောင်းဆိုးရာ ကနေ “အဖျား” ပါ ဝင်လာပါတယ်။ အခု ဒီစာကို ရေးနေချိန်မှာ ဖျားနေပြီး ချောင်းတစ်ဟွတ်ဟွတ် ဆိုးနေရင်းနဲ့ ရေးနေတာပါ။
တီဗွီရှေ့မှာ ခဏ ထိုင်ရင်းနဲ့ “ထူးအိမ်သင် အမှတ်တရ” အစီအစဉ်လေးကို ကြည့်ဖြစ်ပါတယ်။ အဲဒီမှာ ကွယ်လွန်သူ “ကိုငှက်” ခေါ် “ထူးအိမ်သင်” ရဲ့ “ကြယ်တွေ စုံတဲ့ည” သီချင်းလေးကို နားထောင် လိုက်ရပါတယ်။ ကျွန်တော့် ဘဝမှာ အနှစ်သက်ဆုံး သီချင်းလေးတစ်ပုဒ်ပါဘဲ။ “ကြယ်တွေစုံတဲ့ ည” တဲ့ ။
သြော် – ဟုတ်ပါရဲ့။ ဒီနေ့ဟာ “တန်ဆောင်မုန်းလပြည့်” နေ့ပါလား? ။ တန်ဆောင်မုန်းလပြည့်နေ့ဟာ “နက္ခတ်၊ ကြယ်တာရာ” တွေ အစုံ ထွန်းလင်းတဲ့ ညတစ်ည ဖြစ်ပါတယ်။ ဒီနေ့ဟာ “ကြယ်တွေစုံတဲ့ ည” လေး တစ်ညပါလား။ တနှစ်တာလုံး ဒီနေ့တစ်ရက်သာ အာကာသ ကောင်းကင်ပြင်မှာ နက္ခတ်တာရာ အားလုံး စုံစုံ ညီညီ ထွန်းလင်းတဲ့ ညလည်း ဖြစ်ပါတယ်။
ဗုဒ္ဓလက်ထက်တော် ကတည်းက တန်ဆောင်မုန်း လပြည့်နေ့ညဟာ ကြယ်တာရာ အစုံအညီ ထွန်းလင်း တောက်ပကြတာ ကြောင့် “နက္ခတ်ပွဲသဘင်” များ ကျင်းပလေ့ ရှိခဲ့ကြပါတယ်။
ဒီလို တန်ဆောင်မုန်းလပြည့်နေ့ “နက္ခတ်ပွဲသဘင်နေ့” မှာဘဲ နောင်တစ်ချိန်မှာ ဗုဒ္ဓမြတ်စွာရဲ့ လက်ယာတော်ရံ နဲ့ လက်ဝဲတော်ရံ ဖြစ်လာကြမယ့် “ရှင်သာရိပုတ္တရာ” နဲ့ “ရှင်မောဂ္ဂလန်” အလောင်းအလျာ သူငယ်ချင်း နှစ်ဦးတို့ဟာ “နက္ခတ်ပွဲ” သဘင်ကို ကြည့်ရှု နေကြရင်း အခု နက္ခတ်ပွဲသဘင်မှာ ပျော်ပါးနေကြတဲ့ လူတွေအားလုံးဟာ နောင် နှစ် (၁၀၀)ဆိုရင် တစ်ယောက်မှ မရှိကြတော့ပါလား ဆိုတဲ့ အတွေးကို တွေးမိပြီး သေခြင်းတရားကို ထိတ်လန့်ကြောက်ရွံ့မိရာကနေ “သံဝေဂဉာဏ်” ဖြစ်ပေါ်ခဲ့ကြဘူးပါတယ်။ ဒီသံဝေဂဉာဏ်ကြောင့် သူတို့နှစ်ဦးဟာ “မအိုရာ၊ မနာရာ၊ မသေရာ” ကို ရှာကြရင်း နဲ့ ဗုဒ္ဓနဲ့တွေ့ပြီး ကျွတ်တမ်းဝင်ခဲ့ရဘူးပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့ကို တနည်းအားဖြင့် “ဆေးပေါင်းခတဲ့ ည” လို့လည်း တင်စားခေါ်ဝေါ်ကြပါသေးတယ်။ ဒီနေ့ညမှာ နက္ခတ်တာရာ အစုံအလင် ထွန်းလင်းတောက်ပကြတာမို့ ဆေးပညာရှင်ကြီးတွေ၊ ဝိဇ္ဇာ ဇော်ဂျီ တပသီတွေဟာ ဒီနေ့ညမှာ ဆေး ဝါးမျိုးစုံကို ဖော်စပ်ကြလေ့ ရှိတယ်လို့ အဆိုရှိကြပါတယ်။ တန်ဆောင်းမုန်းလပြည့်နေ့ည မွန်းတဲ့ချိန် (၁၂)နာရီ တိတိအချိန်ဟာ ဆေးပေါင်းခတဲ့ ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့ သတ်မှတ်ပြီး ဒီအချိန်မှာ ဆေးဝါးမျိုးစုံကို ဖော်စပ်ကြတယ်လို့ အဆို ရှိပါတယ်။
ကျွန်တော်တို့ အညာဒေသမှာတော့ ည (၁၂)နာရီ တိတိအချိန်မှာ “မယ်ဇလီဖူး” ကို သုပ်စားကြပါတယ်။ “မယ်ဇလီဖူး” ဟာ နဂိုကတည်းက ဆေးဖက်ဝင် အစားအစာတစ်ခုဖြစ်ပြီး တန်ဆောင်မုန်း လပြည့်နေ့မှာတော့ သူရဲ့ ဆေးဝါး အာနိသင်တွေဟာ နက္ခတ်တွေရဲ့ စွမ်းအားကြောင့် အထွဋ်အထိပ်ကို ရောက်သွားတာမို့ “ဆေးပေါင်းခတဲ့ အစားအစာ” တစ်ခု ဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တန်ဆောင်မုန်း လပြည့်နေ့တိုင်းမှာ “မယ်ဇလီဖူးသုပ်” ကို မှန်မှန်စားသွားရင် ကျန်းမာမယ်၊ အသက်ရှည်မယ်လို့ ရှေးလူကြီးတွေက ယုံကြည်သတ်မှတ် ခဲ့ကြပါတယ်။
နောက်တစ်ခုက တန်ဆောင်မုန်းလပြည့်နေ့ဟာ ကောင်းကင်မှာ မိုးသားတိမ်လိပ် ကင်းစင်ရမယ် – “ည ကောင်းကင်ကြီး” ဟာ ပကတိ ကြည်လင်တောက်ပနေရမယ်။ ဒီလို မဟုတ်ဘဲ ကောင်းကင်မှာ မိုးတိမ် “ကြက်တစ်ဝပ်” စာမျှ ရှိရင်တောင်မှာ ဒါဟာ “စစ်မက် ထူပြောမယ့် နိမိတ်” လို့ ရှေး နက္ခတ် ပညာရှင်တွေက ယူဆ ခဲ့ကြပါတယ်။
ဟုတ် မဟုတ်ကို သိရအောင် ည (၉)နာရီလောက်မှာ အိမ်အပြင်ဘက်ထွက်ပြီး ကောင်းကင်ပြင်ကြီးကို မော့ကြည့်မိပါတယ်။ ဟိုးအရှေ့ကောင်းကင်ပြင်ကြီးမှာ “ကြက်မအကောင်တစ်ရာ လောက်” ဝပ်လို့ရတဲ့ တိမ်အုပ်ကြီး တစ်အုပ် ရှိနေပါလား?။ ဒါဆို ရှေးက နက္ခတ်ပညာရှင်တွေရဲ့ အလိုအရဆိုရင် “စစ်မက်ထူပြော တော့မယ့် နိမိတ်လား?။ ဒါပေမယ့် ဒီကောင်းကင်ပြင်ကြီးအောက်မှာ ကိုယ့်နိုင်ငံတစ်ခုတည်း ရှိတာမှ မဟုတ်တာဘဲလေ။ နိုင်ငံတွေ အများကြီး ရှိတာဘဲ။ ဒီလို တွေးမိတော့လည်း စိတ်ထဲမှာ နဲနဲတော့ ပေါ့သွားသလိုပါဘဲ။
ကျွန်တော်တို့ အညာမှာ တန်ဆောင်မုန်းလပြည့်နေ့ဆိုရင် “ကျီးမနိုးပွဲ” ကိုလည်း လုပ်တတ်ကြပါတယ်။ တစ်ချို့ ဒေသတွေ မှာတော့ “စောရပွဲ” လို့လည်း ခေါ်ကြပါတယ်။ ဒီညမှာ “ကာလသား” တွေဟာ သူများအိမ်က မွေးထားတဲ့ ကြက်တွေကို ခိုးပြီး ချက်စား ကြပါတယ်။ စားသောက်ပြီးရင် အိမ်တကာ၊ ဈေးဆိုင်တကာ,က ဆိုင်းဘုတ်တွေကို ဖြုတ်ပြီး ဟိုဟို ဒီဒီ နေရာရွှေ့ ထားကြပါတယ်။
တစ်ချို့ကြပြန်တော့လည်း ဘုရားဆင်းတုတော်တွေကို အိမ်တစ်အိမ်အိမ်ရဲ့ တံခါးဝမှာ ချထားတတ်ကြ ပါတယ်။ မနက် လင်းတာနဲ့ ကိုယ့်အိမ်က ဆိုင်းဘုတ်တို့၊ ကွပ်ပျစ်တို့ ကုတင်တို့ ပျောက်လို့ ရှာတဲ့ သူတွေနဲ့ ၊ ဘုရားဆင်းတုတော် ကြွလာလို့ ပြန်ပို့ဖို့ စီစဉ်ရတာနဲ့ အလုပ်ရှုပ်ကုန်ကြပါတော့တယ်။ လူငယ်တွေအတွက်ကတော့ ပျော်စရာ ကောင်းပေမယ့် လူကြီးတွေအတွက်တော့ အတော် စိတ်ရှုပ်ရတဲ့ နေ့တစ်ခုပါဘဲ။
ကျွန်တော်တို့ အညာဒေသနဲ့ အောက်ပြည်အောက်ရွာနဲ့ ကွာခြားချက်တစ်ခုကတော့ အခုလို ဆောင်းရာသီည မျိုးတွေမှာ ကြယ်အစုံ ထွန်းလင်းကြပုံခြင်း မတူကြတာပါဘဲ။ ရန်ကုန်ကို ရောက်ကတည်းက ကျွန်တော် သတိထားကြည့်မိတယ်။ ကောင်းကင်မှာ တိမ်ကင်းစင်တဲ့ နေ့မျိုးတောင်မှ ကြယ်တွေ အစုံအလင် ထွန်းလင်းတောက်ပမှု မရှိလှပါဘူး။ ကြယ်ပွင့်တွေဟာ ဟို တစ်ပွင့် ဒီတစ်ပွင့် နဲ့ ခပ်ကြဲကြဲဘဲ တွေ့ရပါတယ်။ ကြည့်ရတာ အားရစရာ မရှိလှပါဘူး။
အညာမှာတော့ “မိုးလ ကင်းလွတ် သီတင်းကျွတ်ပြီ ဆိုတာနဲ့” ည,ကောင်းကင်ကြီးဟာ ဘာနဲ့ တူသလဲဆိုရင် “မဟူရာ ကတ္တီပါ ခြုံလွှာကြီးပေါ်မှာ စိန်ပွင့်တွေ အပြည့်အသိပ် ကြဲချထားသလို” ကြည့်ရတာ အားရစရာ ကောင်းလှ ပါတယ်။ တန်ဆောင်မုန်းလထဲ ရောက်လာပြီ ဆိုရင်တော့ “ကြယ်” တွေသာ မကဘဲ “နက္ခတ်” တွေ “တာရာ” တွေပါ အစုံထွက်လာတာမို့ ဒီလဟာ နက္ခတ်ဗေဒင် ဝါသနာရှင်များအတွက် အလွန်လေ့လာချင်စရာကောင်းတဲ့ “ညကောင်းကင်စာအုပ်ကြီး” ထွက်ပေါ်လာတဲ့ လ,လည်း ဖြစ်ပါတယ်။
ဒီလိုတန်ဆောင်မုန်းလရဲ့ အေးချမ်းလှတဲ့ ညနက်နက် တွေမှာ ညဉ့်နက် သန်းကောင်ယံထိအောင် မအိပ်နိုင်သေးဘဲ “ညကောင်းကင် စာအုပ်ကြီး” ကို သင်ကြားဖတ်ရှု လေ့လာခဲ့ရတာတွေကိုလည်း ပြန်ပြီး အမှတ်ရ နေမိပါတယ်။
ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀၀)ကျော်လောက်က ညနက်နက်တွေမှာလည်း ကောင်းကင် ကြယ်တာရာတွေ နဲ့ လူသားတွေရဲ့ ကံကြမ္မာ ဆက်သွယ်မှုကို သိလိုကြတဲ့ လူတစ်စုဟာ အာကာသကောင်းကင်ပြင်ကြီးကို မော့ကြည့်ပြီး အဖြေရှာခဲ့ကြဘူးပါတယ်။ သူတို့ကတော့ အာရေဗျ သဲကန္တာရထဲမှာ နေထိုင်ခဲ့ကြတဲ့ ရှေးဟောင်း “ချားလ်ဒီးယန်း” လူမျိုးစုတွေဘဲ ဖြစ်ပါတယ်။
သူတို့ဟာ “ကောင်းကင်စာအုပ်ကြီး” ထဲကနေ တွေ့ရှိလာတဲ့ အချက်အလက်တွေကို သားစဉ်မြေးဆက် လက်ဆင့်ကမ်း ခဲ့ကြရာကနေ နှစ်ပေါင်း ရာထောင်ချီလာတဲ့ အခါမှာ “ဂြိုဟ်၊ နက္ခတ် တာရာ” တွေရဲ့ လှုပ်ရှားသွားလာမှုအပေါ်မှာ အခြေခံပြီး လူတွေရဲ့ ကံကြမ္မာ ကို ဟောပြောနိုင်တဲ့ “နက္ခတ်ဗေဒင်ပညာ” ဟာ ပေါ်ထွန်းလာခဲ့ရပါတယ်။ ဒီအကြောင်း “အကျယ်” ကိုတော့ “နက္ခတ္တပညာ (Astronomy) နဲ့ နက္ခတ်ဗေဒင်ပညာ (Astrology)” ဆိုတဲ့ ဆောင်းပါးထဲမှာ ကျွန်တော် အကျယ်တဝင့် ရေးခဲ့ပြီး ပါပြီ။ မဖတ်ရသေး သူများ ဖတ်ချင်ရင် ဒီနေရာကို Click လုပ်ပြီး သွားဖတ်နိုင်ပါတယ်။
သူတို့ဟာ (360) ဒီဂရီ ကျယ်ဝန်းတဲ့ ကောင်းကင်ပြင်ကြီးကို အပိုင်း (၁၂)ပိုင်းခွဲပြီး “မိဿရာသီ၊ ပြိဿရာသီ၊ မေထုန်ရာသီ၊ ကရကဋ်ရာသီ . . အစရှိတဲ့ (၁၂)ရာသီခွင်အဖြစ် ပိုင်းခြားလိုက်ကြပါတယ်။ အဲဒီ ရာသီခွင် (၁၂)ခုမှာ “နေမင်း” ကြီး လှည့်ပတ် သွားလာမှု အပေါ် မူတည်ပြီး “ပြိဿ” ရာသီခွင်မှာ နေမင်း (တနင်္ဂနွေဂြိုဟ်)ရောက်ရှိနေချိန်မှာ မွေးဖွားလာကြ သူတွေကို “မိဿ” ရာသီခွင်မှာ နေမင်း (တနင်္ဂနွေဂြိုဟ်)ရောက်ရှိနေချိန်မှာ မွေးဖွားလာကြ သူတွေကို “မိဿ” ရာသီဖွား၊“ပြိဿ” ရာသီဖွား၊ “မေထုန်” ရာသီခွင်မှာ နေမင်း (တနင်္ဂနွေဂြိုဟ်)ရောက်ရှိနေချိန်မှာ မွေးဖွားလာကြ သူတွေကို “မေထုန်” ရာသီဖွား . . . စသည်ဖြင့် သတ်မှတ်ခဲ့ကြပါတယ်။
ဒီရာသီခွင်ဖွား အဟောပညာဟာ နောက်ပိုင်းမှာ အနောက်တိုင်းဗေဒင်စနစ်တစ်ခုဖြစ်တဲ့ “သင်္ချာဗေဒ (ခေါ်) ဂဏန်းဗေဒင်” ပညာရဲ့ မရှိမဖြစ်တဲ့ “ကျောရိုး” တစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အရှေ့ပိုင်း နိုင်ငံတွေမှာပါ ခေတ်စားလာပြီး အခုဆိုရင် မြန်မာနိုင်ငံထဲမှာ (၁၂)ရာသီခွင်ဖွား” နှစ်စဉ် အဟောစာအုပ်တွေဟာ လမ်းဘေးတွေမှာ လူတိုင်း အလွယ်တကူ ဝယ်ဖတ်လို့ ရအောင် ပေါများလာခဲ့ပါတယ်။
ဒီတော့ သင်္ချာဗေဒပညာရဲ့ “ကျောရိုး” တစ်ခုဖြစ်တဲ့ “(၁၂)ရာသီခွင်ဖွားအဟော” တွေကို ကျွန်တော့ဘလော့ဂ်ရဲ့ “သင်္ချာဗေဒ” အခန်း ကဏ္ဍမှာ စ,တင် ဖော်ပြတော့မယ်လို့ ကြေငြာခဲ့ပေမယ့် အကြောင်းကြောင်း ကြောင့် မစ, နိုင်ခဲ့ပါဘူး။ အခုတော့ စ,ဖို့ အလှည့် ရောက်လာပြီဖြစ်လို့ ရှေးဦးပထမ ဒီ “ကြယ်တွေစုံတဲ့ ည” ဆိုတဲ့ ဆောင်းပါးလေးနဲ့ နိဒါန်းပျိုး လိုက်ရတာ ဖြစ်ပါကြောင်း။
အလည်ရောက်လာသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)