ကြည့်ကြမလား ကမ္ဘာ့ဖလား ?

(၄)နှစ် တစ်ကြိမ် ကျင်းပတဲ့ 2010 ကမ္ဘာ့ဖလား ပွဲကြီး က နီးသည်ထက် နီးလာပြီဗျ။ ရှေ့လာမယ့် ဇွန်လ (၁၀)ရက် ဆိုရင် စ,ပြီလေ။ ဒီချိန်ကတော့ ဘောလုံးဝါသနာအိုးများသာမက ဘောလုံးဝါသနာ မပါသူများတောင်မှ အရူးထ, ကြတဲ့ အချိန် ဆိုရင်လည်း မမှားပေဘူးပေါ့ဗျာ။ ကမ္ဘာ့ဖလား ဆိုရင် အမျိုးသားများသာမက အမျိုးသမီးများတောင် Crazy အရမ်း ဖြစ်ကြတာကို တွေ့ရသဗျ။ ရှေ့လာမယ့် ဇွန်လ တစ်လလုံးကတော့ ဒီ ကမ္ဘာ့ဖလားအကြောင်း မိုးမွှန်နေအောင် ပြောကြ ဆိုကြသံတွေ ကြားကြရတော့မှာပေါ့ဗျာ။ လဘ္ဘက်ရည် ဆိုင်လဲ ဒါဘဲ၊ ဘီယာဆိုင်လဲ ဒါဘဲ ၊ ဂျာနယ်တွေလဲ ဒါဘဲ . . . ဆိုတဲ့ အချိန်ကာလ တစ်ခုကို ဖြတ်သန်းရဦးတော့မှာပေါ့ဗျာ။

ကျွန်တော်တို့ ဗေဒင်ဆြာတွေလည်း ဘယ်နေလိမ့်မတုန်း။ ဘယ်အသင်းနိုင်မယ်၊ ဘယ်အသင်း ဗိုလ်စွဲမယ်ဆိုတာ ဟောကိန်း ထုတ်ကြတော့မယ်လေ။ မကြာပါဘူး။ လာပါလိမ့်မယ် – ဂျာနယ်တွေမှာ။ ဘယ်အသင်းနိုင်လိမ့်မယ်တဲ့ – ဘယ်အသင်းကတော့ အုပ်စုက မတက်လောက်ဘူး။ ဘယ်အသင်းကတော့ ရှုံးထွက်မှာ ပြုတ်မယ် စတဲ့ ဟောကိန်းတွေ။

နို့ . . နေပါဦး ။ ဆရာကကော မတွက်မယ့် အထဲမှာ ပါနေလို့ ပြောတာလား ? လို့ မေးစရာ ရှိပါတယ်။ အောင်မယ် ဘယ်နေလိမ့် မလဲဗျာ။ ဒီလိုပွဲမျိုး စောင့်နေတာ ကြာပြီဗျ။ (၄)နှစ်မှ တစ်ခါ ကြုံရတာ။ ဒီတော့ တွက်လည်း တွက်မယ်။ ကြည့်လည်း ကြည့်မယ်။ လောင်းလည်းလောင်းမယ်။ (လောင်းမယ် ဆိုတာ လဘ္ဘက်ရည်ကြေး၊ ဘီယာကြေး လောက်ပါ၊ ပိုက်ဆံကြေးကတော့ တော်ခဲ့ တန်ခဲ့ပါပြီ)

လောင်းမယ် . . ဆိုလို့ (၄)နှစ်တခါ ကမ္ဘာ့ဖလားချိန်တိုင်းမှာ “ကူးစက်ရောဂါကြီး” တစ်ခု ဖြစ်လာတဲ့ “အလောင်းအစား” ကိစ္စကိုလည်း သတိထားကြဦးနော်။ တချို့က ပြောကြတယ် ။ ဘောလုံးပွဲဆိုတာ အလောင်းအစားလေး ပါမှ ကြည့်လို့ ကောင်းတာတဲ့။

မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမယ့် (၄)နှစ်တခါ ဒီ ကမ္ဘာ့ဖလားကြောင့် စီးပွားပျက်၊ ဘဝပျက် သွားရတာတွေ လည်း အများကြီးနော်။ သတိလည်း ထားကြဦး။ အသင်းလေး (၂)သင်းကန်တာကို မှန်အောင် မခန့်မှန်းနိုင်ကြလို့ “ အိမ်ပေါင်၊ တိုက်ပေါင်၊ မြေပေါင်၊ ကားပေါင်၊ ရွှေပေါင်” ဖြစ်ကုန်ကြပြီး နောက်ဆုံး  ဘဝပျက်၊ စီးပွားပျက်ကြတာတွေ များလှသဗျာ။

အလောင်းအစားများ ရှောင်နိုင်အောင် ရှောင်ကြစမ်းပါဗျာ။ အလောင်းအစားကြောင့် ချမ်းသာသွားတယ်ဆိုတာ သိပ်မကြားရပါဘူး။ ဘဝပျက်သွားတာတွေသာ နားမဆန့်အောင် ကြားရတာပါ။ ကြားဘူးတယ်မဟုတ်လား။ “ဖဲသမား မယား၊ နှဲသမား ပါး” တဲ့။ ဖေါင်းလိုက် ပိန်လိုက်၊ ဖေါင်းလိုက် ပိန်လိုက် ပါဘဲဗျာ။

တချို့ကလည်း အပိုင်ကြံကြသေးသဗျ။ ဒီလို အချိန်မှာ “ဟို ဘိုးတော်၊ ဟို နတ်ကတော်၊ ဟို အကြားအမြင် ၊ ဟို ဗေဒင်ဆရာတွေ” အားကိုးနဲ့ အပိုင်ပွဲကို အနိုင်နွဲ ကြဦးမတဲ့ ။ ဝေးပါသေးတယ်ဗျာ။ ဒီလိုသာ လုပ်လို့ ရစတမ်းဆိုရင် ဟောဒီက  “အီဖေကိုယ်” တို့ ချမ်းသာတာ ကြာလှပြီပေါ့။

မကောင်းပါဘူးဗျာ။ ဘောလုံးပွဲများ အကျင့်ကို မကောင်းဘူး။  အခု ချတွက်ကြည့်။ ဘယ်အသင်း နိုင်မယ်ဆိုတာ “ကွက်တိ” မှန်အောင် ပြောနိုင်တယ်။  အဲ – မှန်တယ်ကွ ဆိုပြီး ထ, လောင်းကြည့်လိုက်။ သောက်တလွဲ ဖြစ်ကုန်ရော။ ဘယ်မှန်မှာလဲဗျာ။ “လောဘ” ဆိုတဲ့ အကုသိုလ်စိတ်က ဦးစီး နေတော့ “အမှန်တရားလည်း” ထွက်ပြေးတော့တာပေါ့။

ဗေဒင် မမှန်ဘူးဆိုရင် “အကြားအမြင်တို့ ၊ နတ်ကတော် တို့၊ ဘိုးတော် တို့ ၊ အဘ,ရသေ့ တို့” ဆီ သွားကြဦးမယ် ဆိုတဲ့ လူတွေလည်း ရှိသေးတယ်။ ပြောလိုက်ဦးမယ်။ ဖြစ်ရပ်မှန်လေး။

“အီးတီ” ဆိုတာ ကြားဘူးကြမှာပေါ့။ အင်မတန်မှန်တဲ့ နိုင်ငံကျော်/ ကမ္ဘာကျော် အကြားအမြင် ပညာရှင် တစ်ဦးပေါ့။ သူ့ရဲ့ ဦးလေးအရင်းဖြစ်တဲ့ “ဒေါက်တာမျိုးဝင်း” ဆိုတာ ကျွန်တော်နဲ့ အင်မတန် ရင်းနှီးပါတယ်။ ဒေါက်တာမျိုးဝင်းက “လူသေချာတစ်ဦး ဗျ” ။ ပြီးခဲ့တဲ့ 2006 ခု ကမ္ဘာ့ဖလားမှာ သူလည်း သူများတွေလို “ရွပိုးထိုး”လာတယ်။ အလောင်း အစားလေး လုပ်ချင်လာတယ်။

အဲဒီမှာ “တူမ” ဖြစ်သူ အကြားအမြင် ပညာရှင် အားကိုးနဲ့ လုပ်ပါလေရောဗျာ။ အရမ်းတော့ မလုပ်ဘူးနော်။ သူက “လူသေချာ” လေ။ သိတယ်မဟုတ်လား။ ပထမဆုံးပွဲကနေ (၇)ရက်ဆက်တိုက် “သူ့တူမ အီးတီ” ဆီကို ဖုန်းနဲ့လှမ်းမေး ပြီး ကနေ့ ဘယ်သူတွေနိုင်မလဲ .  . ဆိုတာ လှမ်းမေးတယ်။ လုံး၀ မလောင်းသေးဘူးနော်။

အီးတီရဲ့ ခန့်မှန်းချက်တွေကလည်း လုံး၀ မှန်တယ်ဗျာ ။ တစ်ပွဲမှ မလွဲဘူး။ (၇)ရက် ဆက်တိုက်နော်။ အဲဒီတော့မှ သေချာပြီ ဆိုပြီး (၈)ရက်မြောက်နေ့မှာ “သူ စ,လောင်းတယ်” ။ သူတွင် မကဘူး။ သူငယ်ချင်းတွေကိုပါ စည်းရုံးလိုက်ပြီး “အီးတီ” ပြောတဲ့ အသင်းကို ဝိုင်းလောင်းကြတယ်။

နောက်ဆုံး ပြောရရင်တော့ အင်မတန် မှန်လှပါတယ် ဆိုတဲ့ “အီးတီး” လည်း အဲဒီနေ့ကနေ စ,ပြီး လွဲတော့တာ ပါဘဲဗျာ။ အားလုံး ဝက်ဝက်ကွဲ ရှုံးကြပါတယ်။

အမှန်က အီးတီ မမှားပါဘူး။ သူ့ကို အသုံးချဖို့ ကြံကြတဲ့ သူတွေသာ မှားတာပါ။ ဗေဒင်ပညာ အပါအဝင် အတတ်ဟော ပညာတွေက ဒီလို အသုံးချလို့ မရပါဘူး။ ရရင် ဗေဒင်ဆြာတွေ အရင်ချမ်းသာကုန်ကြပြီပေါ့ဗျာ။ မဟုတ်ဘူးလား။

ဒါကြောင့် အခုလာမယ့် 2010 ကမ္ဘာ့ဖလားပွဲကို ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အားလုံး ဝိုင်းပြီး ကြည့်ကြမယ်။ အားပေးကြမယ်။ ကြိုတင်ခန့်မှန်း ကြမယ်။ ပျော်ကြမယ်။ ကျွန်တော်လည်း ဇွန်လ (၅)ရက်နေ့ကနေ စ,ပြီး ကမ္ဘာ့ဖလား ဟောကိန်းတွေ ၊ ခန့်မှန်းချက်တွေကို စ,ပြီး တင်ပေးသွားမယ်။ ဒီလို ကြိုတင်ခန့်မှန်းပြီး ကြည့်မှ အသဲတဖိုဖို ရင် တလှပ်လှပ်နဲ့ ကြည့်လို့ကောင်းတာ ကလား။  ဝါသနာရှင် ညီအစ်ကို မောင်နှမတွေလည်း ဒီ ခန့်မှန်းချက်တွေကို နေ့စဉ် လာရောက် ဖတ်ရှုနိုင်ပါတယ်။

ဒါပေမယ့် ဒီ ခန့်မှန်းချက်တွေကို အားကိုးပြီး  (စီးပွားဖြစ်) အလောင်းအစားကိုတော့ မလုပ်ကြစေလိုပါ။ အထူးသဖြင့် ကိုယ့်ရဲ့ အသက်ပိုင်းဟာ “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ” သက္ခတ် များအတွင်းရောက်နေသူများ အထူးရှောင်ပါ။ “ရှိတာ အကုန် ကုန်သွားမယ် နော်” ။ ကျွန်တော့် အတွေ့အကြုံအရ ဒီလို ပွဲကြီးပွဲကောင်းတွေ ကြုံလာရင် “အင်္ဂါ၊ ဗုဒ္ဓဟူး၊ စနေ၊ ကြာသပတေး” (၄)ခွင်ထဲရောက်နေသူတွေ အများဆုံး “ဘဝပျက်” တတ်ကြတယ်။ ကိုယ်တွေ့တွေ များလှပါပြီ။ ကယ်ပါဦး ဆရာ ဆိုတာတွေ များလှပါပြီ။ ဒီတော့ လောင်းချင်ရင် “လဘ္ဘက်ရည်ကြေး၊ ဘီယာကြေး၊ ထမင်းကျွေးကြေး” လောက် ဆိုရင် တော်လောက်ပြီ ပေါ့ဗျာ။

ဆရာကြီး လုပ်တာ မဟုတ်ဘူးနော်။ ကိုယ်တိုင် “ဘောလုံးပွဲကြောင့် မြေကွက်တစ်ကွက် ဆုံးရှုံးဘူးလို့” သတိပေးနေ တာပါ။ ကြာခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ်ကျော် လောက်ကပါ။ “ပြင်သစ်” ဗိုလ်စွဲ သွားတဲ့ (1998) ခုနှစ် ကမ္ဘာ့ဖလားပွဲ မှာပေါ့။ အဲဒီတုန်းက ဗေဒင်ဆရာ ဘဝကို မရောက်သေးပါဘူး။ အဲဒီ ဘောလုံးပွဲကနေ စ,ပြီး စီးပွားပျက် ဘဝပျက်လိုက်တာ – အဲဒီ 1998 ခုနှစ်မှာ ရှိတာ အားလုံးကုန်ပြီး ဗေဒင်ဆရာဘဝကို ရောက်လာခဲ့တော့တာပါဘဲဗျာ။

အဲဒီမှာ ကိုယ်တတ်ထားတဲ့ ဗေဒင်ပညာလည်း မကယ်နိုင်ပါဘူး။ ဒါတောင်မှ “လောဘ” သိပ်ပါတာ မဟုတ်ဘူးနော်။ အပျော်လုပ်တာ, အပျော်လုပ်တာ နဲ့ ပါ, ပါသွားတာ။ လှေမျောရင် လှေနဲ့ လိုက်၊ ငွေမျောရင် ငွေနဲ့ လိုက် ဆိုပြီး လိုက်ရင်း . . လိုက်ရင်း နဲ့  စာရင်းချုပ် လိုက်တော့ (မြေကွက်တစ်ကွက်) အရှင်းပြုတ် သွားတာပါဘဲဗျာ။

ကိုယ်တွေ့ အတွေ့အကြုံတစ်ခုကို အားလုံး သတိပြုနိုင်အောင်လို့ ဝေမျှပေးတာပါဗျာ။

ညီအစ်ကို မောင်နှမ အားလုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အပြစ်ကင်းစွာ ပျော်ရွှင်နိုင်ကြပါစေ။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

You May Also Like
Read More

ဘာသာရေး နှင့် ဗေဒင်ပညာ

(ဤဆောင်းပါးသည် မိမိ၏ ကွန်းမန့်ထဲတွင် လူတစ်ယောက်က “ဘာသာရေး နှင့် ဗေဒင်ကို မရောယှက်ပါနှင့်” ဟု ရေးလာခြင်းကြောင့် ချက်ခြင်းကောက်ရေး လိုက်သော ဆောင်းပါးဖြစ်ပြီး ဆောင်းပါးတွင် – မိမိ၏ စိတ်တို၊  စိတ်ဆတ်လွယ်…
Read More

မင်္ဂလာပါ မိတ်ဆွေများ

မင်္ဂလာပါ ကွန်ပျူ-ဗေဒသုခုမ ရဲ့ ဘလော့ဂ်စာမျက်နှာသစ် စတင်ခြင်းဖြစ်ပါတယ်။ ဗေဒင်ပညာနဲ့ ပတ်သက်ပြီး – – အထွေထွေ သိမှတ်ဖွယ်ရာများ၊ – (၇)ရက်သားသမီး ဗေဒင်ဟောကိန်းများ – နည်းလမ်းအတိုအထွာများ၊ – ထူးဆန်းထွေလာများ၊…