အခုတစ်လော ဗေဒင်ပညာဆိုင်ရာ ဘလော့ဂ် “ဈေးတန်း” လေးထဲမှာ ပွက်ညံပွက်ညံ နဲ့ ပွဲဆူနေတာကို တွေ့ရပါတယ်။ ကျွန်တော်ကတော့ ဒီပွဲဈေးတန်းလေး ထဲမှာ “အသက်အကြီးဆုံး” ဖြစ်တော့ ဘယ်သူက မှားတယ်/ဘယ်သူက မှန်တယ် ဆိုတာ ဝင်ငြင်းစရာ အကြောင်း မရှိပါဘူး။ ဝင်ခြင်းဝင်ရင် လူကြီး တစ်ယောက်အနေနဲ့ ဝင်ပြီးဖြန်ဖြေဖို့သာ ရှိပါတယ်။ အားလုံးကို ပြောချင်တာက သင့်မြတ်ကြပါဗျာ။ လူကဲ့ရဲ့စရာ ဖြစ်နေပါဦးမယ်။ တစ်ခါက ကျွန်တော့်ကို “ကိုတေးအေးရိပ်” ပြောခဲ့ဘူးတဲ့ စကားလေး တစ်ခုကို ပြန်ပြောရဦးမယ်။
အဲဒီ ရက်ပိုင်းတွေက ဘလော့တွေထဲမှာ ညစ်ညစ်ညမ်းညမ်း လျှောက်ဆဲနေတဲ့ ကိစ္စလေး တစ်ခု ဖြစ်ပွားနေချိန်ကပေါ့။ (ကိုဝေသာလီရဲ့ ဆိုဒ်ထဲမှာပါ)။ ကျွန်တော်လည်း ကြိုတင် ကာကွယ်တဲ့ အနေနဲ့ C-box ကို ဖြုတ်ချလိုက်တယ်။ ကြောက်လို့တော့ မဟုတ်ဘူး။ ဒီ စကားလုံးတွေကို “မမြင်ဝံ့၊ မကြားဝံ့” လို့ပါ။ ဒီဝက်ဘ်ပေါ်မှာ ကျွန်တော်တို့ ယောင်္ကျားလေးတွေချည်းဘဲ ရှိတာမဟုတ်ဘူးလေ။ မိန်းကလေး တွေလည်း အများကြီးမဟုတ်လား။ ဒါကြောင့်ပါ။ သမီးချင်း၊ နှမချင်း စာနာစိတ်နဲ့ပါ။
ကိုတေးအေးရိပ်လည်း C-box ကို မဖြုတ်ပေမယ့် သံသယဖြစ်ဖွယ်ရှိတဲ့ Proxy တွေကို Ban လိုက်တယ်နဲ့ တူတယ်။ ကျွန်တော်က သူ့ C-box ထဲကို (ခါတိုင်းလိုဘဲ) ဝင်ရေးတော့ ကျွန်တော့်ကို Ban ထားတာ ခံလိုက်ရတယ်။ ကျွန်တော် တော်တော် ဒေါသထွက်သွားတယ်ဗျ။ ဘယ်နှယ့်ဗျာ – ဒီလို ညစ်ညစ် ညမ်းညမ်း အဓိပ္ပါယ်မရှိ လိုက်ဆဲနေတဲ့လူလို့ သံသယ ဖြစ်ဖွယ်စာရင်းထဲမှာ ကျွန်တော်လို လူမျိုး ပါသင့်သလားပေါ့။ ဒေါသထွက်လိုက်တာလေ။ ကျွန်တော် ဆိုတဲ့ အကောင်ကလည်း အသက်သာ ကြီးလာတာ “ထစ်ကနဲ” ဆို ဒေါသ အင်မတန်ထွက်လွယ်တဲ့ လူမျိုးခင်ဗျ။ ဘာရမလဲ။ အီးမေးလ် နဲ့ စာရေးပြီး တေးအေးရိပ်ကို ချဲတော့တာပေါ့။
ဒါပေမယ့် အဲဒီတုန်းက ကိုတေးအေးရိပ် ပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်တော့ ဒေါသကို ပြေပျောက်သွားရုံမက ကိုယ့်ရဲ့အတွေးအမြင်ကိုပါ ပြောင်းသွား စေတယ်ဆိုတာ ဝန်ခံလိုက်ပါတယ်။ သူက ပြောတယ် ။ “ဆရာ ရယ် . . . ဆရာမှန်း သိရက်နဲ့ ကျွန်တော် Ban ပါ့မလား၊ ကျွန်တော်လည်း စိုးရိမ်စိတ် ကြီးပြီး Ban လိုက်တာ ဆရာ့ Proxy ပါ ရောပါသွားတာဖြစ်မှာပါ . . တဲ့။ နောက်စကား တစ်ခွန်းက “ကျွန်တော်တို့ ဗေဒင်ဘလော့ဂ် ဈေးတန်းလေးထဲမှာ ဒီလူ ဒီလူတွေလောက်ဘဲ ရှိတာ ကျွန်တော် လုပ်ပါ့မလား . . တဲ့။
ဒီစကားက ကျွန်တော့်စိတ်ကို လုံး၀ ပြေသွားရုံမက ဆက်ပြီး စဉ်းစားစရာတွေပါ ဖြစ်လာပါတယ်။ ဟုတ်ပါတယ်။ မြန်မာ ဘလော့ဂ်ဆိုဒ်တွေ အမျိုးမျိုး ရှိကြတဲ့ အထဲမှာ ကျွန်တော်တို့ ဗေဒင်ဘလော့ဂ် အုပ်စုက လူအနည်းဆုံး။ အင်အား အနည်းဆုံး။ တခြား ဘလော့ဂ်တွေဆိုရင် သူ့ဟာနဲ့သူ ဝိုင်းရေးကြတာ ပုံလို့။ နည်းပညာပိုင်း ကြည့်ကြည့်၊ ဘာသာရေးပိုင်း ကြည့်ကြည့်၊ Information ပိုင်း ကြည့်ကြည့်၊ အနုပညာပိုင်း ကြည့်ကြည့် ဘလော့ဂ်တွေကို ပုံလို့ . . ခဲလို့။
ကျွန်တော်တို့ ဗေဒင်ဘလော့ဂ်ဂါ အုပ်စုကတော့ ခု, ချတွက်ကြည့်။ လူ (၁၀)ယောက်တောင်မှ မပြည့်တတ်ပါဘူးဗျာ။ ကိုတေးအေးရိပ်၊ ကိုရန်းဂန်း၊ ဝေသာလီ မောင်ဖုန်း၊ ကိုပခန်း၊ ကိုအုပ်စိုး၊ ကိုချမ်းမြေ့ဦး၊ ဇွဲတင်ဝင်း၊ ဆရာဘဲလားလေဘာတီ ၊ ကျွန်တော် . . . ဒီလူတွေလောက်ဘဲ ရှိတာလေ။ ကိုဂျေဂျူဝိုင်တို့၊ ကိုအောင်ပိုင် တို့ ပါထည့်တွက်မှ (၁၀)ယောက် ဝန်းကျင်ဘဲ ရှိတာ။ အခု အသစ်ဝင်လာတာတဲ့ “ကိုမောင်မောင်မြင့်” တို့၊ “ကို K ” တို့ပါ ထည့်တွက်ရင်တောင်မှ တခြား ဘလော့ဂ် တွေနဲ့ ယှဉ်ရင် တကယ့် လူနည်းစုလေးပါ။
ကိုတေးအေးရိပ် ပြောသလို ဒီလောက် လက်တစ်ဆုပ်စာ လောက်ဘဲ ရှိတဲ့ ဗေဒင်ဘလော့ဂါတွေဟာ တစ်ယောက် နဲ့ တစ်ယောက် အမှားရှိခဲ့ရင်တောင် သည်းခံ ခွင့်လွှတ်သင့်ပါတယ်။ စည်းလုံး သင့်ပါတယ်။ တော်ကြာ ဗေဒင်ဆရာ၊ ဗေဒင်ဘလော့ဂါ ဆိုတဲ့ လူစားမျိုးတွေက ဒီလိုဘဲလားကွာလို့ လူပြောစရာ ဖြစ်နေပါ့မယ်။
ကိုယ်က မှန်တယ် ၊ သူက မှားတယ် ဆိုပြီး ငြင်းကြတဲ့ ကိစ္စတွေမှာ ကျွန်တော် လေ့လာကြည့်သလောက်ကတော့ “လူ နှစ်ယောက် မျက်နှာချင်းဆိုင်ပြီး စာရွက်ပေါ်မှာ ရေးထားတဲ့ “အက္ခရာ” တစ်ခုကို တစ်ယောက်က “ဂ,ငယ် – ကွ” ၊ တစ်ယောက်က “ ပ,စောက် – ကွ” ဆိုပြီး ငြင်းနေကြသလိုပါဘဲ။ သူ့ဖက်သူတော့ အမှန်ချည်းပါဘဲ။ ဘယ်သူမှ မမှားပါဘူး။
ဒီတော့ ဒီဗေဒင် ဘလော့ဂါဈေးတန်းလေးထဲမှာရှိကြတဲ့ ညီအစ်ကို အချင်းချင်း ညီညီညွတ်ညွတ် နေကြတာ၊ ဆိုးတိုင်ပင် ကောင်းတိုင်ပင် နေကြတာ ပိုမကောင်းဘူးလားကွာ။ သူလည်း သူ့အယူ အဆနဲ့ ၊ ကိုယ်လည်း ကိုယ့် အယူအဆ နဲ့ ၊ သူ့ဟာသူ ယုံကြည်ရာ လုပ်နေ၊ ရေးနေကြတာဘဲ . . . ဆိုပြီး သဘောထားကြီးကြီး နဲ့ နားလည်ပေးနိုင်ကြရင် သိပ်ကောင်းမယ်လို့ ယူဆမိပါတယ်။
ကျွန်တော် ဒီဘလော့ဂ် နယ်ပယ်ထဲကို မရောက်ခင် ဗေဒင်ပညာခရီးလမ်းကို လျှောက်ခဲ့စဉ်ကာလကလည်း ဗေဒင်ဆရာတွေ ဒီလိုဘဲ ငြင်းခုန်နေကြတာ ခဏခဏ တွေ့ရပါတယ်။ စိတ်လည်း အတော်မချမ်းသာစရာ ကောင်းတဲ့ ကိစ္စပါဘဲ။ ကိုယ့်ဟာနဲ့ကိုယ်တော့ မှန်တယ်လို့ ထင်ကြသူ ချည်းပါဘဲ။ အများဆုံး ငြင်းကြတာတော့ “ကျမ်း” ကိစ္စပါဘဲ။ ဒီဆရာရဲ့ ကျမ်းက မှန်တယ်၊ ဟို ဆရာရဲ့ ကျမ်းက မှားတယ်။ ဒီပညာက မှားတယ်၊ ဟို ပညာက မှန်တယ်။ ဒါပါဘဲ။
ဒီတော့ ကျွန်တော် ဖတ်ဖူး၊ မှတ်ဖူး၊ အတွေးနက်ခဲ့ဘူးတဲ့ စကားလေး တစ်ခုကို ပြောချင်ပါတယ်။ ဒီစကားကို ပြောခဲ့သူကတော့ “နေလဝိဇ္ဇာ ဆေးပညာ” “ပုဂ္ဂလပညတ် ဆေးပညာ” ရယ်လို့ လျှမ်းလျှမ်းတောက်ခဲ့တဲ့ ဆေးပညာရပ်ရဲ့ ဖခင်ကြီးတစ်ဦး ဖြစ်သူ “အိုင်ကလောင် ဓာတ်ဆရာကြီး ဆရာလှိုင်” ပြောခဲ့တဲ့ စကားပါ။ သူထံမှာ ပညာလိုက်စားနေတဲ့ တပည့်တွေကို ဆုံးမခဲ့တာပါ။
အဲဒီ စကားလေးကတော့ “ကျမ်းလျှောက်လျှင် မဆုံး၊ ကျမ်းပေါက်လျှင် တစ်လုံး” တဲ့။ သေသေချာချာ ဖတ်ပြီး စဉ်းစားကြည့်နော်။
သိပ်ကို အဓိပ္ပါယ်ရှိပြီး နက်နဲလှတဲ့ စကားတစ်ခုပါ။ ဒီစကားဟာ မြန်မာ့ ဆေးပညာရပ် တစ်ခုတည်းမှ မဟုတ်ပါဘူး။ နယ်ပယ် အသီးသီးက အတတ်ပညာ အားလုံးနဲ့ သက်ဆိုင်ပါလိမ့်မယ်။ လူတွေဟာ တကယ့် ပညာရပ်အစစ်ဟာ “ကျမ်း”တွေထဲမှာသာ ရှိမယ်ထင်ပြီး “ကျမ်း” ပြဿနာ တက်နေတာပါ။ ဒီ ကျမ်းတွေ နောက်ကိုသာ လိုက်နေကြမယ်ဆိုရင် ဘယ်တော့မှ ဆုံးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တကယ် သဘောပေါက်သွားရင်တော့ ကိုယ်သိသွားတဲ့ ၊ သဘောပေါက်သွားတဲ့ “ပေါက်,လုံးလေး တစ်လုံး” ဟာ ကျမ်းအားလုံးကို ဖတ်စရာ မလိုတော့အောင် ဖြစ်သွားပါလိမ့်မယ်။
ဗုဒ္ဓဘာသာနယ်ပယ်မှာ လူသိများတဲ့ စကားလေး တစ်ခုရှိပါတယ်။ အဲဒါက “ရဟန္တာ” ဖြစ်သွားရင် ပိဋကတ် (၃)ပုံကို အလိုလို အာဂုံ ဆောင်နိုင်ပြီး ဖြစ်သွား တယ် တဲ့။ ဘုရားဟော ဟုတ်/မဟုတ် ကျွန်တော် သေသေချာချာ မသိပါ။ ဒါပေမယ့် ဒီစကားလေး မှန်တယ်ဆိုတာကို သက်သေပြ လိုက်တဲ့ ရဟန်း (၂)ပါးတော့ ပေါ်ထွန်းလာပါတယ်။ “စွန်းလွန်း ဆရာတော်ကြီး ဦးကဝိ” နဲ့ “သဲအင်းဂူ ဆရာတော်ကြီး ဦးဥက္ကဌ” တို့ပါ။
ဒီအရှင်မြတ် (၂)ပါးရဲ့ အကြောင်းကလည်း အများသိပြီးတဲ့ အတိုင်းပါ။ (၂)ပါးစလုံး “ငယ်ဖြူ” မဟုတ်ကြပါဘူး။ “တောထွက်” တွေပါ။ အသက်ကြီးမှ ရဟန်းပြုကြသူတွေပါ။ (၂)ပါးလုံး စာပေကျမ်းဂန် လုံးဝမတတ်ကြပါဘူး။ ဒီ(၂)ပါးစလုံး “ရဟန္တာ၊ ရဟန္တာ” လို့ နာမည်ကြီးလွန်းလာတော့ နိုင်ငံကျော် စာတတ်ပေတတ် ဆရာတော်ကြီးတွေက ခေါ်ယူ စစ်ဆေးကြပါတယ်။ ဗုဒ္ဓရဲ့ ပိဋကတ် (၃)ပုံထဲက တကယ့် ခက်ရာ ခက်ဆစ်တွေကို မြန်မာစကား နဲ့ မေးမြန်း စစ်ဆေး ကြပါတယ်။ သူတို့ နားလည်သလို ဖြေသွားကြပေမယ့် “တစ်လုံး တစ်ပါဒ မျှ” ကျမ်း နဲ့ မလွဲပါဘူး။ ကျမ်းတတ် အကျော်အမော် ဆရာတော်ကြီးတွေ လက်ခံ လိုက်ရပါတယ်။ ပိဋကတ်(၃)ပုံ ကို “ပေါက်မြောက်” သွားတယ် ဆိုတာ လက်ခံလိုက်ရပါတယ်။
ဒီ အရှင်(၂)ပါးလုံးကလည်း သူတို့ တကယ် ပေါက်မြောက်ခဲ့တာအမှန်ပါ ဆိုတာကို “ခန္ဓာ နဲ့ သက်သေပြ” ခဲ့ကြပါတယ်။ “သဲအင်းဂူ ဆရာတော်ကြီး” က ခန္ဓာဝန်ချတော့ “ဓာတ်တော်ကျ” ပြလိုက်ပါတယ်။ “စွန်းလွန်း ဆရာတော်ကြီး” က “ငါ, သေရင် ဒီအတိုင်း ထိုးထားလိုက်” လို့ တပည့်တွေကို မှာခဲ့တာမို့ . . ဒီအတိုင်းဘဲ ထားလိုက်တာ ယနေ့အချိန်အထိ အလောင်းတော်ဟာ မပုပ်မသိုး ရှိနေလျှက်ပါ။
ဒါဟာ ကျမ်းကို မလျှောက်ဘဲ ကျမ်းပေါက်သွားတဲ့ ထင်ရှားတဲ့ ဥပမာ တစ်ခုပါ။ ဗုဒ္ဓရဲ့ ဓမ္မပညာ နဲ့ ဘယ်လိုမှ မနှိုင်းယှဉ်သာတဲ့ ဗေဒင်ပညာ၊ ဆေးပညာ၊ အင်းအိုင်လက်ဖွဲ့ ၊ အဂ္ဂိရတ်ပညာ အားလုံးမှာလည်း ဒီလိုပါဘဲ။ ကျမ်း နောက်ကိုသာ လိုက်နေရင် လျှောက်လို့မဆုံး၊ ရှာလို့ မဆုံး ဖြစ်နေမှာပါ။
တကယ့် ကျမ်းအစစ်တွေက “ကျမ်းပေါက်သွားခဲ့တဲ့ သူတွေ” စီရင်ခဲ့တာပါ။ ဒီလို “ကျမ်းပေါက်” သွားသူတွေ စီရင်ခဲ့ပေမယ့် “ဖတ်တဲ့လူတိုင်း” ကျမ်းမပေါက် နိုင်ပါဘူး။ ဘဝပေါင်းများစွာက ဖြည့်ဆည်းခဲ့တဲ့ ပါရမီလည်းရှိ၊ ဆရာဖြစ်သူနဲ့လည်း ရှေးအဆက်ဆက်က ပဌာန်းဆက် ရှိခဲ့သူသာ “ပေါက်” ပါလိမ့်မယ်။ ဒီလို မရှိခဲ့ရင်တော့ “ကျမ်း အစစ်ကို ဖတ်နေရင်းနဲ့ ကျမ်းပျောက်” နေပါလိမ့်မယ်။
တကယ် ကျမ်းပေါက် မပေါက် ဆိုတာကလည်း ကိုယ့်ဟာကိုယ် လျှောက်ပြောနေလို့ မရပါ။ ကြော်ငြာလို့ မရပါ။ အများက ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဝါဒ ဖြန့်ချိ လို့မရပါ။ ခဏဘဲ ရပါမယ်။ သမိုင်းမှာ အမည်တွင်လောက်အောင် “ကျမ်းပေါက်” သွားသူဖြစ်ဖို့ “သမိုင်း” ကဘဲ မော်ကွန်းထိုး ပေးပါလိမ့်မယ်။ ကျမ်းလျှောက် နေသူ အချင်းချင်း ငြင်းခုန် နေကြလို့ အကျိုးမရှိပါ။ အမှန်တရားကို မတွေ့နိုင်ပါ။ အမှန်တရားကို တွေ့ဖို့ ပိုမိုနှောင့်နှေး ကြန့်ကြာ သွားပါလိမ့်မယ်။ ဒါကြောင့် “ကျမ်းပေါက်” အောင်သာ ကြိုးစားကြပါ။ ဒီလို ကြိုးစားကြရင်းနဲ့ အချင်းချင်း ကူညီ စောင့်ရှောက် ပေးကြတာမျိုး ဖြစ်စေချင်ပါတယ်။
သူလည်း သူ့နည်းသူ ပေါက်အောင်ကြိုးစားတာ ၊ ကိုယ်လည်း ကိုယ့်နည်းကိုယ် ပေါက်အောင် ကြိုးစားတာမျိုးသာ ဖြစ်သင့်ပါတယ်။ နည်းစနစ်ပုံသေ မရှိနိုင်ပါ။ နိဗ္ဗာန် ဆိုသည့် အမှန်တရား(အစစ်) ကို သွားသည့် လမ်းမှာပင် နည်းလမ်းမျိုးစုံ ရှိပါတယ်။ ကမ္မဌာန်း (၄၀)ဆိုတဲ့ လမ်းပေါင်း (၄၀) လောက်ရှိပါတယ်။ သွားနည်း မှန်ရင် ရောက်ကြမှာ ချည်းပါဘဲ။ နည်းလမ်းသည် အဓိက မကျပါ။ “ပေါက်မြောက်” သွားဖို့သာ အဓိက ကျပါတယ်။ ရောက်သွားဖို့က အဓိက ကျပါတယ်။
ဒီဆောင်းပါးလေးကို ကျွန်တော်တို့ရဲ့ ဗေဒင်ဘလော့ဂါ ဈေးတန်းလေး စည်ကားသိုက်မြိုက်လာဖို့ ရည်ရွယ်စိတ်နဲ့ ရေးလိုက်ခြင်းသာ ဖြစ်ပါတယ်။ ရှေ့က ရောက်နှင့် နေကြသူများကလည်း နောက်ဝင်လာတဲ့လူကို လက်ကမ်း ကြိုဆိုစေချင်ပါတယ်။ နောက်ဝင်လာတဲ့ သူကလည်း ရှေ့ကရောက်နှင့် နေသူတွေကို (မရည်ရွယ်ဘဲ) တိုက်ခိုက်သလို ဖြစ်မယ့် စကားတွေကို ရှောင်ကျဉ်သင့်ပါတယ် – (တကယ် စိတ်ရင်းမှန်ရင်ပေါ့လေ . . တကယ့်စိတ်ရင်းမှန် နဲ့ ဝင်ရောက်လာတာ မဟုတ်ရင်တော့ လက်ကမ်းကြိုဆိုမည့်သူများဘက်က ငြင်းပယ်ခြင်းကို အပြစ်ဆိုစရာ မရှိတော့ပါ)။ ဒီလိုတော့ မဖြစ်သင့်ပါ။
စာဖတ်သူ မိတ်ဆွေများနှင့် ဗေဒင်ဈေးတန်းလေးမှ ညီငယ်များ ခင်ဗျား။ ဒီကိစ္စမှာ ဆရာကြီးဝင်လုပ်တာ မဟုတ်ဘဲ ကိုယ်က အသက်ကြီးဆုံးမို့ ဝင်ရောက် ဖြန်ဖြေ ပေးခြင်းသာဖြစ်တယ် ဆိုတာ စာဖတ်သူများ နှင့် ညီငယ်များ နားလည်နိုင်ကြမည်ဟု မျှော်လင့်လျှက် ရှိကြောင်းပါခင်ဗျား။
အားလုံး ကျန်းမာချမ်းသာကြပါစေ။ ကျေးဇူးတင်ပါသည်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)