ဗေဒင်မိတ်ဆွေလေး ကိုရန်းဂန်းက တောင်းဆိုလို့ ကုန်ဈေးနှုန်း အတက်အကျနဲ့ပတ်သတ်တဲ့ ဗေဒင် တွက်နည်းလေးတွေကို တင်ပြဆွေးနွေး ပေးချင်ပါတယ်။ နောက်ကြောင်းကို ပြန်ပြောရရင် လွန်ခဲ့တဲ့ (၁၅) နှစ်လောက်တုန်းက ကျွန်တော်ဟာ ကုန်သည် နဲ့ ဆီစက် လုပ်ငန်းရှင်လေး တစ်ဦး ဖြစ်ခဲ့တော့ ဆိုတော့ ဒီဘာသာရပ်တွေကို တော်တော်လိုက်စားခဲ့ဘူးပါတယ်။ လက်ရိုး၊ လက်ဆန်း၊ သင်္ချာဗေဒ၊ ဟူးရား ဗေဒင် နည်းအမျိုးမျိုး၊ လမ်းအစုံစုံ နဲ့ နေ့မအိပ်၊ ညမအိပ်ကို တွက်ခဲ့ ချက်ခဲ့ဘူးပါတယ်။
အဲဒီတုန်းကတော့ဗျာ – ငယ်ရွယ်သူလည်းဖြစ် ၊ ကြီးပွားချမ်းသာချင်စိတ်ကလည်း အလွန်များခဲ့တော့ ကုန်ဈေးနှုန်း အတက် အကျ သာမက ယိုးဒယားချဲထီ တို့ ၊ ဘောလုံးပွဲတို့လည်း အသေအလဲ တွက်ခဲ့ တာပေါ့ဗျာ။ လုံးဝနီးပါး မှန်ကန်တဲ့ ဖော်မြူလာ တစ်ခုတော့ ကျိန်းသေ ရှိရမယ်လို့ ယူဆခဲ့တာပေါ့။
ဒါပေမယ့် အမှန် နဲ့ အမှား ပိန်မသာ၊ လိမ်မသာဖြစ်ရုံကလွဲပြီး သူဌေးလည်း ဖြစ်မလာခဲ့ပါဘူး။ မှန်ကန်တဲ့ ရာနှုန်းက နည်းပါတယ်။ နောက်ပိုင်း မှားတာက ပိုများလာလို့ လက်လျော့လိုက်ရပါတယ်။နောက်တော့မှ သိလာတာက ဒီလို မှန်ကန်တဲ့ ရာနှုန်း ဘာကြောင့် နည်းလာရသလဲဆိုရင် ဗေဒင်ပညာက မမှန်လို့ မဟုတ်ဘူး ဗျ။ “လောဘ” ဆိုတဲ့ နိမ့်ကျတဲ့စိတ်ကြောင့် အမှားများရတာပါ။အခုနေ လူတစ်ယောက်ကို ဗေဒင်တွက်ကြည့်။ အနည်းဆုံး (၇၅) ရာနှုန်းမှန်ရမယ်။ ဒါပေမယ့် အလောင်းအစားနဲ့ ပတ်သက်လာရင် “လောဘ” ပါလာတဲ့အတွက် ညစ်နွမ်းသွားပြီး အမှန်တရားတွေ ပျောက်ကွယ်လာရတာဖြစ်ပါတယ်။ မှန်ကန်မှု ရာနှုန်းဟာ (၅ဝ) ရာနှုန်း အောက်ကို ကျလာခဲ့တယ်။ (၅ဝ) ရာနှုန်းအောက် ကျပြီ ဆိုကတည်းက ရှုံးပြီပေါ့ဗျာ။ ဒီလိုသိလာတဲ့ အချိန်ကစပြီး အလောင်းအစားတို့၊ ကုန်လှောင်တာတို့ကို လုံးဝစွန့်လွှတ်ခဲ့ပါတယ်။ကုန်ဈေးနှုန်းတွက်တယ်ဆိုတာကလည်း နောက်ကွယ်မှာ ကုန်ပစ္စည်း သိုလှောင်ချင်တဲ့ လောဘ ပါနေတဲ့အတွက် မှန်ကန်တဲ့ ရာနှုန်း နည်းတတ်ပါတယ်။
ရိုးရိုးသားသား သိချင်လို့တွက်ကြည့်။ တကယ်ဟုတ်မဟုတ် ဒီအတိုင်း ထိုင်စောင့်ကြည့်။ မှန်နေလိမ့်မယ်။ တကယ် ကုန်လှောင် တော့မယ် ဆိုပြီးတွက်ကြည့်။ ထွက်တဲ့အဖြေအတိုင်း လှောင်ကြည့်။ ဟုတ်ချင်မှ ဟုတ်တော့မယ်။ မြတ်ချင်လည်း မြတ်လိမ့်မယ်။ ကွဲချင်လည်း ကွဲလိမ့်မယ်။ ကွဲဖို့ ပိုများတယ်။နောက်ဆုံး လူတွေရဲ့ဘဝကို အုပ်ချုပ်နေတာ ကံတရားပါဗျာ။ ကံကောင်းနေရင် ဘာလုပ်လုပ် အောင်မြင်နေတာဘဲ။ ကိုယ့်လက်နဲ့ ကိုင်မိသမျှဟာ ရွှေတုံးရွှေခဲတွေ ဖြစ်နေတော့တာဘဲ။ ကံများ နိမ့်လာရင် ရွှေတုံးရွှေခဲကို ကိုင်လိုက်ရင်တောင် မီးသွေး ဖြစ်သွားတတ်ပါတယ်။ ကိုယ့်ကြမ္မာကိုသာ ကိုယ်စီရင်လို့ရရင် ဗေဒင်ပညာရှင်တွေ၊ လောကီပညာရှင်တွေက အရင်ဆုံး သူဌေးဖြစ်ကြမှာ ပေါ့ဗျာ။ဒါပေမယ့်လည်း ဗေဒင်ပညာပိုင်းနဲ့ ပတ်သက်ပြီး ဗဟုသုတရကြအောင် နည်းလမ်းတစ်ချို့ကို တင်ပြဆွေးနွေးသွားပါမယ်။ ကုန်ဈေးနှုန်း ဗေဒင်ဆိုတာကလည်း အတော်ခက်သားဗျ။ ဥပမာ- လက်ရိုးနည်းနဲ့ ကြည့်ရင် သောကြာဂြိုဟ်ဟာ ချည်မျှင်၊ အထည်အလိပ် နဲ့ သကြား ကြံသကာတွေကို စိုးမိုးထားတဲ့ဂြိုဟ်လို့ ဆိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ချည်ထည် ဈေးတက်ပြီး သကြားဈေးကျနေတာမျိုးလည်း ရှိတတ်တာဘဲ။ သီးနှံတစ်ခုကို ဂြိုဟ်တစ်လုံးက အုပ်စိုးတယ် ဆိုရင်တောင် မျိုးရင်းတစ်ခုထဲက မျိုးစိတ်တွေကို ဘယ်လို လုပ်ပြီး ခွဲမလဲ။ မြန်မာနိုင်ငံမှာ အလှောင်များတဲ့ “ပဲ” ကိုဘဲကြည့်။ ပဲတစ်မျိုး တည်းမှာကို ပဲတီစိမ်း၊ ပဲနောက်၊ မတ်ပဲ ၊ ကုလားပဲ၊ ပဲကြီး ၊ စားတော်ပဲ .. အများကြီးဘဲလေ။ အဲဒီ “ပဲ” ထဲမှာကို တစ်ခါတစ်လေ မတ်ပဲက ဈေးမြောက်နေပြီး၊ ကုလားပဲက ဈေးကျနေတာမျိုးလည်း ရှိတယ် မဟုတ်လား။ ဒီလို ခွဲခြားရတာ တော်တော် ခက်ပါတယ်။
ဒါပေမယ့် ကုန်ဈေးနှုန်း ကမောက်ကမဖြစ်ရတဲ့ အကြောင်းတွေနဲ့ ဂြိုဟ်တွေရဲ့ သဘောသဘာဝကိုတော့ နည်းနည်း သိထားရင် ကောင်းပါတယ်။ နက္ခတ်ဗေဒင်စနစ်မှာ ယူရေးနပ်စ်၊ စနေ၊ ကြာသပတေး နဲ့ အင်္ဂါ ဂြိုဟ်တွေဟာ ကုန်ဈေးနှုန်းတွေကို အတော် ကမောက် ကမဖြစ်အောင် လုပ်တတ်တဲ့ဂြိုဟ်တွေလို့ သိထားရမယ်။ဒီဂြိုဟ်တွေရဲ့ အသွားအလာ ၊ အမြင်အယှဉ်တွေဟာ ကုန်ဈေးနှုန်း အတက် အကျတွေကို အတော် လွှမ်းမိုးနိုင်မှု ရှိတာတွေ့ရတယ်။ အဲဒီနေရာမှာ အရှေ့တိုင်းမှာ သုံးတဲ့ဂြိုဟ်ပူးဂြိုဟ်မြင်ထက် အနောက်တိုင်းစနစ်မှာ သုံးတဲ့ ဂြိုဟ်မြင်စနစ်က ပိုပြီးမှန်တာကို (လက်တွေ့ လေ့လာ ဘူးတဲ့ အတွေ့အကြုံအရ) တွေ့ရပါတယ်။
အရှေ့တိုင်းစနစ်မှာတော့ (၁၈ဝံ) ဒီဂရီ သမသတ်အမြင်ကို သိပ်အဆိုးမပေး ပေမယ့် အနောက်တိုင်းမှာတော့ သိပ်ဆိုးတယ် လို့ယူဆပါတယ်။ နောက်တစ်ခုက (၉ဝံ) ဒီဂရီ စကွဲယားအမြင်။ သူလည်း ဆိုးတာဘဲ။ ဒီတော့ အထက်က ပြောတဲ့ စနေ၊ ယူရေးနပ်စ်၊ အင်္ဂါ နဲ့ ကြာသပတေးဂြိုဟ်တွေဟာ တစ်ခုနဲ့ တစ်ခု သမသတ်အမြင်၊ စကွဲယားအမြင်တွေ ဖြစ်တဲ့ အချိန်တွေမှာ ဈေးနှုန်းတွေဟာ ကမောက်ကမဖြစ်တတ်ပါတယ်။ ဈေးအလွန် ကစားတတ်ပါတယ်။ များသောအားဖြင့် ဈေးကျတာ များပါတယ်။ တစ်ခါတစ်လေကျပြန်တော့ လည်း မယုံနိုင်စရာကောင်းအောင် ခုန်တက်တတ်ပါတယ်။
လက်တွေ့တစ်ခုပြပါမယ်။ အခု သံဒိဌာန်ဂြိုဟ်သွားပြက္ခဒိန်အရ စနေဂြိုဟ် နဲ့ ယူရေးနပ်ဂြိုဟ်ဟာ “သမသတ်” အမြင်နဲ့ မြင်နေတာကို တွေ့ရပါမယ်။ အနောက်တိုင်းစနစ် သံဒိဌာန်ဂြိုဟ်သွားပြက္ခဒိန်မှာ စနေဂြိုဟ်ဟာ ကန်ရာသီမှာ (၁၉) ဒီဂရီ နဲ့ ယူရေးနပ်စ် ဂြိုဟ်က မိန်ရာသီမှာ (၁၈) ဒီဂရီ နဲ့ သမသတ် အတိအကျ ဖြစ်နေပါတယ်။ ဒီလို သမသတ်အမြင်ကို ချည်းကပ်လာခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာ လတွေလောက်ကတည်းက အမေရိကန်နိုင်ငံမှာ ဘဏ်တွေပျက်တာကစလို့ စီးပွားရေးကမောက်ကမဖြစ်၊ စတော့ ရှယ်ယာဈေးတွေ ထိုးကျခဲ့တာဖြစ်ပါတယ်။ ရေနံဈေးနှုန်း မယုံနိုင်လောက်အောင် ကျဆင်း သွားတာလည်း ဒီအမြင်ကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလို စနေ နဲ့ ယူရေးနပ်အမြင်ဟာ အနှစ် (၅ဝ)လောက်မှ တစ်ကြိမ်သာ ဖြစ်နိုင်ပါတယ်။ဒီလို စနေ နဲ့ ယူရေးနပ်ဂြိုဟ်တို့ဟာ သမသတ် ဖြစ်တိုင်း၊ စကွဲယားဖြစ်တိုင်း၊ ဂြိုဟ်ပူးတိုင်း ကမ္ဘာ့ဈေးနှုန်းတွေ၊ စတော့ ရှယ်ယာဈေးတွေ အလွန်ကမောက်ကမ ဖြစ်တတ် တာကို တွေ့ရပါတယ်။
အနောက်တိုင်းဂြိုဟ်မြင်အရ (၁၂ဝ) ဒီဂရီ ဆိုတဲ့ (၅)တန့် (၉)တန့် အမြင်ကတော့ အမြင်ကောင်းဖြစ်တဲ့အတွက် ဂြိုဟ်တွေဟာ အဲဒီအမြင်ဖြစ်လာရင် ဒီအနေအထားကို ဂြိုဟ်တွေရောက်လာရင် ဈေးနှုန်းတွေဟာ မှန်မှန်တက်လာပြီး စိုက်ပျိုးသူ၊ ရောင်းဝယ်သူအားလုံး အကျိုးများတတ်ပါတယ်။
ဂြိုဟ်ပူးတာကတော့ သက်ဆိုင်ရာဂြိုဟ်အလိုက် ကောင်းခြင်းမကောင်းခြင်းဖြစ်စေပါတယ်။ အင်္ဂါ နဲ့ ကြာသပတေး ပူးရင် ယေဘူယျ ကောင်းဖို့များပြီး၊ အင်္ဂါ နဲ့ စနေ၊ အင်္ဂါ နဲ့ ယူရေးနပ်စ်၊ စနေ နဲ့ ယူရေးနပ်စ်တွေပူးရင် မကောင်းတတ်ပါဘူး။
ဒါတွေက နက္ခတ်ဗေဒင် ဆိုင်ရာအခြေခံတွေပါ။ အကျယ်ချဲ့ရရင်တော့ စာအုပ်တစ်အုပ်ဖြစ်သွားပါလိမ့်မယ်။ လက်ရိုးဗေဒင်စနစ် က ကျယ်ဝန်းလှပြီး နည်းဥပဒေက များလွန်းလို့ တော်တော်လေ့လာပြီး သုတေသနပြုမှ အမှန်များပြီး အမှားနည်းလာပါလိမ့်မယ်။
ဒီနေရာမှာ မြန်မာ့ရိုးရာနည်းစနစ်နဲ့ ကုန်ဈေးနှုန်း အတက်အကျ၊ ပစ္စည်း အပေါအရှားတွက်တာလေး တစ်ခုလောက် တင်ပြ ချင်ပါတယ်။ မြန်မာ့နည်းလေးတွေကတော့ လွယ်ကူတယ်။ အထင်ကြီးစရာမရှိဘူး။ ဒါပေမယ့် မှန်သင့်သလောက် မှန်တာပါဘဲ။ ဒီနည်း ကလေးကတော့ ကျွန်တော့်ရဲ့ ဗေဒင်မှတ်စုစာအုပ်ကလေးထဲမှာ လွန်ခဲ့တဲ့ (၁၈) နှစ်လောက်က မှတ်ထားခဲ့တဲ့ နည်းလေးဖြစ်ပြီး ဘယ်စာအုပ်ထဲကလဲ ဆိုတာတော့ မမှတ်မိတော့ပါဘူး။ ဆရာဒဂုန့်စာအုပ် ဖြစ်ဖို့တော့ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဒဂုန်ရဲ့ စာအုပ်တွေက ကျွန်တော့်ဆီမှာ အများဆုံးဖြစ်နေလို့ပါ။ ဆရာဒဂုန်ဟာ ကျွန်တော့်ရဲ့ သင်ဆရာမဟုတ်ပေမယ့်၊ မြင်ဆရာတစ်ဦးပါ။ မြန်မာ့ဗေဒင်နည်းစနစ်တွေကို သူ့စာအုပ်တွေထဲက အများဆုံးရခဲ့ပါတယ်။ ဒီနည်းစနစ် ကလေးကတော့ ကုန်ပစ္စည်းတွေရဲ့ နံကို အောက်ပါ ဇယားအတိုင်းပေါင်းပြီး တွက်တဲ့နည်းပါ။ ကြည့်ကြရအောင်။
ဒီဇယား သင်္ချာအရ ကောင်းကွက်ကလေးတွေက “ပဲ” တစ်မျိုးထဲမှာဘဲ နံပါတ်ကောက်ကိန်းတွေ ကွဲသွားမှာ ဖြစ်ပါတယ်။ မတ်ပဲ ဆိုရင် ၁+၂ဝ= (၂၁)ဂဏန်းရမယ်။ ပဲတီစိမ်း ဆိုရင် ၂ဝ+၃+၄= (၂၇)ဂဏန်းရမယ်။ ကုလားပဲ ဆိုရင် ၉+၄+၂ဝ= (၂၃) ဂဏန်း ဖြစ်သွားမယ်။ မြန်မာ့ရိုးရာဗေဒင်နည်းတွေက မှန်တာမမှန်တာထား၊ ဒါလေးတွေက ချစ်စရာကောင်းတယ်။ လက်ရိုးဗေဒင်ဆိုရင် ပဲတီစိမ်းကို မတ်ပဲကို ဘယ်ဂြိုဟ်က အုပ်စိုးပြီး၊ ကုလားပဲကျတော့ ဘယ်ဂြိုဟ်က အုပ်စိုးလဲ ဆိုတာ စဉ်းစားရတာ နဲ့ လက်တွေ့မှန်မမှန် ချိန်ထိုးရတာ တော်တော်ခေါင်းကိုက်တယ်။
တွက်ပုံအဆင့်ဆင့်
(၁) ကိုယ်သိချင်တဲ့ ကုန်ပစ္စည်းရဲ့ နေ့နံကို အထက်ပါ ဇယားက သင်္ချာတွေအတိုင်း ပေါင်းရပါမယ်။
(၂) ပေါင်းရကိန်းကို တွက်ချင်တဲ့ မြန်မာသက္ကရာဇ်မှာ ပေါင်းထည့်ရပါမယ်။
(၃) အဲဒီပေါင်းရကိန်းမှာ ၅ဝဝဝ ထပ်ပေါင်းရပါမယ်။
(၄) ပြီးရင် ပေါင်းရကိန်းကို (၃)နဲ့ မြှောက်ရပါမယ်။
(၅) မြှောက်ရကိန်းကို (၉) နဲ့ထပ်စားရပါမယ်။
အဲဒီမှာ အကြွင်း (၃) မျိုးသာ ကြွင်းပါမယ်။ (၃) ရယ် (၆) ရယ် (ဝ) ရယ်ပါ။
= (၃) ကြွင်းရင် အဲဒီနှစ်အတွက် အဲဒီပစ္စည်းဟာ မပေါ၊ မရှားလှဘဲ ဈေးတန့် ၊ ဈေးအီနေတတ်ပါတယ်။ တက်ရင်လည်း နည်းနည်း၊ ကျရင်လည်း နည်းနည်းလောက်ဘဲ။ ဈေးငြိမ်နေတတ်ပါတယ်။ အရောင်းအဝယ် ပါးနပ်လိမ္မာလွန်းမှ နဲနဲပါးပါးဘဲ မြတ်နိုင်ပါတယ်။
= (၆) ကြွင်းရင် အဲဒီပစ္စည်းဟာ ပေါများလို့ဘဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် ဖြစ်ဖြစ် ဈေးကျလိမ့်မယ်။ လှောင်ရင် ရှုံးဖို့များတတ်တဲ့ ပစ္စည်းပေါ့။
= (ဝ) ကြွင်းရင်တော့ အဲဒီပစ္စည်းဟာ ရှားပါးခြင်းကြောင့်၎င်း၊ အကြောင်းတစ်ခုခုကြောင့်၎င်း ဈေးတက်ခြင်း၊ ဈေးမငြိမ်ခြင်းများ အလွန်ဖြစ်တတ်ပါတယ်။ အရောင်းအဝယ် ပါးနပ်ရင် အဲဒီနှစ်အတွက် အမြတ် များနိုင်တဲ့ ကုန်မျိုးလို့ ဆိုပါတယ်။
နမူနာလက်တွေ့တွက်ကြည့်ကြရအောင် –
၁၃၇ဝ (အခုနှစ်) အတွက် “ရွှေ” ဈေးကို တွက်ကြည့်ရအောင်။
(၁) “ရွှေ” ဆိုတော့ အထက်ပါ ဇယားမှာ (၃)ဂဏန်းဖြစ်တယ်။
(၂) ၁၃၇ဝ မှာ (၃) ပေါင်းတော့ ၁၃၇၃ ရတယ်။
(၃) အဲဒီထဲမှာ ၅ဝဝဝ ထပ်ပေါင်းတော့ (၆၃၇၃) ရတယ်။
(၄) အဲဒီ (၆၃၇၃) ကို (၃) နဲ့မြှောက်တော့ (၁၉၁၁၉) ရတယ်။
(၅) (၁၉၁၁၉) ကို (၉) နဲ့စားပါ။ အဲဒီမှာ အကြွင်း (၃)ရပါတယ်။ အကြွင်း (၃)ရဲ့ သဘောအရ ဈေးတန့်ခြင်း၊ ဈေးအီခြင်း ဖြစ်တတ်တော့ လက်တွေ့မှာလည်း ဒီနှစ်တစ်နှစ်လုံး ရွှေဈေးဟာ ၅သိန်းခွဲဝန်းကျင်လောက်မှာဘဲ အီလည်လည်ဖြစ်နေတယ် မဟုတ်လား။
နောက်ထပ် နမူနာတစ်ခု တွက်ကြည့်ကြရအောင် –
၁၃၇ဝ (အခုနှစ်) အတွက် “ဒေါ်လာ” ဈေးကို တွက်ကြည့်ရအောင်။
(၁) “ဒေါ်လာ” ဆိုတော့ အထက်ပါ ဇယားမှာ (၅+၄= ၉ )ဂဏန်းဖြစ်တယ်။
(၂) ၁၃၇ဝ မှာ (၉) ပေါင်းတော့ ၁၃၇၉ ရတယ်။
(၃) အဲဒီထဲမှာ ၅ဝဝဝ ထပ်ပေါင်းတော့ (၆၃၇၉) ရတယ်။
(၄) အဲဒီ (၆၃၇၉) ကို (၃) နဲ့မြှောက်တော့ (၁၉၁၃၇) ရတယ်။
(၅) (၁၉၁၃၇) ကို (၉) နဲ့စားပါ။ အဲဒီမှာ အကြွင်း (၃)ဘဲ ရပါတယ်။ အကြွင်း (၃)ရဲ့ သဘောအရ ဈေးတန့်ခြင်း၊ ဈေးအီခြင်း ဖြစ်တတ်တော့ လက်တွေ့မှာလည်း ဒီနှစ်တစ်နှစ်လုံး ဒေါ်လာဈေးဟာ ၁၂၅ဝ ဝန်းကျင်လောက်မှာဘဲ အီလည်လည် ဖြစ်နေတယ် မဟုတ်လား။ တက်ရင်လည်း သိပ်ပြီး တက်စရာ မရှိပါဘူး။
နောက်ထပ်တစ်ခု တွက်ကြည့်ကြရအောင် –
၁၃၇ဝ (အခုနှစ်) အတွက် “ရေနံ” ဈေးကို တွက်ကြည့်ရအောင်။
(၁) “ရေနံ” ဆိုတော့ အထက်ပါ ဇယားမှာ (၃+၇= ၁ဝ)ဂဏန်းဖြစ်တယ်။
(၂) ၁၃၇ဝ မှာ (၁ဝ) ပေါင်းတော့ ၁၃၈ဝ ရတယ်။
(၃) အဲဒီထဲမှာ ၅ဝဝဝ ထပ်ပေါင်းတော့ (၆၃၈ဝ) ရတယ်။
(၄) အဲဒီ (၆၃၈ဝ) ကို (၃) နဲ့မြှောက်တော့ (၁၉၁၄ဝ) ရတယ်။
(၅) (၁၉၁၄ဝ) ကို (၉) နဲ့စားပါ။ အဲဒီမှာ အကြွင်း (၆)ရပါတယ်။ အကြွင်း (၆)ရဲ့ သဘောအရ ကုန်ပစ္စည်းပေါများလို့ဖြစ်စေ အခြားအကြောင်းကြောင့်ဖြစ်စေ ဈေးအလွန်ပြုတ်ကျတတ်တယ်လို့ ဆိုတာနဲ့ ကိုက်ညီနေပါတယ်။ ရေနံဈေးနှုံးဟာ တစ်စည်ကို ဒေါ်လာ (၁၄ဝ)ကျော်ကနေ (၆ဝ)ကျော်အထိ ပြုတ်ကျတာဟာ သမိုင်းတွင်လောက်တဲ့ ဈေးကျခြင်းပါ။
နောက်ဆုံးတစ်ခု တွက်ကြည့်ကြရအောင် –
၁၃၇ဝ (အခုနှစ်) အတွက် “အက်ဖ်အီးစီ” ဈေးကို တွက်ကြည့်ရအောင်။
(၁) “အက်ဖ်အီးစီ” ဆိုတော့ အထက်ပါ ဇယားမှာ (၁၄+၁၄+၄= ၃၂)ဂဏန်းဖြစ်တယ်။
(၂) ၁၃၇ဝ မှာ (၃၂) ပေါင်းတော့ ၁၄ဝ၂ ရတယ်။
(၃) အဲဒီထဲမှာ ၅ဝဝဝ ထပ်ပေါင်းတော့ (၆၄ဝ၂) ရတယ်။
(၄) အဲဒီ (၆၄ဝ၂) ကို (၃) နဲ့မြှောက်တော့ (၁၉၂ဝ၆) ရတယ်။
(၅) (၁၉၂ဝ၆) ကို (၉) နဲ့စားပါ။ အဲဒီမှာ အကြွင်း (ဝ)ရပါတယ်။ အကြွင်း (ဝ)ရဲ့ သဘောအရ ကုန်ပစ္စည်းတစ်ခုဟာ မမျှော်လင့်ဘဲ ဈေးခုန်တတ်သွားတတ်တယ်လို့ ဆိုပါတယ်။ လက်တွေ့မှန်ရဲ့လား။ အက်ဖ်အီးစီဈေး (၈ဝဝ) ကျော်ကနေ (၁၂ဝဝ)ကျော် အထိ ခုန်တက်သွားတယ်ဆိုတော့ မှန်တာပေါ့နော်။
ဒီတွက်နည်းလေးရလို့ “ငါတော့ ပွပြီကွ” ဆိုပြီး သွားမလုပ်လိုက်နဲ့နော်။ မှန်တဲ့အခါသာ မှန်တာ၊ မှားတဲ့အခါလည်း မှားတတ် ပါတယ်။ အချီကြီးလုပ်တဲ့ နှစ်တဲ့ မှားတဲ့နှစ်နဲ့ ကြုံရင်တော့ ကုန်ပြီသာမှတ်။ “လောဘ” ကိုတော့ သတိထားပါ။ ဘယ်တော့မှ ကောင်းကျိုး မပြုတတ်ပါဘူး။ ကိုယ့် ကံကောင်းလာရင် ငွေက ကိုယ့်နောက်က လိုက်လာပြီး၊ ကိုယ့်ကံ မကောင်းတော့ဘူးဆိုရင် ငွေနောက်ကနေ အမောဆို့အောင် ပြေးလိုက်နေရတတ်ပါတယ်။
ဒီလို တွက်နည်းတွေသာ အမြဲမှန်နေရင် ဒေါက်တာ တင်ဗိုလ်ဗိုလ် ဆိုတာ ဗေဒင်ဆရာ ဖြစ်မလာဘဲ မီလျှံနာဖြစ်နေတာ ကြာခဲ့ပြီ ပေါ့ဗျာ။ ဒါပေမယ့် လက်တွေ့မှာတော့ အခုအချိန်ထိ တော့ သာမန်လူလတ်တန်းစားပါဘဲ။ ဉာဏ်စွမ်းဉာဏ်စ ဘယ်လောက် ကောင်းကောင်း ကံတရားကို လွန်ဆန်လို့ မရဘူးဆိုတာ ကောင်းကောင်း သဘောပေါက်ကြပါ။
ဒါက နှစ်အလိုက် တစ်နှစ်လုံးအတွက် ပျမ်းမျှ တက်ကိန်း၊ ကျကိန်း နော်။ အဲဒီ တစ်နှစ်ထဲမှာမှ ဘယ်လမှာ အတက်ဆုံးဖြစ်မယ် ဘယ်လမှာ အကျဆုံးဖြစ်မယ်ဆိုတာက ရှိသေးတယ်။ ဒါကို နောက်မှ တွက်ပြပေးသွားပါမယ်။
ဖတ်ရှုသူအားလုံးကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)