မနေ့က အွန်လိုင်းမိတ်ဆွေတစ်ယောက်က အခုရက်ပိုင်း သူ ကားဝယ်ရင် ကောင်းပါ့မလားလို့ မေးလာပါတယ်။ ဒီလို မေးခွန်းမျိုးဟာ (အရေးကြီး တဲ့မေးခွန်းလို့) ယူဆမိတဲ့အတွက် ကျွန်တော် ချက်ခြင်း ပြန်ဖြေ ပေးလိုက်ပါတယ်။ “အခုရက်ပိုင်း မဝယ်ပါနဲ့ဦး” သင်္ကြန်ပြီးအောင် ခေတ္တစောင့်ကြည့်ပါဦး . . လို့ ဖြေပေးလိုက်ပါတယ်။ ပြီးမှ ဒီကိစ္စလေးကို ကိုယ့်စာဖတ် ပရိတ်သတ်တွေထဲက ကားနဲ့ ပတ်သက် နေသူတွေအတွက် လည်း အကျိုးရှိကောင်း ရှိမလားလို့ တင်ပေးလိုက်ပါ တယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကားဈေးအကြီးဆုံး နိုင်ငံတွေထဲမှာတော့ ပထမ စွဲမလား မသိပါဘူး။ ဘယ်လိုမှ မယုံကြည်နိုင်တဲ့ ဈေးနှုံးတွေနဲ့ နှစ်ပေါင်းများစွာ စခန်းသွားနေကြတာ (၁၀)စုနှစ်တစ်ခုတောင် ကျော်လွန် ခဲ့ပါပြီ။ တစ်ခြားနိုင်ငံတစ်ခုမှာ မြန်မာငွေ သိန်း (၅၀)လောက်သာ တန်ဖိုးရှိတဲ့ကားတစ်စီးဟာ မြန်မာနိုင်ငံမှာ သိန်း (၅၀၀)ကနေ (၇၀၀)လောက် ဖြစ်နေတာဟာ အံ့သြစရာ တစ်ခုလို့ပြောချင်လည်း ပြောနိုင်ပေမယ့် ဒီအနေအထားဟာ “အလွန် ကြောက်စရာကောင်းတဲ့ အနေအထား” ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။
ကိုယ်ပိုင်စီးပွားရေး လုပ်ခဲ့ဘူးတဲ့ အတွေ့အကြုံကြောင့်လားတော့ မသိဘူး။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တန်ဖိုး (၅၀) လောက်ဘဲ ရှိရမယ့် ပစ္စည်းတစ်ခုဟာ နိုင်ငံတစ်ခုမှာ “ကာလ၊ ဒေသ၊ ပယောဂ တို့ကြောင့်” ရှိသင့်တဲ့ဈေးထက် (၁၀) ဆ၊ (၁၅) ဆ ဖြစ်နေတာမျိုးကို လုံး၀ ဘဝင်မကျမိပါဘူး။ ဒီလို ပစ္စည်းမျိုးကို လက်ဝယ်ကိုင်ထားပြီး အရောင်းအဝယ် လုပ်နေတဲ့သူတွေ ကိုလည်း နဲနဲတော့ အံ့သြမိတယ်။ ဒါဟာ သိပ်ကြောက်စရာ ကောင်းတဲ့ စွန့်စားမှုတစ်မျိုးလို့ဘဲ ယူဆပါတယ်။ “စည်းမျဉ်း၊ ဥပဒေ တစ်ချက်” ပြောင်းလိုက်တာနဲ့ ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်တဲ့ အနေအထားပါ။ သူတို့လည်း ဒီလောက်တော့ သိပါလိမ့် မယ်။ ကျွန်တော်သာဆိုရင် ဒီလို စီးပွားရေးမျိုးကို လုံး၀ မလုပ်ရဲပါ။
ဒါပေမယ့် “မျက်ကန်းတစ္ဆေမကြောက်” ဆိုတာလို ဖြစ်နေသလား မသိပါဘူး။ မကြောက်မရွံ့ လုပ်နေကြတာဘဲ။ “ဖြစ်ခါမှ ဖြစ်ရော . . မိုးပြို အများပေါ့” လို့ ခံယူသူတွေလည်း ရှိပါလိမ့်မယ်။ အခု တကယ် “မိုးပြို လာပါပြီ” ။ စီးပွားရေးသမားဘဝကနေ ဗေဒင်ဆရာအဖြစ်ကို ပြောင်းလာခဲ့ရပေမယ့် ကုန်ဈေးနှုံးတွက်ကိန်းလေးတွေကိုတော့ သိပ်မျက်ခြေ မပြတ်မိပါဘူး။ မကြာခဏ ဆိုသလို ကမ္ဘာ့ရွှေဈေး၊ မြန်မာ့ရွှေဈေး၊ လောင်စာဆီဈေး၊ ကားဈေး၊ ကောက်ပဲသီးနှံ ဈေးလေးတွေကို တွက်ကြည့်မိပါတယ်။
ကားဈေးကွက် ပြုတ်ကျလိမ့်မယ်ဆိုတာ ကျွန်တော် မြန်မာနှစ်ဆန်းပိုင်းလောက်ကတည်းက တွက်ချက်ကြည့်မိပြီး နီးစပ်ရာ ဆွေမျိုး/အပေါင်းအသင်းတွေကိုလည်း အသိ/သတိ ပေးတန်သလောက် ပေးခဲ့ပါတယ်။ မယုံသူလည်း ရှိတယ်။ ယုံကြည်သူလည်း ရှိတယ်။ ကျွန်တော့်ယောက်ဖ (မိန်းမရဲ့ မောင်) ကတော့ ကျွန်တော့စကားကို အထူးယုံကြည်သူမို့ မနှစ်ကတည်းက သူ့ဒိုင်နာကား (၂)စီးကိုအမြန်ရောင်းပစ်လိုက်ပါတယ်။ အရောင်းစောသွားလို့ သိန်း (၁၅၀)လောက် အရှုံး သက်သာ သွားပါတယ်။(သူ့ကံလည်း ပါတာပေါ့)
ပြောခဲ့သလို မနေ့က ကျွန်တော့်မိတ်ဆွေက မေးလို့ ဖြေလိုက်ရတဲ့အဖြေကို ဒီနေရာမှာ ထပ်ပြီး ပြောပြပါမယ်။ ကားဈေးတွေ ဒီထက်ကို ထပ်ပြုတ်ကျပါဦးမယ်။ ကမ္ဘာ့ကားဈေးကွက်က ဈေးတွေနဲ့ မတိမ်းမယိမ်းလောက်ထိအောင် ရောက်သွားပါလိမ့်မယ်။ ကျွန်တော့်ကို ယုံကြည်လျှင် ကားဝယ်မည့်သူများ မဝယ်ကြပါနှင့်ဦး။ ကားရောင်းမည့်သူများ အမြန်ရောင်းပစ်ကြပါ။ စဉ်းစား နေလျှင် ဒီထက် ပိုပြီး ဆုံးရှုံးသွားပါလိမ့်မည်။ မယုံကြည်သူများ စောင့်ကြည့်ပေါ့။ ဟုတ်မဟုတ် ဆိုတာ။
ဘာနည်းနဲ့တွက်သလဲ မမေးပါနှင့်။ မြန်မာနည်း၊ တရုတ်နည်း၊ ကုလားနည်း၊ အင်္ဂလိပ်နည်း ၊ ဂျစ်ပဆီနည်း အားလုံးနှင့် တွက်ပါသည်။ ဘယ်နည်းကိုမှ အစွဲမထားပါ။ အမှန်များသည့်နည်းဆိုလျှင် အကုန်ကိုင်စွဲ အသုံးပြုပါသည်။ ပြောရဲပါသည်။ ဟောရဲပါသည်။ မှန်တာ မမှန်တာက အဖြစ်အပျက်က သက်သေခံပါလိမ့်မည်။
“စပ်မိစပ်ရာ 2010” ထဲမှာ ကျွန်တော် ကြိုတင် ခန့်မှန်းထားသလို ငလျှင်ဘေး၊ မြို့ကြီးများတွင် မီးအကြီးအကျယ် လောင်ကျွမ်းမှုများ နှင့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခ(သပိတ်မှောက်မှုများ) ယခု လက်တွေ့ဖြစ်နေကြပြီ မဟုတ်ပါလား။
ဒီအထဲမှာ ကျွန်တော် ဒီလိုရေးထားပါတယ် “ နှစ်သစ်တစ်နှစ်ရဲ့ အစမှာ ဒီလို တနင်္ဂနွေ နဲ့ တနင်္လာဂြိုဟ်တို့ရဲ့ “အမြင်ဆိုး” ဟာ ဒီနှစ်အတွက် အဲဒီနိုင်ငံတွေမှာ အလုပ်ရှင် နဲ့ အလုပ်သမားအကြား၊ အကြီးအကဲ နဲ့ လက်အောက်လူ အကြား၊ အုပ်ချုပ်သူ အစိုးရ နဲ့ တိုင်းသူပြည်သားတွေ အကြားမှာ ပဋိပက္ခမှုတွေ ပေါ်နိုင်တယ်။ အချင်းပွားစရာတွေ ဖြစ်နိုင်တယ်လို့ ယူဆမိတယ်။ ဒီလို မုချဖြစ်ရမယ်လို့ ကျွန်တော် ပြောတာ မဟုတ်ဘူးနော်။ ပြီးခဲ့တဲ့ အတိတ်နှစ်တွေ အရ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောတာ။ နောက်ပြီး ဘယ်နိုင်ငံတွေမှာ ဖြစ်မယ် ဆိုတာလည်း ပြောဖို့ မလွယ်လှပါဘူး။ အာရှတိုက်က အကျယ်ကြီးဘဲလေ” လို့ ရေးထားပါတယ်။
ဖြစ်ကာမှ ဖြစ်ရော၊ ဘယ်နိုင်ငံဆိုတာကတော့ (ကျွန်တော့်အတွေ့အကြုံအရ) ပြောဖို့မလွယ်လှပါဘူး။ မဖတ်ရသေးလို့ ပြန်ဖတ်ချင်သူများ ဒီနေရာကို Click နှိပ်လိုက်ပါ။
ကျန်ပါသေးသည်။ အာရှ ငလျှင်ကြီး ။ ဒါကိုတော့ (ကိုယ့်အိမ်နား နီးလာလို့) မှားပါစေလို့ဘဲ အထပ်ထပ် ဆုတောင်း နေမိပါသည်။ ကမ္ဘာ့စီးပွားရေး ပြန်လည် နလံထူ လာဖို့ ကတော့ 2010 ခုနှစ် 6 လ နောက်ပိုင်းလောက်မှ သိသာ ထင်ရှားလာပါမည်။
(၇)ရက်သားသမီးအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
ဖြည့်စွက်ချက်။ ။ ကားရောင်းမည့်သူများ ကားရောင်းပြီးလျှင် ငွေကို ဘာလုပ်ရမလဲ မေးလာလျှင် အဖြေရှိပါသည်။ “မြေ” ဝယ်ပါ။ (တိုက်ခန်းမဟုတ်ပါ)။ “မြေ” ဈေးတွေ တက်ပါလိမ့်မည်။