.
ကျွန်တော့်ရဲ့ ဘလော့ဂ်ကို ၀င်ရောက်ဖတ်ရှု နေသူတွေ အတွက် ယနေ့မှာတော့ အလွန်စဉ်းစားဖို့ကောင်းတဲ့ ဆောင်းပါးလေး တစ်ခုကို တင်ပြ ဆွေးနွေး ချင်ပါတယ်။
ဗေဒင်ပညာဆိုရာ ရှေ့ဖြစ်ဟော အတတ်ပညာတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ လူမျိုးအလိုက်၊ ဒေသအလိုက် သူ့မူနဲ့သူ ကွဲပြားခြားနားမှုတွေတော့ ရှိနေကြ တာကို တွေ့ရပါလိမ့်မယ်။ သူနိုင်ငံ သူလူမျိုးနဲ့ ဆိုင်ရာဆိုင်ရာ ဗေဒင်ပညာမျိုးစုံ ရှိကြတာ ချည်းပါဘဲ။ ဗေဒင်ပညာမရှိတဲ့ လူမျိုးရယ်လို့ မရှိလောက်ပါဘူး။ တောင်အမေရိက၊ အာဖရိက တိုက်တွေက တောနက်တွေထဲမှာ နေထိုင်ကြတဲ့ လူရိုင်းမျိုးနွယ်တွေတောင်မှ သူတို့ ရိုးရာ ဗေဒင်တွေ ရှိကြပါတယ်။
ကမ္ဘာမှာ လူဦးရေ အများဆုံးဖြစ်တဲ့ “တရုတ်” လူမျိုးတွေမှာ “သတ္တ၀ါ(၁၂)ကောင်” ကို ကိုယ်စားပြုတဲ့ (၁၂)ရာသီခွင် ဗေဒင်ပညာနဲ့ “ယိချင်း” ဗေဒင်ပညာတို့ဟာ ထင်ရှားပါတယ်။ အိန္ဒိယကတော့ “အရှေ့တိုင်း နက္ခတ်ဗေဒင်” ပညာပေါ့။ အနောက်နိုင်ငံတွေမှာတော့ မိဿ၊ ပြိဿ , အစရှိတဲ့ (၁၂)ရာသီခွင် ဗေဒင် ဟာ လူသိများပါတယ်။ မြန်မာနိုင်ငံမှာ “ဆရာစံဇာဏီဘို” က စ, လိုက်တာ (၁၂)ရာသီခွင်ဟောကိန်းတွေ “ဟောတစ်ခု၊ ဟောတစ်ခု” ဆိုတာလို မှိုလိုပေါက် လာကြတာ အများအသိပါဘဲ။ (ကျွန်တော်တို့ မြန်မာလူမျိုးတွေက ကိုယ်ကိုယ်တိုင် အသစ်တီထွင်တဲ့ နေရာမှာ အဖြစ်သိပ် မရှိကြပေမယ့် သူများ အောင်မြင်လာရင် လိုက်တုတဲ့နေရာ မှာတော့ တစ်ကယ့် စံပြဆိုလောက်တဲ့ လူမျိုးပါ)။
.
ဒါပေမယ့် မြန်မာ့ရိုးရာမူ အစစ်ဖြစ်တဲ့ “မဟာဘုတ် နဲ့ သုံးတန်ပေါ်နိစ်” ပညာတွေက တော့ လူကြားသူကြားထဲ သိပ်မ၀င် နိုင်သေးဘဲ အခုအချိန် ထိအောင် ခပ်လျှိုလျှိုဘဲ နေ, နေကြရတုန်းပါဘဲ။ ပညာက မကောင်းလို့ မဟုတ်ပါဘူး။ ဖော်ထုတ်တင်ပြနိုင်တဲ့သူ မရှိသေးလို့ပါ။
သူ့နိုင်ငံ၊ သူ့လူမျိုးအလိုက် ကျွန်တော်တို့ မသိသေးတဲ့ ဗေဒင်ပညာတွေလည်း အများကြီး ရှိကြဦးမှာဘဲ။ ဒါပေမယ့် ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဗေဒင်ပညာ မဆို ဗေဒင်ပညာကို မယုံကြည်တဲ့ လူတွေက ထောက်ပြစရာ အားနည်းချက်ကြီးတစ်ခု ကတော့ အမြဲရှိ နေကြတာကို တွေ့ရပါလိမ့်မယ်။ အဲဒါကတော့ “ယေဘူယျ ဆန်လွန်းခြင်း” ဘဲ ဖြစ်ပါတယ်။
တရုပ်တွေရဲ့ အကောင် (၁၂)ကောင် ဗေဒင်ကို ကြည့်မလား။ လူတစ်ယောက်ကို သူကတော့ ခွေးနှစ်ဖွား၊ မျောက်နှစ်ဖွား၊ ကျားနှစ်ဖွား၊ နဂါးနှစ် ဖွား … စသည်ဖြင့် သတ်မှတ်ကြပြီး သူရဲ့ စရိုက်သဘာဝ ကံကြမ္မာတွေကို တစ်လ စာ၊ တစ်နှစ် စာ၊ တစ်သက် စာ ဟောကိန်းတွေ ထုတ်နေကြတာကို တွေ့ရပါ လိမ့်မယ်။ ဒါပေမယ့် စဉ်းစားဖို့ကောင်းတာက “ကျားနှစ်” ဘဲ ဖြစ်ဖြစ်၊ “နဂါး”နှစ်ဘဲ ဖြစ်ဖြစ် (365)ရက်ဆိုတဲ့ တစ်နှစ်တာ ကာလအတွင်းမှာ မွေးဖွားလာသူ ပေါင်း ဘယ်လောက် ရှိမယ်လို့ ခင်ဗျား ထင်ပါသလဲ။ သန်းပေါင်းရာနဲ့ချီပြီး ရှိမှာမဟုတ်လား။ ဒီတော့ ဒီ တစ်နှစ်တာ ကာလအတွင်းမှာ “သန်းရာနဲ့ချီ” မွေးဖွားလာကြ သူတွေရဲ့ ကံကြမ္မာတွေက သွားတူနိုင်ပါ့မလား။ စဉ်းစားစရာဘဲနော်။
မြန်မာဗေဒင်ပညာမှာ ဟောကြတဲ့ “မဟာဘုတ် နဲ့ သုံးတန်ပေါ်နိစ်” အဟောတွေကို ကြည့်ရင်လည်း ဒီနေ့သားတစ်ယောက်ဟာ ဒီသက်ရောက် ထဲရောက် လာရင် ဒီလိုဖြစ်ရမယ်လို့ အဟောရှိကြတော့ သူလည်း တရုတ်တွေရဲ့ (၁၂)ကောင်ဗေဒင် ဟောကိန်းတွေနဲ သိပ်မထူးလှပါဘူး။ ယေဘူယျ ဆန်တာပါဘဲ။
အနောက်တိုင်းမှာ အလွန်အသုံးများတဲ့ “မိဿ၊ ပြိဿ… စတဲ့ (၁၂)ရာသီခွင် ဟောကိန်းတွေကျပြန်တော့ တစ်ရာသီခြင်း မွေးဖွားသူ တွေအတွက် ဟောကိန်းတွေ ဖြစ်လို့ – တရုတ်(၁၂)ကောင်ဟောကိန်း၊ မြန်မာ မဟာဘုတ်၊ သုံးတန်ပေါ်နိစ် တွေထက် နဲနဲ ပိုသာတယ် ဆိုကောင်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့လူဦးရေနဲ့ နှိုင်းယှဉ်လိုက်ရင် လ, တစ်လ (ရာသီခွင်တစ်ခု) ထဲမှာ မွေးဖွားသူ ပေါင်းကလည်း “သန်း” ဂဏန်းပါဘဲ။ သူတို့ရဲ့ ဘ၀ကံတွေက တူနိုင်ပါ့မလား။
သေသေချာချာ ပြန်စစ်ကြည့်ရင် (၁၂)ရာသီခွင် ဟောကိန်းက လူတစ်ယောက် ဘယ်အသက်အပိုင်းအခြား ရောက်နေတယ်ဆိုတာ လုံးဝမကြည့်ဘဲ အခုရောက်နေတဲ့ ခရစ်သက္ကရာဇ်အပေါ်မှာ ကြည့်ပြီး ဟောတာဖြစ်လို့ အသက် (၁)နှစ် ရှိတဲ့ ကလေးလေး နဲ့ အသက်(၈၀)ထဲရောက်နေတဲ့ အဖိုးကြီးတို့ဟာ ရာသီဖွားခြင်းတူရင် အဟောတူနေမှာမို့ မဟာဘုတ်၊ သုံးတန်ပေါ်နိစ် တို့ထက်တောင် အဟောကြမ်းသေး တယ်လို့ပြောရမယ် ထင်ပါတယ်။ မဟာဘုတ် သုံးတန်ပေါ်နိစ်တွေက နေ့သားသမီးတူပေမယ့် အသက်ခြင်း မတူရင် ဟောကိန်းပြောင်းနိုင်သေးတယ်။
အဲဒီလို ဗေဒင်ပညာကို ယုံကြည်သူတွေ နဲ့ မယုံကြည်သူတွေကြားမှာ ပဋိပက္ခဖြစ်နေတဲ့ အချိန်မှာ “ဗေဒင်ပညာ မဟာအင်အားကြီး နိုင်ငံ” တစ်ခုဖြစ်တဲ့ “အိန္ဒိယ” နိုင်ငံက ဆရာကြီးဖြစ်လာပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့က လူတစ်ယောက်ကို မွေးတဲ့နှစ်၊ မွေးတဲ့လ၊ မွေးတဲ့ရက် သာမက အချိန်နာရီကိုပါ အတိအကျတွက်ချက်ပြီး ဇာတာထုတ်ကြတဲ့အတွက် ယေဘူယျဆိုတဲ့ သဘော နည်းသွားတာမို့ သူ့ပညာက ဆရာကြီးဖြစ်လာတော့ တာပေါ့။ လူတစ်ယောက်နဲ့ တစ်ယောက် မွေးချိန်ခြင်း တူရင်တောင် “လတ္တီတွဒ်၊ လောင်ဂျီတွဒ်” မတူရင် ဇာတာခြင်း မတူနိုင်ဘူး ဆိုပြီး လက်မ ထောင်ကြ ပြန်ပါလေရော။ သိပ်ကြာကြာ လက်မ မထောင်လိုက်ရပါဘူး။ ဗေဒင်ပညာ မယုံသူအတိုက်အခံသမားတွေက စစ်ဗျူဟာတစ်ခုနဲ့ ထိုးစစ်ဆင်လာကြ ပြန်ပါတယ်။ သူတို့ထိုးစစ်ကတော့ “အမွှာ” ဇာတာတွေပါဘဲ။ “အမွှာမွေး” တွေဟာ “လတ္တီတွဒ်၊ လောင်ဂျီတွဒ်” လည်း တူကြတယ်။ မွေးတဲ့ မိနစ်ခြင်းက လည်း သိပ်မကွာတော့ ဇာတာမှာ “ရာသီစက်ရော၊ ဘာဝစက်ရော၊ န၀င်းစက်ရော” သွားတူနေကြတဲ့အတွက် ဇာတာခြင်း အတူတူပါဘဲ။ ဇာတာခြင်း တူတော့ ဟောကိန်းခြင်းလည်း တူပြီပေါ့။
ဒါပေမယ့် တစ်ကယ့် လက်တွေ့ဘ၀မှာ အမွှာတစ်ယောက်နဲ့ တစ်ယောက် ကံကြမ္မာခြင်း လုံးဝထပ်တူ မတူကြပါဘူး။ တစ်ယောက်က ချမ်းသာတယ်၊ တစ်ယောက် ဆင်းရဲတယ်။ တစ်ယောက်က ပညာတတ်တယ်၊ တစ်ယောက်က ပညာမတတ်ဘူး။ တစ်ယောက်က အိမ်ထောင်ကျတယ်။ တစ်ယောက်က လူပျိုကြီး အပျိုကြီးဖြစ်နေတယ်။ ဒါမျိုး အမွှာတွေက အများကြီးပါ။ ကျွန်တော်တို့မြို့မှာ ကျွန်တော်ထက် (၁၅)နှစ်လောက်ငယ်တဲ့ အမွှာညီအစ်ကို (၂)ယောက်ဆိုရင် တစ်ယောက်က လူသတ်ခံလိုက်ရပြီး တစ်ယောက်က ယခုအချိန်ထိ အသက်ရှင် နေဆဲပါ။ ဒါကို ဘယ်လို ဖြေရှင်း ကြမလဲ။ အမွှာတွေရဲ့ ဘ၀ဖြစ်ရပ်ခြင်း မတူညီမှုဟာ မွေးချိန်ကို အဓိကထားပြီး တွက်ချက်ဟောပြောကြတဲ့ ဗေဒင်ပညာရပ်တွေအတွက် အလွန်ထောက်ပြချင်စရာ ကောင်းလှတဲ့ အားနည်းချက်ကြီးတစ်ခု ဖြစ်နေပါ တော့တယ်။
ဒီလို လက်တွေ့ဖြစ်ရပ်တွေကို ကိုင်စွဲပြီး “ဗေဒင်ပညာ မယုံကြည်သူများ” ဘက်က တိုက်စစ်ဆင်လာတော့ “အိန္ဒိယ ဗေဒင် ဂုရုကြီး” တွေလည်း ဖြေရှင်းချက် မပေးနိုင်တော့ဘဲ ခပ်ကုပ်ကုပ်နဲ့ အသာနောက်ဆုတ်သွားရပါတော့တယ်။ အဲဒီအချိန်မှာ “အိန္ဒိယ ဂုရုကြီး” တွေကို စစ်ကူပေးမယ့် ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်လာပါတယ်။ သူကတော့ ကမ္ဘာသိ၊ မြန်မာသိ ကေပီပညာရှင် “ဆရာကြီး ခရစ္စနား မူးရ်တီး ပဒ္ဓတိ” ဘဲ ဖြစ်ပါတယ်။ သူက ဂြိုဟ်တွေကို နက္ခတ်အဆင့် သာမက နက္ခတ်ကို “ဘုတ္တိနက္ခတ်” အထိ ထပ်, ခွဲခြမ်းစိတ်ဖြာ လိုက်ပါတယ်။ “အမွှာတစ်ယောက် နဲ့ တစ်ယောက် ဟာ အနည်းဆုံး (၅)မိနစ်လောက် ကွာခြားကြလေ့ရှိတော့ ဘုတ္တိခြင်း မတူတဲ့အတွက် ဇာတာခြင်း မတူတော့ပါဘူး။ ဒီတော့ အဟောခြင်းလည်း မတူတော့ဘူး ပေါ့။ အဲဒီမှာ နက္ခတ်ဗေဒင်ပညာဟာ “စင်ပေါ်” ကို ပြန်ရောက် လာပါတော့တယ်။
ဒါပေမယ့် သိပ်ကြာကြာ မခံလိုက်ဘူးခင်ဗျ။ “ရင်ခြင်းဆက်၊ ဖင်ခြင်းဆက်၊ ခေါင်းခြင်းဆက်” အမွှာတွေ ပေါ်လာချိန်မှာ အနောက်တိုင်း ဆေးပညာနဲ့ ခွဲစိတ်ပြီး အမွှာတွေကို တပြိုင်တည်း ထုတ်ယူရတာမို့လို့ “မွေးချိန်ရော၊ နက္ခတ်ရော၊ ဘုတ္တိပါ” သွားတူနေကြပြန်ရော။မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ရင်ခြင်းဆက် အမွှာညီအစ်မ နှစ်ယောက် ပေါ်ဘူးပါတယ်။ “အေးအေးငြိမ်း၊ အိအိငြိမ်း” မဟုတ်ပါဘူး။ သူတို့ထက်စောပါတယ်။ ကျွန်တော်တို့ အသက်ပိုင်းက လူတွေ သိမှီကြပါလိမ့်မယ်။ အဲဒါကတော “မနန်းစိုး၊ မနန်းစံ” ပါတဲ့။
အဲဒီအချိန်က မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ဆိုနိုင်တဲ့ “မနန်းစိုး၊ မနန်းစံ” ရင်ခြင်းဆက်အမွှာကို ခွဲထုတ်ယူကြတဲ့အချိန်မှာ နည်းပညာ မကျွမ်းကျင် သေးတာကြောင့်လားတော့ မသိပါဘူး။ ကံဆိုးရှာတဲ့ “မနန်းစံ” လေးဟာ ကွယ်လွန်သွားရှာပါတယ်။ “မနန်းစိုး” ကလေးကတော့ ယနေ့တိုင် အသက်ရှင် နေဆဲပါ။ အဲဒီမှာ မွေးချိန်တူ၊ ဘုတ္တိတူနေရက်နဲ့ တစ်ယောက်က ကွယ်လွန်သွားပြီး တစ်ယောက်က ရှင်သန် လာတဲ့အခါ “ဘုတ္တိ” ဆရာတွေလည်း နောက်ဆုတ် သွားရပြန်ပါတယ်။
ဒီတော့ ဘယ်လို ဆက်လုပ်ကြတော့မလဲ။ ဗေဒင်ပညာရှင်တွေအတွက် ဒီလိုဘဲ “ယေဘူယျ ဟောကိန်းတွေနဲ့” စခန်းသွားနေကြပြီး ဗေဒင်ပညာကို မယုံကြည်သူတွေရဲ့ လှောင်ပြောင်မှုကို ဒီအတိုင်း ခေါင်းငုံ့ခံနေကြတော့မလား။ လူတစ်ဦး နဲ့ တစ်ဦး ဘ၀ခြင်း ကွာခြားသွား စေတဲ့ အရာက မွေးခုနှစ်၊ မွေးရက် ၊ မွေးနာရီ ၊ မွေးစက္ကန့် မဟုတ်ရင် ဘာဖြစ်နိုင်သေးလဲ။
အဲဒီလို အဖြေရှာကြည့်ရင်းနဲ့ “နာမည်” ဆိုတာကို ကျွန်တော် သွား, သတိပြုမိပါတယ်။ အမွှာတွေကို နာမည်ပေးတဲ့ နေရာမှာ နာမည်ခြင်း ခပ်ဆင်ဆင်တူ အောင် မှည့်ကြတာတော့ ထုံးစံပါ။ ဒါပေမယ့် နာမည်ခြင်း လုံးဝထပ်တူ တူအောင် မှည့်ထားတဲ့ အမွှာရယ်လို့ ကျွန်တော်တော့ ယခုအချိန်ထိအောင် မကြားဘူးသေးပါဘူး။ (ကြားဘူးသူများ ရှိကြရင် ကျွန်တော့ကို သတင်းပေးကြပါဦး)။ ရိုးရိုး အမွှာဘဲဖြစ်ဖြစ် ၊ ရင်ခြင်းဖင်ခြင်းဆက် အမွှာဘဲ ဖြစ်ဖြစ် နာမည်ခြင်းက ဆင်တူရင်သာဆင်တူမယ်။ လုံးဝ ထပ်တူ မမှည့်ကြပါဘူး။ စောစောက ပြောတဲ့ “မနန်းစိုး၊ မနန်းစံ” တို့ “အေးအေးငြိမ်း၊ အိအိငြိမ်း” တို့ လိုပေါ့။ အနောက် နိုင်ငံတွေမှာလည်း တစ်ယောက်က “မော်လီ” တစ်ယောက်က “ပေါ်လီ” လိုမျိုးပေါ့။ ဒီလိုဘဲ မှည့်လေ့ရှိပါတယ်။
“နာမည်တူမရှား၊ လူတူမရှား” ဆိုတဲ့ စကားပုံအရ လူတစ်ယောက် နဲ့ တစ်ယောက် နာမည်ခြင်း တူနေတာတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် နာမည်တူပေမယ့် မွေးရက်/လ/နှစ် မတူပြန်ဘူး။ နာမည်ရော၊ မွေးချိန်ရော၊ မွေးတဲ့ လတ္တီတွဒ် လောင်ဂျီတွဒ်ရော တူတာကတော့ လူတစ်သန်းမပြောနဲ့ သန်းတစ်ရာမှာ တစ်ယောက် တူဖို့တောင် မလွယ်ဘူးထင်ပါတယ်။ အဲဒီတော့ ဒီနာမည်လေး သံတူကြောင်းကွဲရုံနဲ့ ဘ၀ခြင်း ဒီလောက်တောင် ကွာခြား နိုင်သလားလို့ မေးစရာရှိလာပါတယ်။
အဲဒီနေရာမှာတော့ နာမည်နဲ့ ပတ်သက်ပြီး နှစ်ပေါင်း (၂၀)လောက် သုတေသနပြုခဲ့တဲ့ ကျွန်တော်ကဘဲ ရဲရဲကြီး ပြောချလိုက်ပါမယ်။ ကွာခြား နိုင်ပါတယ်။ နာမည်တစ်ခုမှာ ရှိတဲ့ ဗျဉ်းသော်၎င်း၊ သရသော်၎င်း ကွာခြားမှုဟာ ဘ၀မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေကို ဖြစ်နိုင်ပါတယ်။ လက်တွေ့ တစ်ခုကို ကျွန်တော်ပြောပြပါမယ်။ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ “ညွန့်၊ လဲ့၊ နွဲ့၊ သွဲ့” ဆိုတဲ့ နာမည်တွေပါတဲ့လူတွေကို နဲနဲလောက် လေ့လာကြည့်စမ်းပါ။ ဒီနာမည် ပိုင်ရှင်တွေဟာ သူတို့ဘ၀ရဲ့ ဒုတိယအရွယ်(သို့) တတိယအရွယ်မှာ အလွန်ကြီးမားတဲ့ လောကဓံကြီးတစ်ခုခုကို ကြုံခဲ့ ရလိမ့်မယ်။ နာမည်နောက်ဆုံးမှာပါရင် ပိုဆိုးတယ်။
နာမည်မှာ ဒီစာလုံးတွေ ပါတဲ့သူတွေဟာ အိမ်ထောင်ပျက်ခြင်း၊ စီးပွားပျက်ခြင်း၊ ကျန်းမာရေးပျက်စီးခြင်း၊ အမြင့်ဆုံးကိုရောက်ပြီးမှ ပြန်ပြုတ်ကျခြင်း ဆိုတဲ့ ဘ၀လောကဓံကြီး တစ်ခုမဟုတ်တစ်ခုကို မခံရသူ မရှိ သလောက် ပါဘဲ။ နောက်ပြီး နာမည်မှာ “စန်း၊ စမ်း၊ ငယ်၊ ဇင်၊ စိမ့်၊ ညို၊ မူ၊ မီး၊ နီ၊ နေ၊ ရွှေ၊သင်း၊ သန်း၊ အေး” စာလုံးတွေပါတဲ့ အမျိုးသမီး တွေကို လေ့လာကြည့်ပါ။ (အမျိုးသားမဟုတ်ဘူးနော်)။ သူတို့တစ်တွေရဲ့ အိမ်ထောင်ရေးကံဟာ အလွန်ညံ့ကြတာကို တွေ့ရလိမ့်မယ်။ ဖောက်ပြန်တဲ့ အိမ်ထောင်ဘက်ကို ရခြင်း၊ ကိုယ်ကိုယ်တိုင် အိမ်ထောင်ရေး ဖောက်ပြန်ခြင်း၊ တစ်ခုလပ်၊ မုဆိုးမ ဖြစ်ခြင်း ၊ အိမ်ထောင်နှစ်ဆက် ၊ (၃)ဆက်ဖြစ်ခြင်းများ တွေ့ရပါလိမ့်မယ်။
မနန်းစိုး၊မနန်းစံ ကိစ္စမှာလည်း နာမက္ခရနဲ့ လေ့လာကြည့်ရင် သူတို့နှစ်ယောက်ဟာ (ကံတရားအရ) တစ်ယောက်ဘဲ အသက်ရှင်ခွင့် ရမယ်ဆိုရင် ဘယ်သူ အသက်ရှင်နိုင်မလဲ။ စီနီယာ ချကြည့်ရင် ဘယ်သူက ရှေ့ကျမလဲ။ ရိုးရိုးလေး စဉ်းစားကြည့်တာနော်။ လောကမှာ “စိုးစံ” သည်လို့သာ သုံးနှုံး ပါတယ်။ “စံစိုး” သည်လို့ မသုံးနှုံးပါဘူး။ ဒီတော့“ စိုး” က စီနီယာ၊ “ စံ” က ဂျူနီယာကျပါတယ်။ “စိုး” ပြီးမှ “စံ” က နောက်ကလိုက်ရပါမယ်။ အသက်ရှင်ခွင့်ကို “စိုး” ကို အရင် ရဖို့ ရှိပါတယ်။ နောက်ပြီး “စိုး” နဲ့ “စံ” ဟာ “ဗျဉ်း” ခြင်း တူပေမယ့် “သရ” ခြင်း မတူပါဘူး။ “ဗျဉ်း” ဆိုတဲ့ အက္ခရာတွေကို ကြိုးကိုင် ချယ်လှယ်နေတာ “သရ” တွေပါ။ ကျွန်တော်ရေးထားတဲ့ “နာမည်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ” စာအုပ်မှာ “၀စ္စပေါက်” ကို အားကောင်းသောသရ၊ တစ်ချောင်းငင် နဲ့ လုံးကြီးတင်ကို အလယ်အလတ်အားကောင်းသော သရ၊ “သေးသေးတင်” ကို ညံ့သော အားနည်းသောသရ လို့ ရေးထားတာတွေကို ဖတ်ရပါလိမ့်မယ်။ (အပေါ်ထိပ်က နာမက္ခရ အခန်းထဲမှာ ရှိပါတယ်) ။ ဒီနေရာကိုနှိပ်လိုက်ရင် လည်း ရောက်သွားပါလိမ့်မယ်။ ဒါကြောင့် “စလုံး(စ)” ခြင်းတူပေမယ့် “သရ” ပိုင်းမှာ “မနန်းစိုး”က – အားကောင်းတဲ့ “သရ” ကတစ်ခု+အလယ်အလတ် အားကောင်းတဲ့ “သရ”က နှစ်ခု= ပေါင်း (၃)ခုကို ပိုင်ဆိုင်ထားပြီး “မနန်းစံ” က အားနည်းတဲ့ “သရ” တစ်ခုတည်းမျှသာ ပိုင်ဆိုင်ထားတဲ့အတွက် အသက်ရှင်ခွင့်ကို ဆုံးရှုံးသွားရတာလို့ ကျွန်တော်တော့ ကောက်ချက် ချမိပါတယ်။
ဒါက ပြီးပြီးသား ကိစ္စဖြစ်လို့ “ပေါက်ဖော်” လုပ်တယ်ပြောရင် နောက်ထပ် ရင်ခြင်းဆက်အမွှာနှစ်ယောက်ကို ကြိုဟောကိန်းထုတ် ထားလိုက်ဦးမယ်။ “အေးအေးငြိမ်း နဲ့ အိအိငြိမ်း” မှာ ဘယ်သူက ပိုကံကောင်းမလဲ။ သူတို့ မွေးဇာတာတွေကို ကျွန်တော် မသိပါဘူး။ ဒါမေပယ် နာမက္ခရ အရ “အိအိငြိမ်း” က ပိုကံကောင်းလိမ့်မယ်။ အိမ်ထောင်ရေး စီးပွားရေးတွေမှာ ပိုသာလွန် လိမ့်မယ်။ အခုအချိန်မှာတော့ သိပ်မကွာခြားသေးဘူးပေါ့။ အသက် အရွယ်ရလာတဲ့အခါ သိသာထင်ရှားလာပါလိမ့်မယ်။
ဒီတော့ ကျွန်တော့်အနေနဲ့က လူတစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာခြင်း ကွာခြားသွားစေတာဟာ အတိတ်ကံကြောင့်ဖြစ်တာဆိုတာတော့ မငြင်းပါဘူး။ ဒါပေမယ့် အဲဒီ အတိတ်ကံက ဘယ်လိုဆိုတာ ဗေဒင်ပညာနဲ့ စုံစမ်းဖော်ထုတ်တဲ့နေရာမှာတော့ မွေးချိန် နာရီ စက္ကန့်တွေထက် သူတို့ရဲ့ နာမည်တွေက ပိုမိုအရေးပါပြီး ဒီအချက်ဟာ နက္ခတ်ဗေဒင်ပညာအပါအ၀င်၊ ရှေ့ဖြစ်ဟောပညာတွေရဲ့ ယေဘူယျဆန်လွန်းတဲ့ အားနည်းချက်ကနေ ရုန်းထွက်နိုင်မယ့် အဖြေတစ်ခုလို့ ယူဆကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။ မိမိတို့ရဲ့ မူလ ပညာရပ်များကိုလည်း စွန့်လွှတ်ရန် မဟုတ်ဘဲ ထိုပညာရပ်များအတွင်းမှာ နာမည်ကိုပါ ထည့် သွင်း ပေါင်းစပ်ပြီး သုတေသန ပြုသင့်ကြောင်းပါခင်ဗျား။
ဒီထင်မြင် ယူဆချက်နဲ့ ပတ်သတ်ပြီး မိမိတို့ရဲ့ အယူအဆတွေကိုလည်း ကွန်းမန့်ထဲမှာ ၀င်ရောက်ဆွေးနွေးပေးကြဖို့ ဗေဒင်ပညာရှင်များ၊ ၀ါသနာရှင်များ အားလုံးကို ဖိတ်ခေါ်ပါတယ်။ လွတ်လွတ်လတ်လတ် ဆွေးနွေးဝေဖန် အကြံပြုနိုင်ကြောင်းပါခင်ဗျား။
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ- ဗေဒသုခုမ)







Very good logical writing. Thanks.
Morning Sayar,
That’s good article.
Since I was young, I have had a thought like as you said in which. (Just a thought, not a feeling doubt on Astrology).
Now, it is a bit clear. Moreover, body features, skin colour, body marks ( e.g moles, etc.. etc) should also be thinkable factors, that I like to guess.
Thanks
မှန်တယ် ကိုဇေ ရေ
ကိုဇေပြောတဲ့ အချက်တွေကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေဘဲ။ မြန်မာ့ ရိုးရာ ပညာတွေမှာလည်း မှဲ့အဟော၊ အမှတ်အဟောတွေ ရှိပါတယ်။ ဒါပေမယ့် မွေးသက္ကရာဇ်ကို အခြေခံတဲ့ အဟောတွေကို မတိုးနိုင်ဘူးဖြစ်နေတာပါ။ သိပ်ကောင်းတဲ့ အကြံပြုချက်ပါ။ ကျေးဇူးပါဘဲ။
Morning, Sayar,
It’s very good logical article.May I say,”I totally support”.Becoz I saw twin sisters in my ward since I was childhood, young one’s name “San”,she alreday passed away.Including “Thinn,Than, Aye” words in name,mostly may become like that in their love,health and business.I’ve already thought and believed about calling names like as Sayar said.
Best Regards,
Very interesting and amusing subject. I read with great pleasure.
Hello Saya,
Excellent article:-) It is really amazing and almost people are not realized it. You have kindly highlighted it. Thanks you very much for sharing this knowledge.
Best Regards,
Moe
ဆရာခင်ဗျား ဗေဒင်ပညာကို ပေါ့ပေါ့ပါးပါးနဲ့ လေးလေးနက်နက် လေ့လာနေသူ တစ်ဦးအနေနဲ့ ဆရာ့အယူအဆ ရေးသားချက်တွေကို ဆန့်ကျင်ဘက်၊ တူညီချက်များစွာနဲ့ ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ Agree to Disagree ပေါ့ ဆရာရယ်။ ဂွတိုက်တယ်..ပြသာနာရှာတယ်..ထော်လောကန့်လန့်လုပ်တယ်လို့ ကျွန်တော့်ကို မမြင်စေလိုပါဘူး။ ဆရာ့ပညာနဲ့ ဆရာ့အတွေ့အကြံများကို လေးစားအားကျရတဲ့ လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်အမြင်ကို ယူဆချက်ကို ပွင့်ပွင့်လင်းလင်း တင်ပြခြင်းသာ ဖြစ်ပါတယ်။ ကဲ..ကျွန်တော် ပြောမယ်နော်
“မဟာဘုတ် နဲ့ သုံးတန်ပေါ်နိစ်” အဟောတွေကို ကြည့်ရင်လည်း ဒီနေ့သားတစ်ယောက်ဟာ ဒီသက်ရောက် ထဲရောက် လာရင် ဒီလိုဖြစ်ရမယ်လို့ အဟောရှိကြတော့ သူလည်း တရုတ်တွေရဲ့ (၁၂)ကောင်ဗေဒင် ဟောကိန်းတွေနဲ သိပ်မထူးလှပါဘူး။ ယေဘူယျ ဆန်တာပါဘဲ။ .. ဆိုတဲ့ ဆရာပြောတဲ့အချက်ကို ကျွန်တော် ငြင်းလိုပါတယ်။ ဒါပေမယ့် ဆရာပြောသွားတဲ့အထဲမှာ ဆန်းကျမ်းဗေဒင် မပါတာတော့ တော်သေးတယ် ဆိုရမှာပါ။ ဒီသက်ရောက်ထဲ ရောက်ပေမယ့် ဆရာအသားပေးထားတဲ့ ဇာတာရှင်ရဲ့ အမည်..၊ မူလအကြောင်းခံ ဇာတာအနေအထား၊ ရုပ်ရည်ရူပကာ ဆန်းဝင်၊ ဆန်းကျင်၊ ပေါ်ပေါက်လာမယ့် နိမိတ်၊ အစရှိတဲ့ အကြောင်းတရားတွေကို ကျွမ်းကျင်နှံ့စပ်သူဆိုရင် နှစ်၊ လ၊ ရက် မက အချိန်ပါ ကွက်တိတူပါစေဦး။ မတူရေးချမတူနိုင်တော့တဲ့ မြန်မာ့ရိုးရာ မဟာဘုတ်နဲ့ သုံးတန်ပေါ်နိစ်တွေ ဟောကွက်တွေ ဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ထွက်ပေါက်ရှာတဲ့ ပညာလို့ ရိုးရာနက္ခ္ခတ်ဆရာတွေက စွပ်စွဲပုတ်ခတ်ထားတဲ့ ကေပီစနစ်မှာ ဆရာပြောတဲ့အတိုင်း “မွေးချိန်ရော၊ နက္ခတ်ရော၊ ဘုတ္တိပါ” သွားတူနေကြပြန်ရော။ အဲဒီမှာ မွေးချိန်တူ၊ ဘုတ္တိတူနေရက်နဲ့ တစ်ယောက်က ကွယ်လွန်သွားပြီး တစ်ယောက်က ရှင်သန် လာတဲ့အခါ “ဘုတ္တိ” ဆရာတွေလည်း နောက်ဆုတ် သွားရပြန်ပါတယ်…ဆိုတာ ဟုတ်ကို ဟုတ်ပါတယ် ဒါပေမယ့် ဆရာအောင်ဆက်တို့ ရေးနေတဲ့ ဘုတ္တိကို ထပ်ခွဲထားတဲ့ ဝိဘုတ္တိစနစ်အရဆိုရင်တော့ ကွာခြားသွားမယ်လို့ ယူဆပါတယ်။ ဒါကလဲ ထွက်ပေါက်ရှာခြင်း တစ်မျိုးလို့ ကျွန်တော်မြင်ပါတယ်။ ဒီအပိုင်းမှာ ကျွန်တော် ဒီလောက်ပဲ သိပါတယ်။
မွေးချိန် နာရီ စက္ကန့်တွေထက် သူတို့ရဲ့ နာမည်တွေက ပိုမိုအရေးပါပြီး ဒီအချက်ဟာ နက္ခတ်ဗေဒင်ပညာအပါအ၀င်၊ ရှေ့ဖြစ်ဟောပညာတွေရဲ့ ယေဘူယျဆန်လွန်းတဲ့ အားနည်းချက်ကနေ ရုန်းထွက်နိုင်မယ့် အဖြေတစ်ခုလို့ ယူဆကြောင်း..ဆိုတဲ့ အတွေ့အကြုံရော ပညာပါ စုံတဲ့ ဆရာ့တိုက်တွန်း အကြံပြုချက်ကို ကျွန်တော် လုံးဝမဟုတ်ရင်တောင် တစ်ချို့တဝက် ထောက်ခံရမှာပါ။ ဒါပေမယ့် တစ်ဖက်က စဉ်းစားကြည့်ရင် ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာကို ပုဏ္ဍားတွေက သိဒ္ဓတ္တလို့ အမည်ပေးပြီးမှ ဘုရားစင်စစ် ဧကန်ဖြစ်ရမယ် စင်္ကြာမင်း ဖြစ်ရမယ် ဆိုပြီး ဟောခဲ့တယ်လို့ မတွေ့ဖူးပါဘူး။ ဘယ်နည်းနဲ့ဟောခဲ့လဲ ကျွန်တော်လည်း မသိပါဘူး။ နောက်တစ်ခါ နာမည်သုံးလေးမျိုး မက ရှိနေသူ၊ တကယ်လည်း အဲဒီနာမည်တွေကို နယ်ပယ်အသီးသီးမှာ ဥပမာ စာပေနယ်မှာ ကလောင်ခွဲ ငါးမျိုးထက်မနည်းနဲ့ အောင်မြင်စွာ အသုံးပြုနေသူတွေအတွက် ဒီလူဟာ စိတ်မငြိမ်ဘူး၊ နေရာအတည်တကျ မရှိဘူး။ ဥပဒေအပြင်ဘက်က လူတောင်ဖြစ်နိုင်တယ်ဆိုတဲ့ ဟောချက်ထက် ပိုမိုတဲ့ ဘယ်လို နာမည်ဟောကွက်တွေ ထုတ်နိုင်မလဲ စဉ်းစားရမယ် ထင်ပါတယ်။
ဆရာ့ဆောင်းပါးမှာ ကျွန်တော်အထူးထောက်ခံချင်တာကတော့ ရာသီဖွားဟောကိန်းတွေရဲ့ ယေဘုယျဆန်လွန်းခြင်းနဲ့ ဆရာရေးသားထားတဲ့ ကမ္ဘာ့လူဦးရေနဲ့ နှိုင်းယှဉ်လိုက်ရင် လ, တစ်လ (ရာသီခွင်တစ်ခု) ထဲမှာ မွေးဖွားသူ ပေါင်းကလည်း “သန်း” ဂဏန်းပါဘဲ။ သူတို့ရဲ့ ဘ၀ကံတွေက တူနိုင်ပါ့မလား။ ဆိုတဲ့ အချက်ကို လုံးဝထောက်ခံပါတယ်။
ဒီနေရာမှာ ဆောင်းပါးကို ထပ်ပြီးခွဲခြမ်းစိတ်ဖြာချင်တာကတော့ ဆရာပြောသလို ယေဘုယျဆန်လွန်းတဲ့ဟောကိန်းတွေနဲ့တင် ကျေနပ်နေရမလားဆိုတာကိုပါ။ ဟုတ်ကဲ့ ကျွန်တော်လဲ မကျေနပ်ပါဘူး။ ဒါပေမယ့် ရာသီဖွားလို၊ အဌလဂ်သက်ရောက်ဟောကိန်းတွေလို စာအုပ်ရိုက်စားမယ့် ဆရာတွေအတွက်တော့ ဒီလို ယေဘုယျဟောကိန်းတွေပဲ ပရိသတ်ကို တင်ဆက်နိုင်မှာပါ။ မယုံကြည်သူတွေရဲ့ လှောင်ပြောင်မှုကို ဒီအတိုင်း ခေါင်းငုံ့ခံနေကြတော့မလား ဆိုတာကတော့ အဲဒီမယုံသူတွေကို တစ်ယောက်ချင်း ဟင်ခနဲ ဟာခနဲဖြစ်အောင် အသေးစိတ်ဟောပြောပေးနိုင်တဲ့ ပညာတွေ ကျန်ရှိနေပါသေးတယ်။ (လို့ ယုံကြည်ပါတယ်) တစ်ယောက်ချင်း အသေးစိတ်စိစစ်ဟောခွင့်မရဘဲ အကြမ်းဖျဉ်းဟောကိန်းတွေ ဝယ်ဖတ်ပြီး မမှန်ပါဘူးကွာ တလွဲတွေပါ ပေါက်ကရတွေ လို့ လေသံပစ်နေသူတွေကိုတော့ အချိန်ကုန်ခံ ပြန်မဖြေရှင်းတော့ပါဘူး။
နောက်ဆုံးပိတ်အနေနဲ့ ဆရာ့အယူအဆပါ နာမည်အရေးကြီးပုံကို ကျွန်တော်သိသလောက် ပြောရရင် ဗေဒင်နည်းအရ အကောင်းဆုံးအမည်ဆိုတာ လုံးဝမရှိဘူးလို့ ကျွန်တော် ယူဆပါတယ်။ ဂဏန်းဗေဒင်က ကောင်းရင် မဟာဘုတ်အရမကောင်း၊ မဟာဘုတ်ကောင်းပြန်တော့ အင်္ဂဝိဇ္ဇာမှာ ကန့်လန့်ခံ၊ အင်္ဂဝိဇ္ဇာမှာ တည့်ပြန်တော့ ဆန်းအရ မဖြစ်ပြန်၊ ဆန်းအရ ဂွင်ဝင်ပြန်တော့ နာမည်က ပက္ခဖြစ်.အဲလို တစ်ခုခုနဲ့ကိုငြိနေမယ် လို့ သတိထားမိပါတယ်။ ဒါတောင် သရောဒယနဲ့မစစ်သေးဘူး။ သရောဒယပါ ပါလို့ကတော့ နာမည်တစ်ခါပေးဖို့ နာမည်ပြောင်းဖို့ဆိုရင် ဆံပင်ဖြူရုံမက ရူးပါသွားနိုင်မယ်ထင်ပါတယ်။ ကျွန်တော့်ဆွေးနွေးချက်ကို ဒီမှာ ရပ်နားပါရစေ။ ဆရာ ကျန်းမာချမ်းသာပါစေ..။
Thanks again, Sayar Bo.
If the problem is a stick, the guru will be a drum.
They may produce the new music.
ဆရာတင်ဘိုဘို တခုလောက်တော့ ပြောပြချင်ပါတယ် နာမည်နဲ့ ပါတ်သက်ပြီး လက်ဆန်းအင်္ဂဝိဇ္ဇာနာမည်ကြီး ဆရာကြီးတယောက်နဲ့ တခါက ကျနော်နဲ့ စကားပြောဖြစ်ပါတယ် အဲဒီဆရာကြီးက အင်္ဂဝိဇ္ဇာပညာကိုယ်တွေ့ တွေ ကိုလည်း စာအုပ်တွေအများကြီး ရေးခဲ့ ပါတယ် စာရေးတာလည်း အောင်မြင်ပါတယ် နာမည်ကြီးပါတယ် သူကပြောပါတယ် ငါဟာတချိန်က လူလယ်လူရှုပ်ဘဝနဲ့ နေခဲ့ ဖူးတယ် လူမုန်းများတဲ့ သူ အကြွေးထူသူ ဖြစ်တုံးကလည်း ဒီနာမည်ပဲ နောက်တော့ ဗေဒင်ဟောမှန်တယ် နာမည်ကြီးတော့လည်း ဒီနာမည်ပဲ နောက်တော့ ထောင်ကျတော့လည်း ဒီနာမည်ပဲ အခု စာအုပ်တွေ ရေးခဲ့ ပြီး စာရေးဆရာဖြစ်လာတော့လည်း ဒီနာမည်ပဲ ဒီနာမည်က လူကိုကောင်းအောင်ဖြစ်စေတယ် လူကို ဆိုးအောင်ဖြစ်စေတယ် လို့ တော့ငါမထင်ဘူး တစိတ်တပိုင်းတော့ ရှိလိမ့်မယ် အဓိက အင်အားတော့မထင်ဘူး ပြောပါတယ် ဆရာတင်ဘိုဘိုလည်း စဉ်းစားလို့ ၇အောင် ပြန်ပြီး ဖေါက်သည်ချလိုက်ပါတယ် ဆောင်းပါးတွေ ဖတ်ခွင့်ရတာ ကျေးဇူးတင်ပါတယ်
ဂြိုဟ်ကြီး ကိုးလုံး သို့
စပါးမှာ “ကောက်လျင်၊ ကောက်လတ်၊ ကောက်ကြီး” ဆိုပြီး ရှိပါတယ်။ “ကောက်လျင်” က အစောဆုံး သီးပွင့်ပါတယ်။ ကောက်လတ်က နောက်ကျပါတယ်။ ကောက်ကြီးကတော့ နောက်ဆုံးမှ သီးပွင့်ပါလိမ့်မယ်။ အချိန်ကျမှ သီးပွင့်ပါလိမ့်မယ်။ နာမည်မှာလည်း ဒီလိုပါဘဲ။ သူ့အချိန်ရောက်မှ သူ့အကျိုးကျေးဇူးကို ခံစားရပါလိမ့်မယ်။ ပထမအရွယ်မှာ ကောင်းကျိုး/ဆိုးကျိုးပေးတတ်တဲ့ နာမည်၊ ဒုတိယအရွယ်မှာ ကောင်းကျိုး/ဆိုးကျိုးပေးတတ်တဲ့နာမည်၊ တတိယအရွယ်ရောက်မှ ကောင်းကျိုး/ဆိုးကျိုး ပေးတတ်တဲ့ နာမည်ဆိုတာ ရှိပါတယ်။ ဒီအတိုင်းပါဘဲ။ နာမည်သာမက နက္ခတ်ဗေဒင်ပညာတွေမှာလည်း ရာဇယုဂ်တွေ၊ ဓနယုဂ်တွေ ဘယ်လိုရရ အဲဒီဂြိုဟ်သက်တွေထဲရောက်မှ အကျိုးပေးတာပါ။ ဗုဒ္ဓဘုရားရှင်လည်း မွေးကတည်းက ဘုရားဖြစ်လာတာ မဟုတ်ပါ။ ဒုက္ကရစရိယာ (၆)နှစ်ကို ပင်ပန်းဆင်းရဲစွာကျင့်ပြီး သက်တော် (၃၅)နှစ်ကျမှ ဘုရားဖြစ်လာတာပါ။
ဒီဆရာကြီးဟာ ဒီသဘောလောက်မျှတောင် နားမလည်ဘဲ ဆရာကြီးဖြစ်လာတာတော့ အံ့သြစရာပါဘဲ။ ဒါပေမယ့် သိပ်လည်း မအံ့သြပါဘူး။ လောကထဲမှာ ဒီလို လူမျိုးတွေက ပိုများပါတယ်။ နောက်ပြီး လူ့ဘုံလောကမှာ “လောကဓံ” တရားဆိုတာ ရှိပါတယ်။ ဘုရားတောင် လောကဓံ မလွတ်ပါဘူး။ နာမည်ကောင်းမှည့်ထားတာနဲ့ အတိတ်ကံတွေကြေသွားပြီး တစ်ဘ၀လုံး အမြဲကောင်းသွားလိမ့်မယ် ထင်နေရင်တော့ အသိဉာဏ်နည်းလွန်းရာ ရောက်ပါလိမ့်မယ်။
ဟုတ်ပါတယ်ဆရာ ကျွန်တော်က ကို YoungGun ကိုထောက်ခံပါတယ် တချို့ကပြောတာ နံမည် အားလုံးပေါင်းဟာ ၉ဂဏာန် ဆိုရင် ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ကျွန်တော် ရှေ့တွင် ပြောသွားပါတယ် ကျွန်တော့ နာမည် အာလုံးပေါင်းက ၉ ဂဏာန်းပါပဲ ဒါပေမဲ့ ကျွန်တော့်မိတ်ဆွေ နာမည် ၉ ဂဏာန်းသမားနဲ့ ဘာလို့ ဇာတာချင်းမတူလဲ ဆိုတာ စဉ်းစားလို့မရပါ သဖြင့် ဆရာ ပြန်လည် ဖြေကြားပေးစေ ချင်ပါတယ် ချင်ဗျာ ကျေးဇူးတင်စွာဖြင့် ၉ဂဏာန်းသမား(နာမည်၃လုံးပေါင်း)
sailuu သို့
ကျွန်တော်မေးချင်တာလေးက နာမည်(9)ဂဏန်းသမားခြင်း တူပေမယ့် သူနဲ့ ခင်ဗျားနဲ့ မွေးရက်/လ/ခုနှစ် များ ချွတ်စွပ် တူနေပါသလား ခင်ဗျား။ မွေးရက်/လ/ခုနှစ် တူသူနှစ်ယောက်ရဲ့ ကံကြမ္မာခြင်း မတူသလို မွေးဂဏန်းပေါင်း ခြင်းတူသူနှစ်ဦးရဲ ကံကြမ္မာခြင်းလည်း မတူညီပါ။ အဲဒီနှစ်ခုကို အချိုးညီညီပေါင်းစပ်မှ မှန်ကန်တဲ့ အဖြေထွက်ပါလိမ့်မယ်။ နောက်ပြီး (၉)ဂဏန်းကကော ဘယ်လိုပေါင်းလို့ရတဲ့ (၉)လဲ။ (၄+၅)လား၊ (၃+၆)လား၊ (၂+၇)လား။ အဲဒီ ကွာခြားချက်တွေမှာလည်း အဓိပ္ပါယ်တွေ အပြည့်အ၀ ရှိပါတယ်။ ဗေဒင်ပညာဆိုတာ နက်နက်ရှိုင်းရှိုင်း လေ့လာမှ ရပါတယ်။ အပေါ်ယံ အသိလေးလောက်နဲ့ မရပါ။
ငါ့ညီ မောင်ရမ်းဂန်း ရေ
အစ်ကိုက ဒီလို နှိုက်နှိုက်ချွတ်ချွတ် လေ့လာဖတ်ရှုပြီး စောဒက တက်တာမျိုးကို အမြဲကြိုဆို လက်ကမ်းလျှက်ပါ။ ဒါပေမယ့် အစ်ကို ပြောချင်တာနဲ့ ငါ့ညီ နားလည်ပုံက တစ်မျိုးဖြစ်နေတယ်။ အစ်ကိုတင်ပြပုံ Presentation မကောင်းလို့လဲဖြစ်ချင်ဖြစ်မှာပေါ့။ ငါ့ညီ။ မင်းလည်း ပညာရှင်တစ်ဦးဘဲ။ ကမ္ဘာပေါ်မှာ ရှိသမျှ ဗေဒင်ပညာအားလုံးကို အနှစ်ချုပ်ပစ်လိုက်ရင် (၁)“မွေးချိန်(ရက်/လ/နှစ်/နာရီ/မိနစ်)အပေါ် အခြေခံတဲ့ စနစ်ရယ် -
(၂) “လက်ရှိ ရောက်နေတဲ့ အချိန်နာရီ အပေါ်မှာ အခြေခံပြီး အဲဒီအချိန်မှာရှိတဲ့ ဂြိုဟ်ခွင်၊ နာမည်၊ အဆင်း၊ အသံ၊ လက္ခဏာ၊ စတဲ့ သက်ရှိသက်မဲ့ အရာတွေအပေါ်မှာ နိမိတ်ယူ ဟောတဲ့ပညာရယ်လို့ နှစ်မျိုးဘဲရှိပါတယ်။ ဒီထက် ပိုတဲ့ အမျိုးအစားရှိရင်တော့ အစ်ကိုလည်း မသိသေးတာဖြစ်လိမ့်မယ်။
နံပါတ် (၁) စနစ်ကို “မူလဇာတာ” အဟောစနစ် လို့ သတ်မှတ်နိုင်ပြီး နံပါတ် (၂)စနစ် ကိုတော့ “ဟူးရားဇာတာ” စနစ်လို့ သတ်မှတ်နိုင်ပါတယ်။ အခု ဒီဆောင်းပါးမှာ အစ်ကို အဓိက တင်ပြချင်တာက “မူလဇာတာ စနစ်” ရဲ့ အားနည်းချက်ကို ထောက်ပြပြီး ဒီအားနည်းချက်ကို အဖြေကို ရှာဖို့ဘဲဖြစ်ပါတယ်။ “ဟူးရားဇာတာ”အကြောင်းမဟုတ်ပါ။ ဒါကြောင့် အစ်ကိုပြောတဲ့ အထဲမှာ ငါ့ညီပြောတဲ့ “ဆန်းကျမ်း” နဲ့ အင်္ဂ၀ိဇ္ဇာ မပါလာတာပေါ့။ ဆန်းကျမ်းဆိုတာ အစ်ကို မကျွမ်းကျင်ပေမယ့် လက်ရှိအချိန်ရဲ့ အတိတ်နိမိတ် လက္ခဏာ အဆင်းအသံတွေ၊ လာမေးသူရဲ့ ကိုယ်နေဟန်ထား စကားပြောပုံ၊ စကားလုံးသုံးနှုံးပေါ်တွေပေါ်မှာ နိမိတ်ဖမ်းဟောရလို့ သူလည်း ဟူးရားအုပ်စုထဲမှာပါတယ်လို့ အစ်ကို ယူဆပါတယ်။ ဒီလိုမှမဟုတ်ရင် ဆန်းကျမ်းဟာ “သုံးတန်ပေါ်နိစ်”ပေါ်မှာဘဲ အခြေခံထားလို့ အမွှာညီအစ်မနှစ်ယောက်လာမေးရင် တိုင်တူ အဖြေတူဘဲ ထွက်မှာပေါ့။ ဒါပေမယ့် အဖြေမတူတာက “လက်ရှိအချိန်ရဲ့စွမ်းအား”တွေကို ယူပြီးအသုံးချထားလို့သာဖြစ်တယ်။ ဒီတော့ ဟူးရားအုပ်စုထဲ အကျုံးမ၀င်ပေဘူးလား။
ဒီဆောင်းပါးမှာ အစ်ကို အဓိက ပြောချင်တာက မွေးချိန်ကို အခြေခံတဲ့ စနစ်တွေရဲ့ အားနည်းချက်ကိုသာ ထောက်ပြတာဖြစ်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ငါ့ညီထောက်ပြတဲ့ ဘုရားလောင်းကို ဘုရားဖြစ်မယ်ဆိုတာ “သိဒ္ဓတ္တ” လို့အမည်ပေးပြီးမှ ဟောတာမဟုတ်ဘူး ဆိုပြီး နာမည်တွေရဲ့ အားနည်းချက်ကို ထောက်ပြချင်တာဖြစ်ပေမယ့် ငါ့ညီ သတိမထားမိတာက ဘုရားလောင်းကို မွေးတဲ့ အချိန်မှာ ဘုရားလောင်းတစ်ဦးထဲမဟုတ်ဘဲ “ဖွားဘက်တော်(၇)ဦး ဆိုတဲ့ – (၁)ညီတော်အာနန္ဒာ (၂) မဟာဗောဓိပင် (၃) ကာဠုဒါယီအမတ် (၄)ယသော်ဓယာမင်းသမီး(၅) မြင်းမြီးဆွဲမောင်ဆန် (၆) ရွှေအိုးကြီး လေးလုံး (၇) ကဏ္ဍက စီးတော်မြင်း” ဆိုပြီး ဘုရားနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း ဖွားမြင်လာတာ ဖြစ်တယ်။ တစ်ဦးနဲ့တစ်ဦး ဒီခေတ်အခေါ် စက္ကန့်အနည်းငယ်စီလောက်သာ ခြားပြီး မွေးဖွားလာကြတာ ဖြစ်တယ်။ ကဲ သူတို့ကြ ဘာလို့ ဘုရားမဖြစ်ကြသလဲ။ အဲဒီအချိန်မှာ ဘယ်သူမှ နာမည်မပေးရသေးပါဘူး။ ဒါက အတိတ်က ဖြည့်ဆည်းခဲ့တဲ့ “လေးသင်္ချေကမ္ဘာတစ်သိန်း” ကြောင့်လို့ပြောရင် ဗေဒင် ပညာရဲ့ ဘောင်ကို ကျော်လွန်သွားပြီ။ ငါ့ညီရဲ့ စီဘောက်စ်ထဲမှာ အစ်ကို ၀င်ရေးပေးထားတဲ့ မြတ်စွာဘုရား ဖွားမြင်ချိန်ကို ဇာတာခွင်ချကြည့်စမ်းပါ။ အံ့သြလောက်စရာကောင်းတဲ့ ဂြိုဟ်နေဂြိုဟ်ထားတွေပါ။ ဒီအနေအထားဟာ နှစ်ပေါင်း တစ်ထောင်မှာ တစ်ကြိမ်ဖြစ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် “သိဒ္ဓတ္တ” လို့ခေါ်တွင်တဲ့ သူတစ်ဦးသာ ဘုရားဖြစ်လာပြီး ကျန်သူတွေက ဘာကြောင့် ဘုရားမဖြစ်သလဲ။ စဉ်းစားကြည့် တာပါနော်။ ဒီတော့ မွေးချိန်ဘယ်လောက်ကောင်းကောင်း ကံကြမ္မာခြင်း မတူနိုင်ဘူးဆိုတာ ငါ့ညီပေးတဲ့ ဥပမာနဲ့တွင် ထင်ရှားနေပြီ။
ကေပီစနစ်မှာ နက္ခတ်ကို ဘုတ္တိအဆင့်တွင် မဟုတ်ဘဲ “၀ိဘုတ္တိ”ထိ ခွဲပြီးဟောတယ်ဆိုတာ “အာပလာပါ” ငါ့ညီ။ အစ်ကိုက ကေပီစနစ်ကို သူများတွေတောင် သင်တန်းပို့ချလာတာပါ။ “၀ိဘုတ္တိ” မဟုတ်ဘူး။ “အနုဝိဘုတ္တိ”အထိ ခွဲလို့ရပါတယ်။ ဒါပေမယ့် ဟောလို့ မရပါဘူး။ ဂြိုဟ်တွေများလွန်းလို့ ဘယ်ဂြိုဟ်က အလုပ်လုပ်မလဲဆိုတာ အဖြေရှာရင်းနဲ့ ရူးသွားမယ်။ နောက်ပြီး တစ်ချိန်ထဲမှာ ရင်ခြင်းဆက်မွေးလာတဲ့ ကလေးနှစ်ယောက်ဟာ မိနစ်၊ စက္ကန့်အတိအကျတူနေတာကို ဘယ်လို “၀ိဘုတ္တိ” ခွဲမှာလည်း ငါ့ညီ။
ယေဘူယျဟောကိန်းဆိုတာတွေက အစ်ကိုလည်း ရေးနေတာပါဘဲ။ မနှစ်ခြိုက်ပေမယ့် ဒီလိုမှမရေးရင် ဘယ်လိုလုပ်ပြီး လူတိုင်းဖတ်နိုင်အောင် ရေးမလဲ။ ဒါကို မပုတ်ခတ်ပါဘူး။ ယေဘူယျဟောကိန်းဆိုပေမယ့် မှန်သင့်သလောက်လည်း မှန်နေလို့ လူတွေဖတ်နေတာဘဲလေ။ အစ်ကိုလည်း (၁)ကြွင်း (၂)ကြွင်း စတဲ့ မဟာဘုတ်အကြွင်း ယေဘူယျဟောကိန်းတွေ ရေးနေတာဘဲ။ (1)ဂဏန်း (2)ဂဏန်း ဆိုပြီး ဂဏန်းဗေဒင် ယေဘူယျဟောကိန်းတွေ ရေးနေတာဘဲ။ မမှန်ဘူးလို့ပြောတဲ့လူရှိပေမယ့် အများစုက မှန်တယ်လို့ဘဲ ပြောနေကြတာ အထင်အရှားဘဲလေ။
နောက်ပြီး မေးသူတွေကို ဟာကနဲ ဟင်ကနဲ ဖြစ်သွားစေတဲ့ ဟောကိန်းတော်တော်များများဟာ “မူလဇာတာထက်၊ ဟူးရားဇာတာ(ငါ့ညီရဲ့ ဆန်းကျမ်းလည်းပါပါတယ်)ပေါ်မှာ အခြေခံကြတာများတာကို အစ်ကိုရဲ့ ဘ၀အတွေ့အကြုံအရ ပြောရဲပါတယ်။ ဒီဆောင်းပါးက ဗေဒင် အဟောမှန်တာ/မမှန်တာကို အဓိက ပြောချင်တာ မဟုတ်ဘူး။ “မွေးချိန်ကို အခြေခံတဲ့ စနစ်” ရဲ့ အားနည်းချက်ကို ထောက်ပြတာဘဲ ဖြစ်တယ်။ ကြွားပြောတယ် တော့မထင်နဲ့ ။ “ဟာကနဲ ဟင်ကနဲ့ ဟောကိန်းတွေကို အစ်ကိုလည်း ဟောတတ်ပါတယ်။ အလောင်းအစားကြေးနဲ့ စိန်ခေါ်ပြီးတောင် ဟောရဲပါတယ်။ ဒါပေမယ့် “မူလဇာတာအပေါ် အခြေခံတဲ့ စနစ်နဲ့တော့မဟုတ်ဘူး။ “ဟူးရား” နဲ့ ဟောမှာ။
အစ်ကို့ဆောင်းပါးရဲ့ ခေါင်းစဉ်က “နာမည်သည် နောက်ဆုံးအဖြေလော?” လို့ရေးထားတာမို့ “နာမည်သည်သာ နောက်ဆုံးအဖြေဖြစ်ပါသည်ခင်ဗျား” လို့ မဆိုလိုပါဘူး။ စဉ်းစားကြည့်ဖို့ တိုက်တွန်းကြည့်တာ ပါ။ ကိုယ်မကြိုက်ရင်လည်း မသုံးနဲ့ပေါ့။ နောက်ဆုံး ငါ့ညီပြောတဲ့ “အကောင်းဆုံးနာမည်ရယ်လို့မရှိဘူး” ဆိုတာ အစ်ကို အကြွင်းမဲ့ လက်ခံပါတယ်။ နာမည်မှ မဟုတ်ပါဘူး။ လောကမှာ ရှိသမျှ အရာအားလုံး အကောင်းဆုံး အပြစ်အကင်းဆုံး Flawless ဆိုတာ ဘယ်အရာမှ မရှိပါဘူး။ ဒါပေမယ့် ရက်ရက်စက်စက် လှတဲ့ မိန်းကလေးတစ်ယောက်မှာတောင် အပြစ်ရှာကြည့်ရင် အပြစ်တစ်ခု ရှိနေပေမယ့် သူ့ကို မိန်းမချောတစ်ယောက်လို့တော့ အသိအမှတ်ပြုရမယ် မဟုတ်လား။ “မိန်းမချောမိန်းမလှ၊ ရွက်ကြမ်းရေကြို၊ ရုပ်ဆိုးသူ” စ သဖြင့် ရှိကြသလို “လုံးဝအပြစ်ကင်းတဲ့နာမည်” မရှိပေမယ့် “နာမည်ကောင်း၊ နာမည်လတ် ၊ နာမည်ညံ့” ဆိုတာတော့ ရှိပါတယ်။ ဘယ်ပေတံနဲ့တိုင်းတိုင်းပေါ့ကွာ။
နောက်ဆုံး အစ်ကို ပြောချင်တာက အစ်ကိုက နာမည်ပေးခြင်းနဲ့ အသက်မွေးနေလို့ နာမည်ကသာ ဘ၀အဆုံးအဖြတ်ပါလို့ ပြောတယ်လို့ တလွဲယူဆမှာကို စိုးရိမ်မိပါတယ်။ အစ်ကို ဖြစ်စေချင်တာက အစ်ကို နောက်ဆုံးစာပိုဒ်မှာ ရေးထားပါတယ်။
“မိမိတို့ရဲ့ မူလ ပညာရပ်များကိုလည်း စွန့်လွှတ်ရန် မဟုတ်ဘဲ ထိုပညာရပ်များအတွင်းမှာ နာမည်ကိုပါ ထည့်သွင်း ပေါင်းစပ်ပြီး သုတေသန ပြုသင့်ကြောင်းပါခင်ဗျား။” လို့ ရေးထား ပါတယ်။ ပြောချင်တာက မူလမွေးချိန်ကို အခြေပြုဟောတဲ့နည်းစနစ်တွေမှာ နာမည်လေးတစ်ခုကိုတော့ ထည့်သွင်းသုတေသန ပြုဖို့ တိုက်တွန်းထားသာလျှင် ဖြစ်ပါတယ်။ ဒီလိုဖြစ်ရတာ နာမည်ကြောင့်များလား? လို့ သံသယဖြစ်နေသူတွေအတွက်ပါ။ နာမည်ကို လုံးဝမယုံကြည်သူများအတွက်တော့ တိုက်တွန်းစရာ အကြောင်းမရှိပါဘူး ငါ့ညီ။ ဒါပေမယ့် နောက်ဆုံးပြောချင်တာက “လက်တွေ့လေ့လာမှုသည် ထင်မြင်ယူဆ ချက်ထက် ပိုကောင်းသည်” ဆိုတဲ့ အနောက်တိုင်း စကားပုံလေးကို သတိပြုပါလို့။ တစ်ခါတစ်လေ ကိုယ့်ဟာကိုယ် မှန်တယ်လို့ ထင်နေတဲ့ ထင်မြင်ယူဆချက်တွေဟာ တကယ်လက်တွေ့(များများ)လေ့လာကြည့်လိုက်တော့ မှားနေတာမျိုး ဖြစ်တတ်တယ်။ ကျန်းမာချမ်းသာပါစေ။
နာမည်က..အရေးပါတယ်..ဆိုတာ.မှန်ပါတယ်..ဆရာ
ကျမနာမည်ဆိုရင်..တင်္နလာအစ..တင်္နလာအဆုံးနဲ့ ..မိဘများမည့်ထားပေးပါတယ်ရှင်..ဒါပေမက့်..အဂါင်္သမီး
အတွက်နာမည်က.ခိုက်နေပါတယ်..အချစ်ရေး.စီးပွားရေး
လုံးဝအဆင်မပြေပါ..ဒါကြောင့်..လဲ..အသက်၃၀.နောက်ပိုင်းမှာ
ကိုယ်ဟာကိုယ်..နဒီလိုင်လို့ ..ပြောင်းလိုက်ပါတယ်..ပြောင်းလဲ..ပြီး
သွားတော့..တော်တော်သိသာလာပါတယ်..အလုပ်လဲ.နည်းနည်းအဆင်ပြေ
လာပါတယ်.အချစ်ရေးလဲ..ကောင်းလာပါတယ်..အဲဒါကြောင့်.နာမည်က
တစ်ကယ်ကို..အရေးပါပါတယ်..ဆရာရှင်..နားလည်လို့ ..ဝင်ရောက်ဆွေးနွေးတာ
မဟုတ်ရပါဘူး..ကိုယ့် အတွေ့ အကြုံကို..တင်ပြခြင်းတာဖြစ်ပါတယ်
ဆရာကျန်းမာပါစေရှင်…။
ှဆရာ Dr. Tin Bo Bo, Ko Young Gun နင့် ကို ဂြိုဟ်ကြီး ကိုးလုံး တို့ 
ခင်ဗျာ။
နာမည်ဟာဘဝမှာအရေးကြီးဆုံးလို့ ယူဆလို့ မရပေမဲ့အလွန်ကိုအရေး
ကြီးပါတယ်။ရှေးတုံးကပွင့်ပေါ်ခဲ့တဲ့မြတ်စွာဘုရားတွေဟာ၊နောင်အနာ
ဂတ်မှာပွင့်ကြမဲ့
အလောင်းတော်တွေကိုဗျာဒိတ်ပေးတဲ့အခါမှာ၊မည်သည့်အမည်ဖြင့်
ဘုရားဖြစ်လတ္တံ၊
လက်ဝဲရံလက်ယာရံတို့ ၏အမည်နာမည်များ၊မယ်တော်ခမည်း
တော်တို့ ရဲ့အမည်များ၊ကြင်ယာ
တော်၊သားတော်တို့ ၏အမည်များကိုတိကျပြတ်သားစွာဖြင့်၊လေးသင်္ချေနင့် ကမ္ဘာတစ်သိန်း
ထက်မှကြိုတင်၍ဗျာဒိတ်ပေးတော်မူခဲ့ပါတယ်။ဤနေရာတွင
်မွေးသက္ကရာဇ်၊ခုနစ်၊လ၊နက္ခတ်နင့်ဘာဘွားဆိုတာကို
အဓိကမထားပဲအမည်ကိုသာအဓိကထား၍ဗျာဒိတ်ပေးတော်မူပါတယ်။
ဥပမာ……………
ဒီပင်္ကရာမြတ်စွာဘုရားက“ရဟန်းတို့ သုမေဓာရသေ.ဟာနောင် လေးသင်္ချေ
နင့် ကမ္ဘာတစ်သိန်း ထက်၌ ဂေါတမ မည်သော သမ္မာသမ္ဗုဒ္ဓဘုရားစင်စစ်ဖြစ်လတ္တံ။
မယ်တော်ခမည်းတော်တို.ဟာမာယာဒေဝီနင်. သုဒ္ဓေါဒနမင်းတို့ ဖြစ်ကြလိမ့်မည်။
ဥပတိသ၁နင်.ကောလိတ(အရှင်သာရိပုတ္တရာနင့်၊အရှင်မောဂ္ဂလာန်)
တို့ ဟာအဂ္ဂသာဝကအစုံဖြစ်ကြလိမ်.မည်၊
အာနန္ဒာအမည်ရှိတဲ့ရဟန်းဟာ……………………………….စသည်
ဖြင့်အမည်နာမည်အတိအကျတပ်၍ဗျာဒိတ်ပေးတော်မူုခဲ့ပါသည်။ထို.အတွက်ကြောင့်
ဤအမည်များကိုပြောင်းလွဲပြစ်ပြီးဘုရားမဖြစ်နိုင်ပါ။ဤနာမည်များက
ိုပြောင်းလွဲ၍ဘုရားဖြစ်ပါကဒီပင်္ကရာမြတ်စွာဘုရား၏ဗျာဒိတ်စကား
သည်တက်တက်စင်အောင်လွဲပေလိမ့်မည်။
သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားတို.၏စကားသည်မည်သည့်အခါမှလွဲရိုးမရှိပါ။ ထို့ ကြောင်.
ဤအမည်များသည်ဤသို့ သောအကျိုးတရားဖြစ်ပေါ်ရန်ဆက်စပ်နေသောအကြောင်း
တရပ်မဟုတ်ပါလား။ဤအမည်များမှလွဲ၍အခြားအမည်ဖြင့်အကျိုးတရားမဖြစ်ပေါ်နိုင်ပါ။
လေးသင်္ချေနင့် ကမ္ဘာတစ်သိန်းပါရမီဖြည့်ကျင့်ခဲ့ခြင်းကမူပို၍ပင်
်အရေးကြီးသောအကြောင်း
တရပ်ဖြစ်ခြင်းကမှန်ပါသည်။သို.သော်အမည်များနင်.ကံပါရမီများ၏အကျိုးအကြောင်းဆက်
စပ်မှုကိုမည်သို့ လစ်လျှူရှု ပြစ်ပယ်အပ်မည်နည်း။? ဤအကြောင်းကိုထောက်ရှု၍ ဆရာဒေါက်တာ တင်ဗိုလ်ဗိုလ်၏ အောက်ပါစာပိုဒ်အားထောက်ခံပါသည်။
“(ဒီတော့ ကျွန်တော့်အနေနဲ့က လူတစ်ယောက်နဲ့တစ်ယောက် ကံကြမ္မာခြင်း ကွာခြားသွားစေတာဟာ အတိတ်ကံကြောင့်ဖြစ်တာဆိုတာတော့ မငြင်းပါဘူး။ ဒါပေမယ့် အဲဒီ အတိတ်ကံက ဘယ်လိုဆိုတာ ဗေဒင်ပညာနဲ့ စုံစမ်းဖော်ထုတ်တဲ့နေရာမှာတော့ မွေးချိန် နာရီ စက္ကန့်တွေထက် သူတို့ရဲ့ နာမည်တွေက ပိုမိုအရေးပါပြီး ဒီအချက်ဟာ နက္ခတ်ဗေဒင်ပညာအပါအ၀င်၊ ရှေ့ဖြစ်ဟောပညာတွေရဲ့ ယေဘူယျဆန်လွန်းတဲ့ အားနည်းချက်ကနေ ရုန်းထွက်နိုင်မယ့် အဖြေတစ်ခုလို့ ယူဆကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။ မိမိတို့ရဲ့ မူလ ပညာရပ်များကိုလည်း စွန့်လွှတ်ရန် မဟုတ်ဘဲ ထိုပညာရပ်များအတွင်းမှာ နာမည်ကိုပါ ထည့် သွင်း ပေါင်းစပ်ပြီး သုတေသန ပြုသင့်ကြောင်းပါခင်ဗျား။)”
ကျွန်တော် ကိုဆန်နီပါ. .ကျွန်တော့်ကိုယ်တွေ့လေးလည်း ပြောပြချင်ပါတယ်။ ကျွန်တော့်နာမည်ရင်းက “အောင်အောင်”ပါ။ ဆရာ့ဆောင်းပါးတွေဖတ်မှ ကျွန်တော်ဟာ (၁)ကြွင်း စနေသားဖြစ်ပြီး နာမည်က ပက္ခတ်မိနေတာကို သိလိုက်ရပါတယ်။ ကျွန်တော်မွေးပြီး ဖခင်အရာရှိကြီးဟာ အလုပ်ပြုတ်သွားပါတယ်။ ဘ၀ကိုခက်ခဲစွာရုန်းကန်ခဲ့ရပါတ်။ (၁၀)တန်းတောင် မအောင်ပါဘူး။ အသက်၂၃နှစ် လောက်မှာ ဆွေမျိုးတွေဝိုင်းဝန်းပံ့ပိုးလို့ သဘောင်္သားဖြစ်လာပါတယ်။ သင်္ဘောသားဖြစ်ပြီး မကြာခင်မှာ သဘောင်္ကုန်းပတ်ပေါ်မှာ ပင်လယ်လေနဲ့ ထိဖန်များတော့ နဂိုက နီကျင်ကျင်ဖြစ်နေတဲ့ ဆံပင်ဟာ ပိုပြီး နီရဲလာပါတယ်။ အဲဒီမှာ ကျွန်တော်ကို ကျန်တဲ့သဘောင်္ာသားတွေက “ဆန်နီ” လို့နောက်ပြောင်ခေါ်ရင်း ဒီနာမည် တွင်သွားပါတယ်။ အဲဒီက စပြီး ကျွန်တော့်ဘ၀ဟာ ပြောင်းလဲတိုးတက်လာတာ ယနေ့အချိန်ဆိုရင် မတောင့်မတမကြောင့်မကြနေနိုင်တဲ့ ဘ၀ကိုရောက်နေပါပြီ။ “ဆန်နီ” ဆိုတဲ့နာမည်ကို ဆရာ့မဟာဘုတ်ခွင်မှာ ကြည့်လိုက်တော့ သို့က်နဲ့ အထွန်း ကျနေတာ ကိုသွာတွေ့လိုက်ရပါတယ်။ ဒီလို ပက္ခတ်မိနေတဲ့ နာမည်ကနေ သူ့ဟာသူ ပြောင်းသွားတာ နဲ့ ဘ၀ပြောင်းလဲမှုဟာ တိုက်ဆိုင်နေလို့ နာမည်ဟာ ဘ၀ကံကြမ္မာအပေါ် မှာ လွှမ်းမိုးမှုရှိတယ်ဆိုတာ ကိုယ်တွေ့ဖြစ်လို့ ထောက်ခံပါတယ်။
ဆန်နီ
ဆရာရေ –သမီးကတော့ဆရာတို့ပညာကိုနားမလည်ပါဘူး၊ဒါပေမဲ့သမီးနံမည် ဖြူဖြူဝင်းဆိုတာကရော ဘယ်လို ဖြစ်နေတဲ့နံမည်မျိုးလဲ ၊ဆိုးများနေသလားဆိုတာကိုသိချင်တာပါ အားကိုးလျက်
ဆရာ ရေ…..ကျွန်တော်ကတော့ ဗေဒင်ကို ငယ်ငယ်ထဲ က သိပ်မယုံ ကြည့်ဘူး ……
ဒါက ဆရာ့ရဲ့ ပညာနဲ့  အရည်အချင်းကို လေးစားလို့ …ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောတာပါ………….
ဘာပဲဖြစ်ဖြစ်ပေါ့ … ဘုရားဟောနဲ့ နှိုင်းယှဉ်ကြည့်ရင် အားလုံးဟာ အကြောင်းအကျိုး ကြောင့်ပဲလေ…..နာမည်ရယ် ဇာတာ ရယ်လို့ မရှိဘူး အားလုံးဟာ ခန္ဓာ ငါးပါး တွေပဲ..
ကျွန်တော့ ယူဆချက်ကိုပြောတာပါ..ကျွန်တော် အခုမှ အသက် ဆယ့်ကိုးနှစ်ပဲရှိပါသေးတယ်
ငယ်လွန်းပါတယ် ဆရာ အတွေ့ အကြုံမှာလဲ အများကြီး နည်းသေးပါတယ်…
ဆရာ့ကို တောင်းဆိုချင်တာကို ဒီကမ္ဘာ ပျက်မဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဘုရား ရဲ့ တရားတော်နဲ့ ယှဉ်ပြီး ဝေဖန်ပေးစေချင်ပါတယ်…ဆရာ..လေးစားစွာဖြင့်
တစ်ခုကျန်ခဲ့ လို့ ပါဆရာ ကျွန်တော်တို့ လဲ အမွှာပါ …….
သား မောင်ဇံ သို့
ကိုယ့်သားနဲ့ အသက်မတိမ်းမယိမ်းမို့သားလို့ဘဲခေါ်လိုက်ပါတယ်။ ဒီ “နာမည်သည် နောက်ဆုံးအဖြေလော” ဆောင်းပါးနဲ့ ပတ်သတ်ပြီး အကျယ်အကျယ် မငြိမ်းဖွယ်ဆိုတာလို ဖြစ်ရလို့ ဆရာလည်း သိပ်မပြောချင်တော့ဘူး။ ဒါပေမယ့် မပြောချင်ပေမယ့် ပြောရဦးမှာ တစ်ခုကတော့ သားပြောသလို “သတ္တ၀ါမှန်သမျှ ခန္ဓာငါးပါးချည်းသာ” ဆိုတာ “ပရမတ်” နယ်ပယ်အရ မှန်ပေမယ့် “ပညတ်” ကိုတော့ ပယ်လို့မရဘူးကွဲ့။ လူ့လောကထဲမှာနေထိုင်နေသရွေ့ “ပညတ်” ကို လက်ခံထားရမှာဘဲ။ ခန္ဓာငါးပါး အတူတူချည်းပေမယ့် “လူ” လို့သတ်မှတ်ထားရင် “လူ” လို့ဘဲခေါ်လို့ရမယ်။ “ခွေး” လို့ သွားခေါ်လို့မရဘူးလေ။ ဟုတ်တယ်မဟုတ်လား။ လူတစ်ယောက်ကို “ဟေ့လူကြီး” လို့ သွားခေါ်ရင် ဘာမှမဖြစ်ပေမယ့် “ဟေ့ခွေးကြီး” လို့ သွားခေါ်ရင်တော့ . . . စဉ်းစားကြည့်ပေါ့။ ဘာတွေဆက်ဖြစ်မလဲဆိုတာ။
ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်နဲ့ နိဗ္ဗာန်ကို စံဝင်သွားကြတဲ့ သူတော်ကောင်းကြီးတွေဟာ “ပရမတ်သမားစစ်စစ်” တွေ ဖြစ်ကြပေမယ့် “ပညတ်” ကိုတော့ မပယ်ကြပါဘူး။ သား မယုံရင် ဗုဒ္ဓကျမ်းစာတွေကို သေသေချာချာလေ့လာကြည့်ပါ။ “ပညတ်” ဆိုတာ ပယ်လိုက်ရင် ဘုရားလည်းမရှိ၊ မိဘလည်းမရှိ၊ လူလည်းမရှိ၊ တိရိစ္ဆာန်လည်းမရှိ၊ အမေအမေလည်း မရှိ ဖြစ်သွားမှာပေါ့။ အားလုံးကတော့ ခန္ဓာငါးပါးချည်းဘဲလေ။
နောက်ဆုံးပြောချင်တာက “ပညတ်” မှာ “အင်အား” ရှိတယ် သား။ သား အခု လူစည်ကားတဲ့ ဈေးတစ်ခုထဲကို ၀င်သွားပြီး “ရေ . . ရေ . . ရေ . . ” ဆို အော်ပြီး ပြေးသွား ကြည့်ပါလား။ သားကို ထူးထူးဆန်းဆန်း ကြည့်မိကြတာကလွဲပြီး ဘာမှ မဖြစ်နိုင်ပါဘူး။ အဲ- “မီး . . မီး . . မီး ” လို့ အော်ပြီး ပြေးသွားကြည့်ပါလား။ တစ်ဈေးလုံး အုတ်အော် သောင်းတင်း ဖြစ်သွားမှာပေါ့။ ဒါ-စကားလုံးတွေဘဲလေ။ ဒါ-ပညတ်တွေဘဲလေ။ ဒီ ပညတ်တရားတွေရဲ့နောက်မှာ အဓိပ္ပါယ်တွေ အများကြီး ရှိတယ်ဆိုတာ သဘောပေါက်ရ မယ်ကွယ့်။ ပညတ်ဆိုတာဒါဘဲ ငါ့သား။
နောက်ပြီး ကမ္ဘာပျက်မယ့် ကိစ္စကလည်း ဆရာတို့လို့ ဉာဏ်ပညာလေးနဲ့ ဟောကိန်းမထုတ်နိုင်ပါဘူး။ ဒီဆောင်းပါးမှာ ဆရာက “ကောလဟာလတစ်ခု” မှန်/မမှန် ကိုသာ တွက်ပြတာဖြစ်တယ်။ ဒါကို သဘောမပေါက်ကြတာ ၀မ်းနည်းဖို့ကောင်းပါတယ်။ ဘုရားဟောကတော့ ရှင်းရှင်းလေးဘဲလေ။ အခု “ဘဒ္ဒကမ္ဘာ” မှာ ဘုရား (၅)ဆူပွင့်ရမယ်။ အခု (၄)ဆူ ပွင့်ပြီးသွားပြီး။ အရိမေတ္တယျဘုရား မပွင့်သေးဘူး။ ဘုရားငါးဆူပြည့်အောင် ပွင့်ပြီးမှ ကမ္ဘာပျက်မယ်လို့ “ဗုဒ္ဓဘုရားရှင်” အတိအလင်းဟောထားတာဘဲ။ ဒါ ဆရာ့စကား မဟုတ်ဘူးနော်။ ဘုရားစကား။ ဘုရားပြောပြီးသား စကားကို ဆရာအနေနဲ့ ဘာမှ ပြောစရာ ထပ်မရှိတော့ပါဘူးကွယ်။ စိုင်းထီးဆိုင် သီချင်းလို “ယုံချင်ယုံ ၊ မယုံချင်နေ တကယ့် အဖြစ်အပျက်ပါ ဘုရားစူးစေ . . .” လို့ဘဲ သီချင်း အော်ဆိုရတော့မလိုဖြစ်နေပါပြီကွာ။ ဒါပါဘဲနော်။ ကျန်းမာချမ်းသာကြပါစေ။
ဘယ်သူတွေဘာပြောပြော နာမည် ကလည်း နာမည်အကျိုး၊ မွေးခုနှစ်မွေးချိန်တွေအရဖြစ်ပေါ်လာတဲ့
ဇာတာခွင်အနေအထား၊ မဟာဘုတ်အနေထား၊ တရုပ်လိုပဲတွက်တွက် ကုလားလိုပဲချိန်ဆချိန်ဆ၊ ရာသီခွင်နဲ့ပဲ
ကိုက်ကိုက်၊ ဂဏန်းဗေဒင် အရပဲဆိုဆို..အားလုံးကတော့ အတိတ်က ကိုယ်ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံ က ပေးလာမယ့် အသီးအပွင့်အရွက်အခက်တွေကို ဖော်ပြနေကြပါလိမ့်မယ်။ ဒါကို မျက်မှောက်လုပ်ကိုင်တဲ့ ကံအကျိုးတရားတွေနဲ့ပေါင်းစပ်ပြီး အပင်အသီး အမျိုးမျိုး ထပ်ဖြစ်ပေါ်လာကြတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ကိုဗိုလ် ပြောပြတင်ပြသွားတာ
တွေက ကောင်းပါတယ်။ အယူအဆခြင်းထပ်တူကျတာတွေလည်း အများကြီးပါပဲ။ ဒီလိုပဲ မောင်ရမ်းဂမ်းတင်
ပြသွားတာတွေကလည်း ဆီလျော်ညီညွတ်ပါတယ်။ ဂွကျတာက ကျွန်တော်တို့အားလုံးဟာ တစ်စိတ်တစ်ဒေသမျှ သိခြင်းနဲ့ အားလုံးကိုဖြေရှင်းနိုင်ဖို့ မဖြစ်နိုင်သေးတာပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့
အားလုံးဒီ့ထက်မက အားထုတ်သုတေသနပြုဖို့လိုအပ်နေပါသေးတယ်လို့ ယူဆမိပါကြောင်း။
ဆ၇ာ
သမီးနံမည်က yu mon phyo ပါဆ၇ာ သမီးနံမည်က အကောင်းထဲမှာပါလား။အဆိုးထဲမှာပါလားသိချင်ပါတယ်ဆ၇ာ။ဗုဒဓဟူးသမီးပါဆ၇ာ။
အားကိုးလေးစားလျှက်
ကျွန်တော့်နံမည် ကျော်မီုး မ၇ဏဘွားပါ။ ပက္ခတ်မိနေပါသလားဆ၇ာ
ဆရာခင်ဗျား….
ကျွန်တော့ အမည်မှာ ယခင်က ဇေယျာလင်း ဖြစ်ပါသည်။
ပက္ခတ်မိနေခြင်းကြောင့် ဆရာ့ဆီတွင်ပင် အမည်ပြောင်းထားခြင်းဖြစ်ပါသည်။
သို့သော် ၁၀တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသော အမည်မှာ ယခင် ပက္ခတ်မိနေသော
ဇေယျာလင်းပင် ဖြစ်နေသေးသည်။ ပြောင်းလဲရန်မှာလဲ မဖြစ်နိုင်တော့သောကြောင့် စာမေးပွဲဖြေရန် မည်သည့်ယတြာများ ပြုလုပ်သင့်ပါသလဲ ခင်ဗျား…….
ကျွန်တော့ ဇေယျာလင်း ဟူသောအမည်မှာ ယခုနှစ်တွင် ပက္ခတ်မိနေပါသည်။
ကျွန်တော့ မွေးသက္ကရာဇ်မှာ ၂၅.၁.၁၉၈၃ဖြစ်ပါသည်။
အမြန်ဆုံး ပြန်လည်ဖြေကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည် ဆရာခင်ဗျား…..
ဆရာခင်ဗျား
သိချင်တာလေးတခုမေးခွင့်ပြုပါ။ နာမည်ကအရေးပါကြောင်းကိုလက်ခံပါတယ်။
ဒါပေမယ့် နာမည်ပြောင်အမျိုးမျိုး(သူငယ်ချင်းတွေခေါ်တဲ့နံမည်)ရှိတဲ့သူဟာ
မှတ်ပုံတင်နံမည်ကိုပဲအတည်ယူရမလား။(သို့ )အခေါ်များတဲ့နံမည်ကိုပဲ
အတည်ယူရမလား။သိချင်ပါတယ်ဆရာ။
ရိုသေလေးစားစွာဖြင့်
အများခေါ်တဲ့ နာမည်အတိုင်း လက်တွေ့အကျိုးပေးပါတယ်။ မယုံမရှိပါနဲ့။ လူရာပေါင်း များစွာကို သုတေသနပြုပြီးပါပြီ။ မှတ်ပုံတင်နာမည်ကတစ်မျိုး၊ အပြင်ကမှာ လူခေါ်များ တာက တစ်မျိုးဖြစ်နေရင် အပြင်နာမည်အတိုင်း အကျိုးပေးပါတယ်။ သူငယ်ချင်းတွေ နာမည်ပြောင်ခေါ်တာ ဗျုပ္ပတ်(အဓိပ္ပါယ်)မကောင်းရင် ဒီနာမည်က ဒုက္ခပေးတတ်ပါ တယ်။ ဥပမာ-“ပီချေး” “ဖွန်ကြောင်” “ရှပ်ဘဲ” “တွတ်ပီ” စတဲ့ နာမည်ပြောင်တွေဟာ ကိုယ့်ကို ဒုက္ခပေးတတ်လို့ အခေါ်မခံပါနဲ့။ စိတ်ဆိုးသင့်ရင် ဆိုးပြလိုက်ပါ။
ဆ၇ာ.အယူအဆ မှန်ပါတယ် ။ အပြည်.အ၀ ထောက်ခံပါတယ် ။ စောဒကတက်လိုသူတွေကတော. ဘယ်နေ၇ာမှာမဆို ၇ှိကြမှာပါဘဲ ။ နာမည်က အေ၇းမပါပါဘူးဆိုသူတွေကို ဆ၇ာဦးမောင်မောင်သန်း ပြောနေကြစကားလေး ပြောလိုက်ပါ၇စေ ။ နာမည်က ဘ၀မှာအေ၇းမပါဘူးလို.ယူဆ၇င် မောင်သေချင်းဆိုး ၊ မောင်ငနာကောင် ၊ ဒီလိုလေးတွေ မှည်.ကြပါလားလို. အကြံပေးပါ၇စေ ။
သရောဒယ ဆိုတာဘာတုန်း
မိုးဟေမာန်စိမ့် ကြာသာမတေးသမီးပါ နာမည် ကောင်းမကောင်း ဆရာ အကြံပြုပေးပါ
မွေးသက္ကရာဇ် မပါဘဲ နာမည်ကောင်းမကောင်း အတိအကျ စစ်ဆေး မရပါ။ ဒါပေမယ့် နာမည်မှာပါတဲ့ “စိမ့်” ကတော့ အိမ်ထောင်ရေး၊ အချစ်ရေး ရှုတ်ထွေးတတ်ပါတယ်။
ကျွှန်မနန်ုးအေးသန်.ပါ။၁၀.၂.၁၉၈၅ညနေ၅နာ၇ီဖွါး တနင်္ဂနွေသမီးပါ။
နာမည် ကောင်းမကောင်း အချစ်ေ၇း အိမ်ထောင်ေ၇း ကောင်းမကောင်းအကြုံပေးပါ
ကျွန်တော်နာမည်နဲ့ပက်သက်လို့. ကျွန်တော်အကြောင်းလေးနဲနဲပြောပြပါရစေ.
နာမည်က.. လူဘ၀ရဲ့ အကောင်းအဆုံး ကိုသက်ရောက်စေတာ. ကျွန်တော်တော့လုံးဝထောက်ခံပါတယ်ဆရာ..
ဘာလို့လဲဆိုတော.. ကျွန်တော်ငယ်ငယ်တုန်းက အရမ်းချုချာတာ .ဆေးခန်းဆို ခဏခဏပဲ.
အဖေ က ကျွန်တော်နာမည်ကို ‘ထက်ဝေဖြိုး’လို့ ပေးထားခဲ့တာလေ ..နောက်တော့မှ.. သူကိုးကွယ်တဲ့တောင်ကြီးက ဆရာတော်ကြီးတပါးက .. ကျွန်တော်ကိုယောကျာ်းပီသအောင် အညံ့ လွတ်အောင်ဆိုပြီး.” ထွန်းလူမြင့် ” လို့ပြန်ပြီး ပေးခဲ့တာ. ကျွန်တော်ဒီနာမည်ကို အစက မကြိုက်ပါဘူး ကျွန်တော် အဖေပေးခဲ့နာမည်နဲ့ နှိုင်းယှဉ်ရင်ပေါ့ .. ပြီးတော့လဲ ကောင်မလေးတွေကလဲ ကျွန်တော်နာမည်မေးရင် ကျွန်တော်ကို့.သရော်ချင်သလိုနဲ့.. အခုရည်းစားကလဲမထူးပါဘူး.အခုနာမည်ကိုတောဆန်လို့တဲ..ဆိုတော့ ကျွန်တော်လဲ..ဆရာတော်ကိုပဲလွဲချရတာပေါ့.နောက် အမေကလဲပြောသေးတယ် အဲ့ဒီနာမည်နဲ့ဆိုရင်.. ကျွန်တော် က ကြီးလာရင်..အချောက် ဖြစ်မှာတဲ့.. ဒါနဲ့ပဲ ကျွန်တော်မသိလိုပဲ.နေခဲ့တာပါ.
နောက်တော့ အရွယ်ရောက်လာတော့ သတိထားမိတာ တခုက ကျွန်တော်က..အေးဆေးသမား .ဒါပေမယ့်ပြသာနာ ကကျွန်တော်ဆီ မဖတ်ခေါ်ပဲ.လာတတ်တာပါပဲ..ရန်က ခဏဆိုသလို ဖြစ်တယ်..အနိင်ကျင့်လဲ ခံခဲ့ရတာပေါ့..ငယ်ငယ်တည်းကပေါ့.. လွန်ခဲ့တဲ့ ၂နစ် က ပထမဆုံးကျွန်တော်အသက် ၂၃ မှာ ပြန်ဖြစ်တာ အဲ့တော့ ပြောချင်တာက နာမည်က ကျွန်တော်ကိုသိသိသာသာ..ခွန်အင်းတွေ.တခါတလေ .ပေးနေသလို..ပြသနာလဲဝင်ပါတယ်.ဒေါသကလဲ.ထိန်းမရတခါတလေ..ဒီတော့ဆရာကိုလည်းလေးစားစွာ.
မေးလိုရ့ရင်မေးချင်ပါတယ်.. ကျွန်တော် နာမည်က အဲလိုမျိုးတွေမှာ. ပိုသက်ရောက်နေပါသလားလို့..
မွေး၇က်- ၂၄ ၁၀ ၈၇
ဆရာရှင့် သမီးတူမလေးကို နာမည်ပေးတော့ ဗေဒင်ဆရာက ရွှေစင်ထိပ်ထားဆိုပြီးပေးပါတယ်
သမီးတူမလေးက အင်္ဂါသမီးပါ
သမီးတို့လည်း အဲ့နာမည်ကို မကြိုက်တော့ ကင်ပွန်းတပ်လုပ်တော့ ဆုနှင်းဝေ ဆိုပြီးလုပ်ပါတယ်
ကျောင်းအပ်တော့ သမီးက အဲ့နာမည်မကြိုက်တော့ တူမလေးအဖေရဲ့ အိမ်နာမည်ပါအောင်
ဇင်ဇင်ဇော်လတ် လို့ ပေးလိုက်ပါတယ်
အခု အဲ့ဒီနာမည်က တူမလေးအတွက် အကျိုးပေးမပေးကိုလည်း သိချင်ပါတယ်ဆရာ
ကျွန်တော်ကတော့ဘာပညာရှင်မှမဟုတ်ဘူး။နံမည်ပြောင်းထားတဲ့သူတစ်ယောက်ပါ။ဆရာဗိုလ်
ရဲ့နံမည်ကိုထည့်စဉ်းစားသင့်တယ်ဆိုတာထောက်ခံတယ်ဗျာ။အရင်အမည်နဲ့ဟောသမျှဗေဒင်အား
လုံးတစ်ခုမှမမှန်သေးပါ။ဆရာဗိုလ်လား။တပည့်ဟောတာလားတော့မသိဘူးခုထိရာထူးမတက်ဘူး
၂၀၁၂ထဲတောင်ဝင်သွားပြီ။မှတ်ပုံတင်ပြောင်းပြီးညွှန်ချုပ်ကခုထိလက်မှတ်မထိုးသေးလို့။နံမည်သစ်တွင်ရင်တော့မသိဘူး။ထောက်ခံတာကိုရေးတာနော်။
ဆရာရှင့် ကျွန်မ ညီမလေး နာမည်က အိမ်နာမည်က အိမ့်အိမ့်ပါ။ ကျောင်းနာမည်က သက်နှင်းအိမ် ပါ။ ဒါပေမဲ့ မေးနေကျ ဗေဒင်ဆရာက ညီမလေးရဲ့ နာမည်ကို ခိုက်တယ်လို့ ပြောပါတယ်ရှင်။ ညီမလေးရဲ့ ကျန်းမာရေးကလည်း ချူချာတယ်လေ။ အဲဒါကြောင့် နာမည်ပြောင်းချင်လို့ပါဆရာ။ ကျေးဇူးပြုပြီး ကူညီပေးပါဆရာ။ ကျေးဇူးတင်ပါတယ်။
ကျွန်မ ညီမလေးက ၁၉၉၉နှစ်ဖွား ၁လပိုင်း ၁၀ရက်၊ တနင်္ဂနွေနေ့မနက် အာရုဏ်ဦးချိန်တွင် မွေးဖွားခဲ့တဲ့ သူပါ။ ဆရာ တတ်နိုင်သလောက်ကူညီပေးပါရှင်။ ဆရာရဲ့ ပြန်စာကို စောင့်မျှော်နေမှာပါဆရာရှင့်။
ဆရာကျမနာမည်အပြည့်အစုံက ခက်ခက်ထွန်းပါ မွေးနေ့ကတော့ ၁၁ရက် ၃လ ၁၉၈၅ခုနှစ် တနလာင်္သမီးပါ. နာမည်ကတော့မကောင်းတာတော့သေချာပါတယ် ဘယ်လိုနာမည်လေးများပြောင်းရင်ကောင်းမလဲဆိုတာသိချင်ပါတယ်ဆရာ