.

ကျွန်ုပ်သည် ဘလော့ဂ်နှင့် ကင်းကွာနေသည်မှာ အတော်ကြာခဲ့လေပြီ။ ပို့စ် အသစ်များကိုလည်း မတင်နိုင် သည်မှာ ကြာလှပြီဖြစ်၍ ကျွန်ုပ် ဘလော့အား ပုံမှန် ၀င်ရောက် ဖတ်ရှုကြသူများကိုလည်း အားနာလှပါချေပြီ။ ကျွန်ုပ် ခရီးထွက်ရာမှ ပြန်ရောက်သည်ကြားသည်နှင့် ကိုသိန်းဖေလည်း အလျှင်အမြန် ရောက်ချ လာလေတော့ သည်။

ကိုသိန်းဖေ။ ။ ဘယ်နှယ့်လဲ ဆရာ။ ရိပ်သာ တစ်လလောက်ဝင်မယ်ဆိုပြီး အခု (၁၀)ရက်နဲ့ ပြန်ရောက်လာ သလား။ အိမ်လွမ်းတယ် ထင်ပါ့ဗျာ။

ကျွန်ုပ်။ ။ အေးဗျာ။ ပြောတော့ ကိုသိန်းဖေ ရေ။ ဖြစ်ပုံတော့ မပြောချင်ပါဘူး။ တရားအားထုတ်နေရင်း ကျန်းမာရေး ချို့ယွင်းလာလို့ (၁၀)ရက်နဲ့ဘဲ စခန်း သိမ်းခဲ့ ရတယ်ဗျာ။

ကိုသိန်းဖေ။ ။ သြော်- ဟုတ်လား။ သိပါဘူးဗျာ။ ကျွန်တော်က အိမ်လွမ်းလို့များ ချက်ခြင်း ပြန်လာသလားလို့။

ကျွန်ုပ်။ ။ အိမ် သံယောဇဉ်က ဒီလောက်မဟုတ်ပါဘူးဗျာ။ တကယ်တော့ အလုပ် သံယောဇဉ်က ပိုများတယ်။ ပြီးတော့ အခုလုပ်ထားတဲ့ ဘလော့ရဲ့ သံယောဇဉ် ကလည်း မနည်းပေဘူးဗျ။ ဒီသံယောဇဉ် တွေကို မဖြတ်နိုင်သရွေ့တော့ သံသရာက ရှည်ဦးတော့မှာဘဲပေါ့ဗျာ။

ကိုသိန်းဖေ။ ။ ဟုတ်ပါပြီဗျာ။ ကဲ-ဆရာ ရေ။ ကျွန်တော်တို့ တနင်္ဂနွေ စကားဝိုင်းလေးကိုလည်း မျှော်တဲ့သူတွေ မျှော်နေကြလောက်ပြီ။ စ, လိုက်ကြအောင်လားဗျာ။ ဒီတစ်ပတ်ကတော့ (7)ဂဏန်းသမားတွေရဲ့ အလှည့်မဟုတ်လားဗျာ။

ကျွန်ုပ်။ ။ ဟုတ်ပါတယ်ဗျာ။ (7)ဂဏန်းရဲ့ ထူးခြားဆန်းကြယ်မှုလေးတွေနဲ့ စ,လိုက်ကြရအောင်လားဗျာ။ ကိုသိန်းဖေရေ – (7)ဂဏန်းဟာ ဂရိလူမျိုးတွေရဲ့ ဒဏ္ဍာရီမှာ “ပိုဆီဒွန်” (Posiedon) လို့ခေါ်တဲ့ ပင်လယ်နတ်ဘုရားရဲ့ အမှတ်အသား ဂဏန်းဘဲဗျ။ ဂရိတွေက “ပိုဆီဒွန်” ခေါ်ကြတဲ့ နတ်ဘုရားကို ရောမလူမျိုးတွေက “နက်ပကျွန်း” လို့ ခေါ်ဝေါ် ကြပြန်သဗျ။ ပိုဆီဒွန်နတ်ဘုရားဟာ ပင်လယ်သမုဒ္ဒရာကို ပိုင်စိုးတဲ့ နတ်ဖြစ်တယ်လို့ ယူဆကြပြီး၊ သူဟာ “ပင်လယ်မုန်တိုင်း” “ငလျှင်” နဲ့ “မြင်း” တွေကို ပိုင်စိုးတယ်လို့ ယူဆကြတယ်ဗျ။ ရှေးအခါတုန်း ကတော့ ပင်လယ် မုန်တိုင်းတွေ နဲ့ ငလျှင်လှုပ်ခြင်း တွေဟာ ပိုဆီဒွန် နတ်ဘုရား အမျက်ဒေါသထွက်လို့ဖြစ်ရတာလို့ ယူဆကြတယ်ဗျ။

ကိုသိန်းဖေ။ ။ ဟိုရှေးအခါကတော့ လူတွေဟာ သဘာဝတရားကြီးအကြောင်းကို သိပ်နားမလည်ကြတော့ မီးတောင် ပေါက်ကွဲတာတွေ၊ ငလျှင်လှုပ်တာတွေ၊ မုန်တိုင်းကျတာ တွေဟာ နတ်ဘုရားတွေ စိတ်ဆိုးအမျက်ထွက်ကြတာလို့ဘဲ ယူဆခဲ့ကြတယ်လို့ ကျွန်တော်ကြားဘူးတယ်။ ဒါကြောင့် နတ်ဘုရားတွေ စိတ်ဆိုးပြေအောင် ယဇ်ပူဇော်မှုတွေ ပေါ်ပေါက် လာရတာမဟုတ်လား။

ကျွန်ုပ်။ ။ ဘာဘဲဖြစ်ဖြစ် – ဒီ နတ်ဘုရားဒဏ္ဍာရီတွေကိုတော့ အိပ်ရာဝင် ပုံပြင်မျိုးထက် လူမျိုးတစ်မျိုးရဲ့ သမိုင်းအမွေအနှစ်အဖြစ် ဆက်လက် ထိန်းသိမ်းထားသင့်တယ်လို့တော့ ယူဆမိတယ်ဗျာ။ ယုတ္တိရှိတာမရှိတာထက် သမိုင်းရဲ့ တန်ဖိုးက ပိုမိုကြီးမားတယ်မဟုတ်လား။ ကဲ- ကိုသိန်းဖေရေ၊ ဆက်ကြရအောင်ဗျာ။ (7)ဂဏန်းရဲ့ထူးခြားချက်တွေကတော့ ရက်သတ္တပါတ်တစ်ခုမှာ နေ့(၇)နေ့ရှိတာရယ်၊ လ,ဟာ (၇)ရက်တစ်ကြိမ် လဆန်းခြင်း၊ လဆုတ်ခြင်းဆိုတဲ့ ပုံမှန်စက်ဝန်း အတိုင်းလည်ပတ်နေတာရယ်၊ လူ့ကိုယ်ခန္ဓာမှာ ဒွါယ (၉)ပေါက်ရှိတဲ့အနက် (၇)ပေါက်ဟာ မြင့်မြတ်တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း ဖြစ်တဲ့ ဦးခေါင်းမှာဘဲ ရှိနေတာရယ်၊ ဂီတသီချင်းမှန်သမျှ “ဒို၊ ရေ၊ မီ၊ ဖာ၊ ဆို၊ လာ၊ တီ” ဆိုတဲ့ သံစဉ် (၇) ပါးနဲ့ ဖွဲ့စည်းထားတာရယ်၊ သက်တန့်မှာ ရောင်စဉ် (၇)ပါးနဲ့ ဖွဲ့စည်းထားတာရယ်၊ ကမ္ဘာရဲ့ မြင့်မြတ်တဲ့နေရာတွေ အများကြီး ရှိတဲ့အထဲမှာ အံ့ဘွယ်နေရာဌာနတွေကို (၇)ပါး၊ (၇)နေရာ အဖြစ် သတ်မှတ်ထားတာတွေဟာ (7)ဂဏန်းရဲ့ ထူးခြားချက်တွေ ပေါ့ဗျာ။

ကိုသိန်းဖေ။ ။ ကျွန်တော်ကြားဘူးတာတစ်ခုက ကလေးတွေဟာ လ,မစေ့ဘဲ မွေးတဲ့အခါမှာ (8)လ,ထဲမှာဆိုရင် အသက်မရှင်ဘဲ (7)လ,ထဲမှာ ဆိုရင် အသက်ရှင်တယ် ဆိုတာ ကော ဟုတ်လားဗျ။

ကျွန်ုပ်။ ။ ဒါလည်း ဟုတ်တယ်ဗျ။ (8)ဂဏန်းဟာ စနေဂြိုဟ်ရဲ့ အမှတ်အသားဖြစ်လို့လားမသိဘူး။ လ,မစေ့ဘဲ မွေးတဲ့ကလေးတွေဟာ (8)လထဲမှာ အသက်ရှင်ခဲပြီး (7)လ,ထဲမှာ မွေးရင်တော့ အသက်ရှင်ကြတယ်ဗျ။ ဒါဟာ (7)ဂဏန်း ဟာ ရှင်သန်ခြင်း အမှတ်အသားကို ကိုယ်စားပြုတဲ့ လက္ခဏာဘဲဗျ။ သင်္ချာဗေဒ ပညာရှင်တွေကတော့ နက်ပကျွန်းဂြိုဟ်ကို ရှာဖွေတွေ့ရှိတဲ့ (1846) ခုနှစ် မတိုင်မှီအထိ (7)ဂဏန်းကို တနင်္လာဂြိုဟ်(လမင်း)ရဲ့ စိုးမိုးမှုအောက်မှာ ထားရှိခဲ့ကြတယ်ဗျ။ (2)ဂဏန်းကို တနင်္လာ အမဓာတ် (-) လို့ သတ်မှတ်ပြီး (7)ဂဏန်းကိုတော့ တနင်္လာအဖိုဓာတ်(+)လို့ သတ်မှတ်ထားရှိ ခဲ့ကြတယ်။ (1846)ခုနှစ်မှာ နက္ခတ်ပညာရှင်(၃)ဦးအဖွဲ့က နက်ပကျွန်း ဂြိုဟ်ကြီးကို ရှာဖွေတွေ့ ရှိပြီးတဲ့နောက်မှာတော့ သင်္ချာဗေဒပညာရှင်တွေက (7)ဂဏန်းကို နက်ပကျွန်းဂြိုဟ်ရဲ့ စိုးမိုးမှုအောက်ကို သွတ်သွင်းလိုက်ကြပြီး ရာသီခွင်မှာတော့ ယခင် ကြာသတေးဂြိုဟ်ပိုင်ခဲ့ တဲ့ “မိန်ရာသီ” ကို အပိုင်စားပေးလိုက် ကြတယ်ဗျ။

ကိုသိန်းဖေ။ ။ မိန်ရာသီဟာ ပင်လယ်သမုဒ္ဒရာတွေကို စိုးမိုးတဲ့ရာသီဖြစ်လို့ (7)ဂဏန်းကို မိန်ရာသီကို အပိုင်စားပေးလိုက်တာ သဘာဝကျပါတယ်ဗျာ။ ကဲ ဆက်လုပ်ပါဦးဗျာ။ (7)ဂဏန်းသမားတွေရဲ့ စရိုက်လက္ခဏာတွေ။

ကျွန်ုပ်။ ။(7)ဂဏန်းဟာ တနင်္လာဂြိုဟ်ပိုင်တဲ့ (2)ဂဏန်းနဲ့ ဆင်တူတဲ့ အချက်တွေရှိတယ်ဗျ။ အဲဒါက (7)ဂဏန်း သမားတွေဟာ (2)ဂဏန်းသမားတွေလိုဘဲ စိတ်ကူးဉာဏ် ကွန့်မြူးမှု အားကောင်း ကြတယ်ဗျ။ တီထွင်ဖန်တီးတတ်တဲ့ ဦးနှောက်မျိုးရှိတယ်။ တွေးခေါ်မျှော်မြင်မှု အားကောင်းတယ်။ အနာဂါတ်ကို ခန့်မှန်းနိုင်စွမ်းရှိတယ်။ မိသားစုဘ၀ကို မြတ်နိုးပြီး အကောင်းမြင် ၀ါဒလည်း ရှိကြတယ်ဗျ။ (2)ဂဏန်းသမားတွေထက် သာတဲ့အချက်က စိတ်ကူး စိတ်သန်း တွေကို အကောင်အထည်ဖော်တဲ့နေရာမှ (2)ဂဏန်းသမားက နှောင့်နှေးပြီး လေထဲအိမ် ဆောက်ကြတာ ပိုများတယ်။ (7)ဂဏန်း သမားတွေကတော့ မြန်မြန် ဆန်ဆန် အကောင်အထည်ဖော်ထက်တယ်ဗျို့။ နောက်ပြီး မဆုတ်မနစ် လုပ်ကိုင် တတ်တဲ့ နေရာမှာလည်း (2)ဂဏန်းသမားထက် သာတယ်။ အဲဒီတော့ သူတို့ရဲ့ စရိုက်လက္ခဏာ လေးတွေ ချရေးကြည့်ရအောင်ဗျာ။

= (7)ဂဏန်းသမားတွေဟာ အကောင်းမြင်ဝါဒရှိတယ်။ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ နေထိုင်တတ်ကြတယ်။ သွက်လက်ဖြတ်လတ်ကြပြီး အကင်းပါး ကြတယ်။ ဉာဏ်ပညာလည်း ထက်မြက်ကြတာများတယ်ဗျ။ အလုပ်ကို မနားမနေ လုပ်တတ်ကြတယ်။ ထူးခြားဆန်းကြယ်တဲ့ ပညာရပ်တွေအပေါ်မှာ စိတ်ဝင်စားတတ်ပြီး သင်ယူလိုစိတ် ပြင်းပြတတ်ကြ တယ်။ သိပ္ပံပညာရော၊ ၀ိဇ္ဇာပညာမှာပါ ထူးချွန်တတ်ကြတယ်။

= (7)ဂဏန်းသမားတွေဟာ များသောအားဖြင့် ရုပ်ရည် ချောမောသန့်ပြန့်ကြတာ များတယ်ဗျ ။ ဒါပေမယ့် ရုပ်ချော သည်ဖြစ်စေ၊ မချောသည်ဖြစ်စေ သူတို့ဟာ ဆန့်ကျင်ဘက် လိင်တွေကို ဆွဲဆောင်နိုင်စွမ်းရှိတယ်ဗျ။ ဆန့်ကျင်ဘက် လိင်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး ရရှိတတ်ကြတယ်။

= (7)ဂဏန်းသမားတွေဟာ များသောအားဖြင့် သဘောကောင်း၊ မနောကောင်းသူတွေဖြစ်ကြပေမယ့် သူတို့ စိတ်ဆိုး ဒေါသထွက်မိရင် ကြောက်စရာ ကောင်းလောက်အောင် စိတ်ကြီးတတ်ကြတယ်ဗျ။ အဲဒီနေရာမှာ သူတို့ရဲ့ စိတ်သဘာဝဟာ ပင်လယ်ပြင်ကြီးနဲ့ သွားတူနေတယ်။ ပင်လယ်ပြင်ကြီးဟာ သာမန် အချိန်မှာ ကြည့်လိုက်ရုံနဲ့ ကြည်နူးဖွယ်ရာ ကောင်းသလောက် မုန်တိုင်းကျလှိုင်းထန်လာတဲ့ အခါမှာ ကြောက်စရာကောင်းသလိုပေါ့ဗျာ။

= သူတို့ဟာ လုံးဝသဘောကောင်းတဲ့ လူမျိုးတွေလို့တော့ သတ်မှတ်မရဘူးဗျ။ များသောအားဖြင့် (7)ဂဏန်းသမားတွေဟာ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဆိုတဲ့ လူစားမျိုး တွေလို့ပြောလို့ရမယ်ထင်တယ်။ သူတို့ကို ဒုက္ခမပေးသရွေ့တော့ လူကောင်းတွေပါဘဲ။ သူတို့ကို စိတ်ဆိုးအောင် လုပ်ရင်တော့ ပြန်ပြီး “အိုးရွဲ့ကို စလောင်းရွဲ့နဲ့ ဖုံးမယ်” ဆိုတဲ့ သဘောထားမျိုးတွေ ရှိတတ်တယ်။ “မာလျှင် သံချောင်း၊ ပျော့လျှင် ဖယောင်း” ဆိုတဲ့ စကားပုံနဲ့လည်း သူတို့စရိုက်ဟာ နီးစပ်ပြန်ပါတယ်။

= (7)ဂဏန်းသမားတွေဟာ ရုပ်ဝါဒီမဆန်ဘဲ နာမ်ဝါဒီဘက်ကို ကိုင်းညွတ်မှု ပိုများတယ်ဗျ။ ဘာသာတရားနဲ့ ရှေးရိုးအစဉ်အလာတွေကို ယုံကြည်လေးစား လိုက်နာကြတယ်။ သဘာဝတရားကြီးရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို သိရှိစိတ် ပြင်းပြကြတယ်။ သူတို့ဟာ နာမ်လောကကို ယုံကြည်ကြသူများပြီး ဂမ္ဘီရ ပညာရပ်တွေဖြစ်တဲ့ နက္ခတ်ဗေဒင်ပညာ၊ ဆေးဝါး၊ အင်းအိုင်၊ ဂါထာ၊ အဂ္ဂိရတ်ပညာတွေ၊ စိတ်နယ်လွန်ပညာတွေ၊ သဘာဝကုထုံး၊ စိတ်ကုထုံးတွေအပေါ်မှာ ယုံကြည်တတ်ကြ သူများဖြစ်တယ်။

= (7)ဂဏန်းသမားအတော်များများဟာ နာမ်လောကနဲ့ ဆက်သွယ်မှု ရှိတတ်ကြတယ်ဗျ။ ဒါကြောင့် သူတို့ဟာ ဘ၀မှာ ထူးဆန်းတဲ့ အိပ်မက်မျိုးတွေ မက်တာတို့၊ ရှေးပြေးနိမိတ် ဖြစ်တဲ့ အိပ်မက်မျိုးမက်တာတို့ ၊ သိုက်လောကနဲ့ ဆက်သွယ်မှု ရှိတာတို့၊ တစ်ခုခုဖြစ်မှာကို ကြိုသိတတ်တဲ့ စိတ်စွမ်းအားမျိုး ရှိတာတို့ကို တွေ့ရတတ်တယ်။ တစ်ခါတစ်ရံမှာ ကိုယ် အခုလောလောဆယ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုဟာ အရင်တစ်ခါဖြစ်ဘူးခဲ့သလိုမျိုး ခံစားရ တတ်တာတွေ ရှိတတ် တယ်။

= သူတို့ကိုယ်တိုင် ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ကျွန်တော်ယုံကြည်တာ တစ်ခုက (7)ဂဏန်းသမားတွေမှာ သူတို့ကို စောင့်ရှောက်နေတဲ့ နာမ်လောကက ပုဂ္ဂိုလ် (သို့) စွမ်းအားလို အရာမျိုး ရှိတယ်ဗျ။ ဒါက ကျွန်တော် လေ့လာ တွေ့ရှိချက်ပါ။ ယုံတာမယုံတာကတော့ စာဖတ်သူရဲ့ သဘောပါ။ အဲဒီ ပုဂ္ဂိုလ် (သို့) စွမ်းအားဟာ သူတို့ကို အတိုင်းအတာ တစ်ခုအထိ စောင့်ရှောက်ပေးမှုရှိတယ်လို့ ကျွန်တော်ယုံကြည်တယ်ဗျ။

= (7)ဂဏန်းသမားတွေဟာ ငွေကြေးဓနဥစ္စာထက် ပညာကို ပိုပြီးတန်ဖိုးထားတတ်သူများဖြစ်တတ်ကြတယ်။ စီးပွားရေး သမားဖြစ်လျှင်သော်မှ ငွေနောက်ကို တစ်ကောက်ကောက် လိုက်နေသူတွေမဟုတ်ဘဲ အတတ်ပညာ၊ အသိပညာကို ပိုမိုလိုလားတတ်ကြတယ်။ သူတို့ဟာ အရာရာကို သိချင်တတ်ချင် စူးစမ်း လေ့လာနေချင်ကြသူများ ဖြစ်တတ်ကြတယ်။ သူတို့ဟာ ဂမ္ဘီရပညာတွေမှာသာမဟုတ်ဘဲ သိပ္ပံပညာရပ်တွေမှာလည်း ထူးချွန်ပြောင်မြောက် တတ်သူတွေ ဖြစ်ကြတယ်။

= သူတို့ဟာ ခရီးသွားခြင်း၊ အသစ်အဆန်းရှာဖွေခြင်းတို့ကို ခုံမင်တတ်ကြတာမို့ မိမိမွေးရပ်မြေမှာ မနေတတ်ကြဘဲ ရေခြား၊ မြေခြား၊ တိုင်းတပါးတွေကို ရောက်လွယ်၊ ထွက်လွယ် တတ်ကြသူများဖြစ်ကြတယ်။

= (7)ဂဏန်းသမားအတော်များများဟာ (အားလုံးကို မဆိုလိုပါ) ငယ်စဉ်ဘ၀မှာ ခက်ခဲကြမ်းတမ်းတဲ့ ဘ၀မျိုးကို ဖြတ်သန်း ခဲ့ကြရသူတွေများတယ်ဗျ။ ဒါပေမယ့် ဒုတိယအရွယ်နဲ့ တတိယအရွယ်မှာတော့ ကောင်းစားတတ်ကြတယ်။

= ဘ၀ အနိမ့်အမြင့်အတက်အကျနည်းတတ်တယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက တစ်ချို့ (7)ဂဏန်းမွေးဖွားသူတွေဟာ လိင်စိတ်ဆန္ဒ အလွန်ပြင်းထန်တတ်ပြီး ကာမဂုဏ် လိုက်စားမှု လွန်ကဲတာကြောင့် နာမည်ဂုဏ်သိက္ခာကျဆင်းပြီး တတိယ အရွယ်မှာ အိုဇာတာပါ နိမ့်ပါးသွားတတ်တာ ကိုလည်း သတိထားမိပါတယ်။ အထူးသဖြင့် (25)ရက်မွေးတဲ့ (7)ဂဏန်းသမား တွေ သတိထားရပါမယ်။

= သူတို့ဟာ သဘာဝတရားကြီးရဲ့ လျှို့ဝှက်မှုတွေ၊ လူသားတွေရဲ့ လျှို့ဝှက်မှုတွေကို ဖော်ထုတ်ချင်တတ်ကြတဲ့ “စုံထောက်ဉာဏ်” ရှိသူများဖြစ်ပြီး သဲထိတ် ရင်ဖို လုပ်ကိုင်ရမယ့် အလုပ်တွေကို ၀ါသနာခုံမင်တတ်ကြတယ်။ ကမ္ဘာကျော် ဂျိမ်းစ်ဘွန်း မင်းသားတွေ ဖြစ်ကြတဲ့ “ရှောင်ကွန်နရီ” နဲ့ “ပီးယားစ် ဘရော့စ်နန်” တို့ဟာ (7)ဂဏန်း မွေးဖွားသူတွေ ဖြစ်ပြီး သူတို့ရဲ့ ကိုယ်ပိုင်နံပါတ်ဟာလည်း (007) ခေါ်တဲ့ (7)ဂဏန်းဘဲဖြစ်နေတာကို တိုက်ဆိုင်စွာ တွေ့ရပါလိမ့်မယ်။

= (7)ဂဏန်းသမားတွေဟာ စိတ်ကူးစိတ်သန်းကောင်းခြင်း၊ အတွေးအခေါ်မြင့်မားခြင်း၊ တီထွင်ဖန်တီးတတ်ခြင်း၊ ဇွဲကောင်းခြင်းများနဲ့ ပြည့်စုံ တတ်သော် လည်း စည်းကမ်းစနစ် ကျနကျသူများ မဟုတ်ဘဲ ကပျစ်ကညစ် နေတတ်ကြသူက များပါတယ်။ သူတို့ဟာ လုပ်ငန်းတစ်ခုကို အောင်မြင်အောင် စွမ်းဆောင် နိုင်သူများ ဖြစ်ကောင်းဖြစ်ကြပေမယ့် ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းလိုစိတ်နည်းပါးကြသူများဖြစ်တယ်။ တစ်ခုအောင်မြင်သွားရင် နောက်တစ်ခုကို ခြေလှမ်းပြင် နေတတ်ကြသူများဖြစ်တတ်ကြတယ်။ သူတို့ အလုပ် လုပ်သွားတာကို ပုံခိုင်းရရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေတတ်တယ်။ စီးပွားရေးသမားဆိုရင်လည်း ငွေရှာကောင်းပေမယ့် အဖတ်တင်အောင် မစုဆောင်း နိုင်ကြသူ က များပါတယ်။ ဒါဟာ (7)ဂဏန်းသမားတွေ သတိပြုရမယ့် အချက်ပါ။ ကဲ- ကိုသိန်းဖေရေ။ ဒါဆို (7)ဂဏန်းသမားများ အကြောင်း တစေ့တစောင်းလေး တော်တော်ပြည့်စုံသွား ပြီ ထင်ပါရဲ့။

ကိုသိန်းဖေ။ ။ သီးခြား Character တွေကိုလည်း ပြောပြဦးလေ ဆရာရဲ့။

ကျွန်ုပ်။ ။ သြော်- ဟုတ်ပါရဲ့။ သူတို့မှာလည်း သီးခြားဂုဏ်အင်လေးတွေ ရှိတယ်ဗျ။ (7)ရက်နေ့မှာမွေးတဲ့ “ထီးတည်း” (7)သမားတွေဟာ စွန့်စားလိုစိတ်၊ တီထွင် လိုစိတ် ပြင်းပြ သူတွေဖြစ်ပြီး ရဲရင့်တဲ့ စိတ်ထားလည်း ရှိကြတယ်ဗျ။ အလုပ်ကို မနားမနေလုပ်တတ်ပြီး အမြဲသွက်လက် ဖြတ်လတ်နေကြသူများလည်း ဖြစ်ကြတယ်။ အသစ်အဆန်းကို ရှာဖွေလို တယ်။ စစ်သွေးစစ်မာန်ရှိပြီး ဘ၀တက်လမ်းအတွက် တိုက်ခိုက်ရမယ်၊ ပေးဆပ်ရမယ်ဆိုရင်လည်း ၀န်မလေး ကြသူများဖြစ်တယ်။ ခရီးသွားလာမှုကို ခုံမင်ပြီး မရောက်ဘူးသေးတဲ့ နေရာမှန်သမျှ သွားလာလိုကြသူများဖြစ်ကြတယ်။

(16)ရက်နေ့မှာမွေးတဲ့ (7)ဂဏန်းသမားများကျတော့ (7) ဂဏန်း (၃)ခုထဲမှာ အကဲခတ်ရ ပိုပြီး ခက်တတ်တယ်။ သူတို့ဟာ အပြင်ပန်းကြည့်ရင် ပျော့ပြောင်း နူးညံ့သူများလို့ ထင်ရပေမယ့် လိုအပ်လာရင် ကြမ်းတမ်းခက်ထန်ဖို့ ၀န်မလေး ကြသူများ ဖြစ်တယ်။ “ပျော့လျှင်ဖယောင်း၊ မာလျှင် သံချောင်း” ဆိုတာ (16)ရက် ဖွားတွေနဲ့ ပိုပြီး နီးစပ်မှုရှိတယ်။ ဂမ္ဘီရလောက၊ စိတ်နယ်လွန်လောကတွေနဲ့ ဆက်စပ် ပတ်သက်မှုများ ရှိတတ်တယ်။ သူတို့ အိပ်မက်တွေဟာ အနာဂါတ်မှာ ဖြစ်လာမယ့် နိမိတ်တွေ ဖြစ်နေတတ်တယ်။

(25)ရက်နေ့မှာ မွေးတဲ့ (7)ဂဏန်းသမားတွေကျတော့ စွမ်းအား အထက်မြက်ဆုံးလို့ ပြောနိုင်ပါတယ်။ လူချစ်လူခင် များတတ်ပြီး လူထုကို စည်းရုံး ဆွဲဆောင် နိုင်တဲ့ အရည်အသွေးတွေ ရှိတတ်တယ်။ ဆန့်ကျင်ဘက် လိင်တွေအပေါ်မှာ အလွန် ဆွဲဆောင်နိုင်စွမ်း ရှိတတ်တယ်။ တစ်ချို့ (25)ရက်ဖွားများဟာ မြာသိပ်ပြီး ပွေတတ်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း လူဘုန်းကြီးလို့ ခေါ်ရလောက်အောင် သိက္ခာသမာဓိကြီးမားကြပြန်ပါတယ်။ (ဒါကတော့ သူတို့ ဘယ်ရာသီဖွားလဲ ဆိုတာ အပေါ်မှာတည်ပါတယ်)။ သူတို့ဟာ Current of Destiny မကောင်းရင် မတော်တဆထိခိုက်ခြင်း၊ ခွဲစိတ်ကုသခံရခြင်း၊ ကိုယ်အင်္ဂါ ချို့ယွင်းခြင်း၊ ဥပစ္ဆေဒကကံဖြင့် သေဆုံးခြင်း၊ အိုဇာတာ ညံ့ခြင်းများ ဖြစ်တတ်ပါတယ်။ လိင်ကိစ္စကြောင့် ဘ၀ပျက် ရသူတွေထဲမှာ (25)ရက်ဖွားတွေ အများဆုံး မို့ သတိပြုဆင်ခြင်ကြပါလို့ ပြောချင်ပါတယ်ဗျာ။

ကိုသိန်းဖေ။ ။ အင်း- ဆင်ခြင်သင့်တဲ့ ကိစ္စပေါ့ဗျာ။ သူနဲ့ တည့်တဲ့ဂဏန်း , မတည့်တဲ့  ဂဏန်းတွေကကော ဆရာ။

ကျွန်ုပ်။ ။(4)ဂဏန်းဟာ (8)ဂဏန်း နဲ့ ကမ္ဘာရန်ဖြစ်သလို (7)ဂဏန်းဟာလည်း (9)ဂဏန်းနဲ့ လုံးဝမတည့်ဘူးဗျ။ သူတို့နှစ် တွေ့မိရင် ပြဿနာကြီး တွေဖြစ်တတ်တယ်။ (7)ဂဏန်းဟာ (1)ဂဏန်း၊ (2)ဂဏန်း၊ (5)ဂဏန်း၊ (7)ဂဏန်း တွေနဲ့တော့ တကယ့် မိတ်ဘက် အစစ်ဘဲဗျ။ သူဟာ (4)ဂဏန်းသမား၊ (8)ဂဏန်းသမားတွေနဲ့လည်း သိပ်မတည့် ပြန်ဘူး။ (3)ဂဏန်း (6)ဂဏန်းသမားတွေနဲ့ကျတော့ မိတ်လည်းမမည်၊ ရန်လည်း မမည်တဲ့ “ဥဒါသိန်” လို့ခေါ်တဲ့ ဂဏန်းတွေ ဖြစ်ပြန်တယ်ဗျ။

ကိုသိန်းဖေ။ ။ ကဲ ဆရာရေ။ နောက်ဆုံး အဆုံးသတ်အနေနဲ့ ထင်ပေါ်ကျော်ကြားတဲ့ (7)ဂဏန်းသမားတွေကိုလည်း ပြောပြပါဦးဗျာ။

ကျွန်ုပ်။ ။ ထင်ပေါ်ကျော်ကြားတဲ့ (7)ဂဏန်းသမားတွေကတော့- အမေရိကန် မီလျံနာကြီး ဂျွန်ပီးယားပွန့်မော်ဂန် က (7)ရက်ဖွား၊ နာဇီဝါဒဖြန့်ချိရေးမှူး ဟင်းမလား က (7)ရက်ဖွား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တည်ထောင်ခဲ့သူ ခေါင်းဆောင်ကြီး အလီဂျင်းနား က (25)ရက်ဖွား၊ သိပ္ပံပညာနက္ခတ်ပညာစွယ်စုံရ ပညာရှင် ဆာအိုက်ဇက်နယူတန် က (25)ရက်ဖွား၊ စာရေးဆရာကြီး ဂျော့အော်ဝယ် က (25)ရက်ဖွား၊ အစ္စရေးနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီး ဒေးဗဒ် ဘင်ဂူရီယံ က (16)ရက်ဖွား၊ ကမ္ဘာကျော် လူရွှင်တော်ကြီး ချာလီချက်ပလင် က (16)ရက်ဖွား၊ အမေရိကန် စာနယ်ဇင်းလောကရဲ့ ဘုရင်မကြီး ကတ်သရင်း ဂရေဟမ်(နယူးစ်ဝိခ်) က (16)ရက်ဖွား၊ ဟောင်ကောင် အက်ရှင်မင်းသား အကျော်အမော် ဂျက်ကီချန်း က (7)ရက်ဖွား၊ အဆိုတော် မက်ဒေါနား က (16)ရက်ဖွား၊ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီ က (25)ရက်ဖွား၊ နောက် ဂျိမ်းစ်ဘွန်းမင်းသား လက်သစ် ပီးယားစ်ဘရော့စ်နန် က (16)ရက်ဖွား၊ ရုရှားတင်းနစ်အလှမယ် အင်နာကော်နီကိုဗာ က (7)ရက်ဖွား၊ ဟောလီးဝုဒ်မင်းသမီးအကျော်အမော် ကက်သရင်းဇီတာဂျုံး နဲ့ ကလော်ဒီယာ ရှက်ဖာ တို့က (25)ရက်ဖွားတွေ၊ အိန္ဒိယ ကဗျာနဲ့စာပေပညာရှင်ကြီး ရာဘင်ဒြာနတ်တဂိုး က (7)ရက်ဖွား၊ မြန်မာ အမျိုးသမီးတွေ သိပ်ကြိုက်တဲ့ ကိုရီးယားသရုပ် ဆောင် ဂျင်ဒေါင်ဂန်း(ဒါရိုက်တာ ရင်) က (7)ရက်ဖွား၊ နောက် ကိုရီးယား အဆိုကျော်နဲ့ မင်းသား “ရိန်း” က (25)ရက်ဖွား၊ ဟောလီဝုဒ် နာမည်ကျော်မင်းသား နီကိုလပ်စ်ကေ့ခ်ျ က (7)ရက်ဖွား၊ မကြာခင်ကမှ ကွယ်လွန်သွားတဲ့ ဖိလစ်ပိုင် အမျိုးသမီး သမ္မတဟောင်း ကိုရာဇွန်အကွီနို က (25)ရက်ဖွား၊ ယခုတလော ကမ္ဘာမှာ ရေပန်းစားနေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် က (16)ရက်ဖွား၊ လုပ်ကြံခံရတဲ့ ဗြိတိသျှဗိုလ်ချုပ်ကြီး ဟောင်း လူးဝစ်မောင့်ဘက်တန် က (25)ရက်ဖွား၊ နောက်လုပ်ကြံခံရတဲ့ အီဂျစ် သမ္မတ အန်ဝါ ဆဒတ် ကလည်း (25)ရက်ဖွား၊ စင်ကာပူနိုင်ငံရဲ့ ဖခင်ကြီး လီကွမ်ယူး က (16)ရက်ဖွား၊ သံမဏိသူဌေးကြီး အင်ဒရူးကာနေဂျီ က (25)ရက်ဖွား၊ စာရေးဆရာကြီး ချားလ်ဒစ်ကင်း က (7)ရက်ဖွား၊ ဂရိသင်္ဘော သူဌေးကြီး အိုနာစစ် က (7)ရက်ဖွား၊ စာရေးဆရာကြီး ဆမ်းမားဆက်မွန် က (25)ရက်ဖွား၊ လေယာဉ်ပျံကို တီထွင်ခဲ့တဲ့ ရိုက်ညီနောင် နှစ်ဦးထဲက ၀ီလ်ဘာရိုက် က (7)ရက်ဖွား၊ အန္တာတိကတိုက်သို့ စူးစမ်းလေ့လာရေး ခရီးရှည်ကြီးကို ထွက်ခဲ့သူ ကပ္ပတိန်စကော့ က (7)ရက်ဖွား၊ ဗြိတိသျှ အဲလီဇဘက် ဘုရင်မကြီး က (7)ရက်ဖွားတွေ အသီးသီးဖြစ်ကြပါတယ်။

နောက်စိတ်ဝင်စားစရာကောင်းတာက မြန်မာနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ ဦးနု (ခ)သခင်နု ဟာလည်း (25)ရက်မှာမွေးတဲ့ (7)ဂဏန်းသမား ပါဘဲဗျာ။ ကဲ ကျွန်တော်တို့ ရဲ့ တနင်္ဂနွေ စကားဝိုင်းလေး ဒီမှာဘဲ ရပ်နားလိုက်ကြစို့လားဗျာ။

ကိုသိန်းဖေ။ ။ကောင်းပါပြီဆရာ။ နောက်တစ်ပတ် (8)ဂဏန်းသမားတွေအလှည့် ဆက်ဆက်နော်။

ကျွန်ုပ်။ ။ ဟုတ်ကဲ့ပါဗျာ။ ကြိုးစားတင်ဆက်ပေးသွားပါမယ်။

ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

.

Related Articles

1 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

2 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

3 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

4 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

5 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

6 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

8 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

9 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

Share

18 comments on “# (7)ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

  1. lin lin htet on said:

    ဆရာရှင့်

    (7)ဂဏန်းသမားချင်း တူပေမယ်.လည်း (7)ဂဏန်းသမား အစစ်နဲ.
    သာမန်(7)ဂဏန်းသမား ဘယ်လို ကွာခြားချက်၇ှိနိုင်ပါသလဲ၇ှင်။ နောက်ပြီး လူတစ်ယောက်၇ဲ.ကံဇာတာကိုတွက်ချက်၇ာမှာ သူအဖွားကောင်းပေမယ်. ဇာတာညံ့၇င်ေ၇ာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ။ အဖွားညံ့ပေမယ်. ဇာတာကောင်းလို.ကြီးပွားချမ်းသာနေတဲ.သူတွေ တော်တော်များများကို သတိထားမိနေလို.ပါ ဆရာ ။ ဆရာ.blog ကို လေ.လာဖတ်၇ူ.နေခဲ.တာ တစ်နှစ်ကျော်လောက် ၇ှိပ်ါပြီ ။ဗေဒင်ပညာနဲ.ပတ်သတ်ပြီး တော်တော်ဗဟုသုတ၇လာတာ ဆရာ.blog ကြောင်.ပါ ။ဆရာ ဒီထက်မက တိုးတက်အောင်မြင် ပါစေ ။

  2. dr.tin bo bo on said:

    မလင်းလင်းထက် သို့

    (7)ဂဏန်းသမား အတု၊ အစစ် လို့မရှိပါဘူး။ (7)ဂဏန်းဟာ “မိန်ရာသီ” ပိုင် ဂဏန်းဖြစ်လို့ မိန်ရာသီဖွားမွေးတဲ့ (7)ဂဏန်းသမားတွေကို အစစ်လို့ သုံးကြတာပါ။ ပိုအားကောင်းသွားတာကို ပြောတာပါ။ နောက်ပြီး ကရကဋ်ရာသီမှာ ရှိတဲ့ (7)ဂဏန်းကိုလည်း (7)ဂဏန်းသမား အစစ်လို့ ပြောကြသေးတယ်။ အားကောင်းတာကိုဘဲ ပြောချင်တာပါ။ ပုတိ၊ ဘင်္ဂ၊ မရဏ ဆိုတဲ့ အဖွားညံ့ပေမယ့် စီးပွားရေး၊ ကြီးပွားရေး နဲ့ သိပ်မဆိုင်လှတာကို ဆရာရေးတဲ့ “ပုတိ၊ဘင်္ဂ၊မရဏ” ဆောင်းပါး အမှတ် (၁) နဲ့ (၂)မှာ ဖတ်နိုင်ပါတယ်။ မဟာဘုတ် ခေါင်းစဉ်အောက်မှာ ရှိတယ်။

  3. lin lin htet on said:

    ဟုတ်ကဲ့ ဆရာ။
    ဖြေကြားပေးသည့်အတွက် ကျေးဇူးတင်ပါတယ် ဆရာ။

  4. su yi win on said:

    ဆရာရှင့်
    date of birth ပေးပြီးဆရာ့ကို ဗေဒင်မေးလို့ရလားဆရာ၊

  5. Dr.Tin Bo Bo on said:

    ဗေဒင် အမေး/အဖြေကဏ္ဍကို ယခု ခေတ္တပိတ်ထားပါတယ်။ နောက် ၂ရက် ၃ရက် ဆိုရင် ပြန်ဖွင့်ပေး ပါမယ်။ အဲဒီကျရင် အဲဒီထဲက စည်းကမ်းချက်တွေကို ဖတ်ပြီး မေးလို့ရပါတယ်။

  6. ကျော်ဟန်မိုး on said:

    ကျွန်တော်က 25 ရက်ဖွား 7 ဂဏန်းသမားပါဆရာ
    ဒေါသထွက်ရင် အာရုံထဲမှာမှောင်ကျသွားပြီး ဘာမှမမြင်ဖြစ်တတ်လို့သတိထားရပါတယ်
    လူကိုတော့မဟုတ်ပေမယ့် အနီးအနားကပစ္စည်းတွေကို ထုခွဲရိုက်နှက်ဖျက်ဆီးပစ်လေ့ရှိ တတ်ပါတယ်
    တစ်ခါတစ်ရံ ကိုယ့်အလုပ် အဖြစ်အပျက်က လုပ်ခဲ့ဖူးပြီးသားလိုလို ဖြစ်ပျက်ပြီးသား လို လို အရပ်ဒေသတွေကရောက်ဖူးသလိုလို တွေက ငယ်ငယ်ကတိုင်အခုထိ ကြုံတွေ့နေရ ဆဲပါဆရာ
    ကျွန်တော် သွားမတိုက်ဘဲ မျက်နှာမသစ်ဘဲ အစာစားရမှာဝန်လေးတဲ့သူမဟုတ်ပါဘူး ဆရာ ရေချိုးဖို့လည်းအင်မတန်ပျင်းတတ်ပါတယ် ခုလိုအေးတဲ့အခါမျိုးဆို ပိုဆိုးပေါ့ ပွဲလမ်းသဘင်တို့ ဘာတို့ကို ၀တ်ကောင်းစားလှဝတ်ပြီးသွားရတာကို အင်မတန်အမြင် ကပ်ပါတယ် ငယ်ငယ်ကအမေနဲ့ရန်ဖြစ်ရသလို အခုမိန်းမနဲ့သမီးတွေနဲ့ပါ ပွဲလမ်းသ ဘင်သွားတိုင်း ရန်ဖြစ်ရပါတယ်
    နိုင်ငံခြားကိုတစ်ခေါက်ထွက်ဖူးပါတယ် အခုပြန်ထွက်ဖို့ကြိုးစားနေပါတယ် အရင်နိုင်ငံ ခြားမှာ အတူနေအခန်းဖော်တွေက မျက်နှာမသစ် သွားမတိုက်ဘဲ အစားစားတတ်တဲ့
    ကျွန်တော့ကို ဘယ်လိုကောင်လည်းမသိဘူးလို့ သြဘာပေးကြပါတယ်(ဗမာပြည်မှာ တော့ မျက်နှာသစ်ပြီးမှစားပါတယ်ခင်ဗျာ ဒါပေမယ့်သွားကတိုက်ချင်မှတိုက်တာ)ရေ ချိုးတဲ့အခါကျမှ ကျွန်တော်က တပေါင်းတည်းလုပ်လိုက်တာပါ
    ရုပ်ရည်ကတော့ အသင့်အတင့်လို့ဘဲပြောပါရစေ ဆန့်ကျင်ဘက်လိင်စိတ်ဝင်စားမှုက တော့ဆရာရေ အစစ်ကဒီလောက်မဟုတ်ဘူး အတုတွေကတော့ပြောမနေနဲ့ နိုင်ငံ ခြားမှာတောင် ထွက်ပြေးရတဲ့အထိ
    အများကြီးတိုက်ဆိုင်ပါကြောင်းဝန်ခံပါတယ်ဆရာခင်ဗျား
    ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာစွာဖြင့် ဗေဒသုခုမကိုဆတက်ထမ်းပိုး
    ဆောင်ရွက်နိုင်ပါစေ ဆရာခင်ဗျား

  7. s.thansin on said:

    မရဏဖွား – (25.01.1981)ရက် တနင်္ဂနွေနေ့မွေးတဲ့ (7) ဂဏန်းဖွားဆိုရင်ကော ဘယ်လောက်ဆိုးသလဲ ဆရာ

  8. မေအိ on said:

    ၁၆ ရက် မွေးတဲ့ ၇ ဂဏန်းသမားအတွက် ကတော့
    အလွန်မှန်ပါတယ်ဆရာ..။ ထူးဆန်းတဲ့ အိမ်မက်တွေနဲ့ ဒေါသကြီးတတ်တယ်ဆိုတာ ရောပါ။ :)
    အဲ ..အိတ်ပေါက်နဲ့ ဖားကောက်သလို ကလဲ မှန်ပါတယ်..။

  9. totally right,sir . i was born at (25.01.1983)i will try to be changed my bad things.

  10. မေဇွန်အေး on said:

    ဆရာ
    သမီးကတော့ ဇွန်လ(၇)ရက်နေ့မွေးတာပါ
    ဆရာဟောတာတွေမှန်ကန်ပါတယ်

  11. မေဇွန်အေး on said:

    သမီးလည်းဆရာကိုမေးချင်တာတွေရှိပါတယ်
    အခွင့်အခါသင့်ရင်ပေါ့လေ

  12. San Thida Nyein on said:

    မှန်လိုက်တာဆရာရယ် ကျွန်မက 7ရက်နေ့ 3လပိုင်းမှာ မွေးတဲ့ မိန်ရာသီဖွားမို့လားမသိဘူးဆရာရယ် အရမ်းမှန်တာပဲ 95 ရာခိုင်နှုန်းက ကျွန်မနဲ့တစ်ထပ်တည်းပဲ

  13. ကျွန်တော် ကတော့ ၇ ရက်နေ့မွေးတဲ့ ၇ ဂဏန်းသမားပါ
    ဆရာပြေသလိုပါပဲ ကျွန်တော် တစ်ခါတစ်လေ ဖြစ်ပျက်နေတာတွေက အရင်တုန်းက ဖြစ်ပျက်ခဲ့ ဖူးသလိုပါပဲ တစ်နေရာရာကို ရောက်ရင်ပဲ ဖြစ်ဖြစ် အလုပ်ကိစ္စတစ်ခုခုကိုလုပ်ရင်ပဲ ဖြစ်ဖြစ် အရင်ကတွေ့ကြုံနေခဲ့ရဖူးသလို ခံစားရပါတယ် ဆရာ

  14. kyaw tun on said:

    ဆရာပြောတဲ့
    တစ်ခါတစ်ရံမှာ ကိုယ် အခုလောလောဆယ် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တစ်ခုဟာ အရင်တစ်ခါဖြစ်ဘူးခဲ့သလိုမျိုး ခံစားရ တတ်တာတွေ ရှိတတ် တယ်။
    ဆိုတာကို ကျွန်တော်တစ်ခါတစ်လေကြုံဖူးတယ်ဗျ

  15. Dreamcatcher on said:

    This is quite right for me ! Amazing ! My BD : 7 August

  16. This is quite right.Thank you.

  17. ယမုံ ကမေလ၇ရက်မှာမွေးတာပါ
    ဆရာပြောတာတွေအားလုံးနီးပါးမှန်ပါတယ်ရှင်
    ဆရာကိုလေးစားစွာဖြင့်

  18. ဆရာကိုယမုံမေးချင်တာတွေရှိပါတယ်ရှင်
    မေးလို့ရနိုင်ပါသလားရှင်
    ဆရာပြန်စာကိုမျှော်လျက်

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ