.

ဒီ ပို့စ်ကို ၀င်ကြည့်နေသူတွေများလို့ Check လိုက်တော့ (၂၀၁၁) ဒီဇင်ဘာလ ဟောကိန်း ကို (၂၀၁၂) ဒီဇင်ဘာလအမှတ်နဲ့ မှားပြီး ၀င်ကြည့် နေကြတာကို တွေ့ရတယ်။ မနှစ်က ဟောကိန်းဖြစ်ပါတယ်။ ခုနှစ်ကို သေသေချာချာကြည့်ပေးပါ။ မနှစ်က ဟောကိန်းပါ။

——————————————————————————————————————————-

ဒီလအတွက် (၇)ရက်သားသမီး ဟောကိန်းတွေကို မတင်ဖြစ်တော့ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်ထားပေမယ့် အီးမေးလ်တွေ နဲ့က တစ်မျိုး ၊ ဖုန်းဆက်ပြီး ပြောတာက တစ်ဖုံ ၊ တစ်ပူပူတစ်ဆာဆာ လုပ်နေကြလို့ ရက်နောက်ကျနေပေမယ့် တင်ပေး လိုက်ရပြန်ပါပြီ။ ဒီလထဲမှာ လုပ်ငန်းရဲ့ အဓိကကျတဲ့ နေရာက ၀န်ထမ်းတစ်ယောက်က အဝေးသင်ဖြေဖို့ ခွင့်ယူသွားတာက တစ်မျိုး၊ ၀န်ထမ်း တစ်ယောက် Car Accident ဖြစ်တာကတစ်မျိုးနဲ့တော်တော် အလုပ်များ ၊ စိတ်ရှုတ်ထွေးနေလို့ အွန်လိုင်း စာမျက်နှာတွေဖက်ကို ဦးမလှည့်နိုင်ခဲ့ပါဘူး။

ကွန့်မန့်တွေ / အီးမေးလ်ထဲကနေ မေးတဲ့မေးခွန်းတွေကိုလည်း ဖြေမပေးနိုင်ခဲ့ပါဘူး။ အားလုံးကို အားနာပါတယ်။ ကိုယ့်ကို အားကိုးတကြီး အကူအညီတောင်းကြပေမယ့် ကိုယ်ဘက်က ချက်ခြင်းလုပ်မပေးနိုင်တာကို စိတ်မကောင်းဖြစ်ရပေမယ့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။

ဒါကြောင့် လစဉ်ဟောကိန်းတွေကိုမှ တင်မပေးနိုင်ရင်တော့ ကိုယ့်ပရိတ်သတ်ကို မလေးမခန့်လုပ်ရာ ကျတော့မှာမို့ အလုပ်မအား အားအောင်ယူပြီး (၇)ရက်သားသမီးဟောကိန်းများကို တင်ပေး လိုက်ရပါတယ်။ နောက်ပြီး ဒီလမှာ တစ်ချို့နေ့သားသမီးတွေအတွက် နည်းနည်း အရေးကြီးတဲ့ လ, လည်းဖြစ်နေတာကြောင့် တင်ပေးမှ တော်မယ် ထင်လို့ပါ။ လ, က တစ်ဝက်ကျိုးနေပြီဆိုတော့ အမှား/အမှန်ကို ပိုပြီး တိုက်ဆိုင်လို့ ရတာပေါ့။ ကဲ – ကြည့်ကြရ အောင်လား။

.

တနင်္ဂနွေ သားသမီးများ

တနင်္ဂနွေ သားသမီးများ ယခုလမှာ ကိုယ်ပင်ပန်း ၊ စိတ်ပင်ပန်းမှု များမယ်။ တာဝန်ဝတ္တရားတွေ များပြားလိမ့်မယ်။ ကျန်းမာရေး ကျဆင်းနိုင်တယ်။ မိမိ ဆွေမျိုး ၊ မိတ်သင်္ဂဟများအတွင်း နာရေးကိစ္စပေါ်မယ်။ ဆေးရုံဆေးခန်းတွေကို တနည်းနည်းနဲ့ ရောက်တတ်တယ်။ (လူနာမေးလည်း ဖြစ်နိုင်ပါတယ်)။ ဘာသာရေး ကိစ္စတွေ ဆောင်ရွက်ရဖွယ် ရှိတယ်။ နာမည်ကျော်ကြားကိန်း ရှိတယ်။ ကောင်းသတင်းလည်းဖြစ်နိုင်သလို ၊ မကောင်းသတင်းလည်း ဖြစ်နိုင်ပြန်တယ်။ ၀န်ထမ်း များအတွက် ကိုယ့်အပေါ်မှာ မကြည်မလင်ဖြစ်နေတဲ့ အကြီးအကဲတစ်ယောက်ရဲ့ ပညာပြတာကို ခံရနိုင်တယ်။ (မနိုင်ဝန် ထမ်းခိုင်းတာမျိုး)။ အချို့ဝန်ထမ်းများမှာ နေရာအပြောင်းအလဲ ၊ ဌာနအပြောင်းအလဲများ ဖြစ်နိုင်တယ်။ လက်ရှိနေရာထက် ပိုပြီး တာဝန်ကြီးတဲ့ နေရာ/အလုပ်မျိုးပေါ့။ ငယ်ရွယ်သူများ အချစ်ရေးကံ မကောင်းလှသေးပါ။ ချစ်သူအတွက် ပူဆွေး သောကရောက်ရကိန်းမျိုး ရှိတတ်တယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအတွက် ယခုလမှာ ရန်သူပြိုင်ဖက်များအပေါ် (ပရိယယ်သုံးပြီး) အနိုင်ရကိန်းရှိတယ်။ ဒါပေမယ့် တဖက်ပြိုက်ဘက်ကို ပေါ့ပေါ့ဆဆ သဘောထားပြီး သတိလက်လွတ် နေရင်တော့ ကိုယ်ခံရမယ်။ ဒီလထဲမှာ မကြေမလည်ဖြစ်နေကြတဲ့ မိတ်ဆွေများ ၊ ပါတနာများနဲ့ ပြန်လည် ပြေလည်မှု ရနိုင်တယ်။ ဒီလဟာ တနင်္ဂနွေ သားသမီးများအတွက် သိပ်ပြီး ကောင်းတယ်လို့ မပြောနိုင်ပေမယ့် သိပ်ပြီး ဆိုးစရာလည်း မရှိနိုင်တဲ့ လ, တစ်လလို့ဘဲ ယူဆမိပါတယ်။

ယခုလအတွက် နာမည်မှာ – တနင်္ဂနွေ စပြီး တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ စနေနံတွေနဲ့ အဆုံးသတ်မှည့်ထားတဲ့ နာမည်ပိုင်ရှင်တွေ အညံ့ များမယ်။ ကျန်နေ့နံ  အဆုံးသတ်များကတော့ ကံဇာတာ အသင့်အတင့် အကောင်း/အညံ့ရှိပါမယ်။

ယတြာပြုလုပ်လိုလျှင် – ပဲပေါင်မုန့် တစ်လုံးကို နေအိမ် ဘုရားမှာ ကပ်လှူလိုက်ပါ။

.

တနင်္လာ သားသမီးများ

ယခုလမှာ တနင်္လာသားသမီးများ ကံဇာတာ အကောင်းအညံ့ ရောနေပါတယ်။ ဒီလမှာ ခရီးသွားလာခြင်း ကိစ္စများမှာ အထူးသတိပြုစေလိုပါတယ်။ ခရီးသွားရင်း Accident ကြုံရဖွယ် ရှိပါတယ်။(သက္ခတ် အညံ့ထဲရောက်နေရင် သတိထားပါ) သက္ခတ်ကောင်းရင်တော့ စိုးရိမ်ရန် မရှိပါ။ နောက်ပြီး ခရီးသွားလာဖို့ ကြံရွယ်ထားတာတွေ ပျက်တာ ၊ အခက်အခဲများစွာ တွေ့တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒီလထဲမှာ တစ်ခုခု အပြောင်းအလဲ လုပ်ဖို့ကြံစည်ရင် အခက်အခဲ အများကြီး ကျော်လွန်ရဖွယ်ရှိတယ်။ ဒါပေမယ့် ဖြစ်တတ်တာက ဒီလထဲမှာ စိတ်လေပြီး လူက အိမ်မှာမနေချင်ဘဲ ခရီးသွားချင် နေတတ်တယ်။ လောကီ အပျော်အပါးဘက်မှာ အာရုံများနေသူများ ဒီလထဲမှာ သံဝေဂရဖွယ် ၊ တရားရဖွယ် ကိစ္စရပ်များ ကြုံတွေ့ရတတ်ပြီး လူ့ဘောင်ကိုတောင် ငြီးငွေ့စိတ် ၀င်တတ်ပါတယ်။ အိမ်ကနေ အပြီးထွက်သွားချင်စိတ်များ ပေါ်တတ်ပါတယ်။ ၀ိပဿနာ ၊ တရားအားထုတ်ဖို့ ကိစ္စများ ကြုံရဖွယ် ရှိပါတယ်။ ဒီလထဲမှာ ယာဉ်ကား နဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကံမကောင်းတတ်ပါ။ မိမိပိုင်တဲ့ ယာဉ်ကားများ အတိုက်ခံရခြင်း၊ ပျက်စီးခြင်းများ ကြုံတတ်ပါတယ်။ ဒီလထဲမှာ အိမ်ထောင်ရှင် တနင်္လာသားသမီးများအတွက် ကံကောင်းနိုင်တဲ့ အချက် တစ်ချက်က မိမိအိမ်ထောင်ဘက်ဟာ ကျန်းမာရေး ချို့တဲ့နေသူဖြစ်ရင် (သို့) အလုပ်အကိုင်စီးပွားရေး အဆင်မပြေဖြစ် နေရင် ဒီလထဲမှာ ကျန်းမာရေး ကောင်းလာတာ (ဆေးတွေ့တာ) ၊ ရောဂါပျောက်ကင်းတာ ၊ အလုပ်အကိုင်အဆင်ပြေ လာတာမျိုး ကြုံရဖွယ်ရှိပါတယ်။ (ဒီလိုဖြစ်ဖို့ ကိုယ်ကိုယ်တိုင်က အိမ်ထောင်ဘက်အပေါ်သစ္စာရှိသူ ဖြစ်ရပါမယ်)။ အိမ်ထောင်ရှင်များ အတွက် အိမ်ထောင်ရေး သာယာချမ်းမြေ့နိုင်တဲ့ လ, တစ်လ ဖြစ်ဖွယ်ရှိပါတယ်။  ခြုံပြောရရင် ဒီလဟာ တနင်္လာသားသမီးများ အတွက် ကံဇာတာ သိပ်မဆိုးလှတဲ့ လ, တစ်လ ဖြစ်နိုင်ပါတယ်။

ယခုလအတွက် နာမည်မှာ – တနင်္လာ စ, ပြီး သောကြာ နဲ့ စနေ နံများ ဆုံးထားသူများ ကံဇာတာ အညံ့ဖက်မှာ များပါတယ်။ Accident သတိထားပါ။ ကျန်နေ့နံနဲ့ပိတ်ထားသူများ ကံဇာတာ မဆိုး/မကောင်းလို့ဘဲပြောရပါမယ်။

ယတြာပြုလုပ်လိုပါက – ယခုလမှာ ဆင်းရဲနွမ်းပါးတဲ့ အဖိုးအဖွားတစ်ဦးကို ငွေကြေး နဲ့ အ၀တ်အစား အချို့ လှူဒါန်း ပေးကမ်းလိုက်ပါ။

.

အင်္ဂါ သားသမီးများ

ယခုလဟာ အင်္ဂါသားသမီးများအတွက် ကံကြမ္မာအထူးကောင်းမွန်ဖွယ် ရှိတဲ့ လ, တစ်လဖြစ်နိုင်ပါတယ်။ မိမိလုပ်သမျှ ကိုင်သမျှတွေ အောင်မြင်နိုင်တယ်။ နာမည်ကျော်ကြားကိန်း ရှိတယ်။ မိမိရဲ့ ရန်သူ ၊ အတိုက်အခံများရဲ့ လေးစားမှုကို တောင်မှ ခံရနိုင်ပါတယ်။ ဘွဲ့ထူး ၊ ဂုဏ်ထူး များ ရရှိတတ်ပါတယ်။ ဒါပေမယ့် လူမျိုးခြား ၊ ဘာသာခြားတွေ နဲ့ပတ်သက်ပြီး ကံကောင်းတဲ့ ကိစ္စ ရှိနိုင်သလို ကံမကောင်းတဲ့ ကိစ္စ တွေလည်း ရှိနိုင်တယ်။ လူမျိုးခြား လူကောင်း နဲ့ တွေ့နိုင်သလို လူမျိုးခြား လူဆိုးနဲ့လည်း တွေ့ရကိန်း နှစ်မျိုးစလုံး ရှိနေတယ်။ ဒီလထဲမှာ အင်္ဂါသားသမီးများအတွက် ကံမကောင်းတဲ့ အချက်တစ်ခုက သားသမီး ရှိသူများအတွက် သားသမီးအတွက် အပူသောက အကြီးအကျယ်ရောက်ရကိန်း ရှိတတ်ပါတယ်။ သိပ်ငယ်တဲ့ သားသမီး များရှိရင် ကျန်းမာရေး ချို့တဲ့မယ်။ သားကြီး သမီးကြီးရှိသူများအတွက်ကျတော့ သူတို့ရဲ့ အချစ်ရေး ကိစ္စ ၊ အလုပ်အကိုင် ကိစ္စများ ကြောင့် မိမိပါ စိတ်ဆင်းရဲရကိန်း ရှိပါတယ်။ အလွန် မလိမ္မာတဲ့ သားသမီးရှိသူများ ဥပဒေမကင်းတဲ့ အလုပ်များကြောင့် ဖမ်းဆီးချုပ်နှောင်ခံရတတ်ပြီး ကိုယ့်မှာ အပူသောက ရောက်ရကိန်းမျိုးရှိတတ်ပါတယ်။ ကျန်တဲ့ အလုပ်အကိုင် စီးပွားရေး ၊ လူမှုရေး ကိစ္စများကတော့ အားလုံးနီးပါး အကောင်းဖက်မှာ ရှိပါတယ်။ သက္ခတ်အညံ့ထဲမှာ ရောက်နေတယ်ဆိုရင်တောင်မှ ဒီလမှာ ကံဆိုးမှုတွေ လျော့နည်း နိုင်ပါတယ်။ ကိုယ်ကြံစည်ထားတာတွေ ၊ မျှော်လင့်ထားတာတွေ ပြည့်စုံလာနိုင်တဲ့ လ,ဖြစ်ပါတယ်။ ဒါကြောင့် ယေဘူယျ ခြုံပြောရရင်တော့ ဒီလဟာ အင်္ဂါသားသမီးများအတွက် ကံကောင်းမှုတွေများပြားနိုင်တဲ့ လ, တစ်လဖြစ်ကြောင်းပါ။

ယခုလမှာ နာမည်မှာ – အင်္ဂါ စ, ပြီး အင်္ဂါ နဲ့ ပြန်ပိတ်ထားသူများ အလွန်ကံကောင်းနိုင်ပါတယ်။ အလွန်ထင်ပေါ် ကျော်ကြားအောင်မြင်နိုင်တဲ့ လ, ဖြစ်ပါတယ်။ တနင်္ဂနွေ ၊ သောကြာ ၊ စနေ နံတွေနဲ့ ပိတ်ထားသူတွေလည်း အသင့်အတင့် ကံကောင်းနိုင်ပါတယ်။ ကျန်နေ့နံများလည်း ထိုက်သင့်တဲ့ အကျိုးကျေးဇူးခံစားရရှိနိုင်ပါတယ်။

ယတြာပြုမယ် ဆိုရင်တော့ – ကိုယ့် မိဘနှစ်ပါးကို ဖြစ်စေ ၊ ဦးကြီး ဒေါ်ကြီးများကို ဖြစ်စေ ဖိနပ်တစ်ရံစီ လှူဒါန်းလိုက်ပါ။ ဒီလထဲမှာ မိဘများကို တတ်နိုင်သလောက် စောင့်ရှောက်ပေးပါ။ ကွယ်လွန် သွားကြပြီဖြစ်ရင်လည်း ကုသိုလ်ကောင်းမှု တစ်ခုခုလုပ်ပြီး မိဘများကို အမျှအတန်းပေးဝေလိုက်ပါ။

.

ဗုဒ္ဓဟူး သားသမီးများ

ယခုလမှာ ဗုဒ္ဓဟူး သားသမီးများ ကံဇာတာ အနည်းညံ့တယ်လို့ ဆိုနိုင်ပြီး သက္ခတ်ညံ့ရင်တော့ အတော်လေး ဂရုပြုရမယ့် လ, တစ်လဖြစ်ပါတယ်။ အထူးဂရုစိုက်ရမှာက ကျန်းမာရေးပါ။ ကျန်းမာရေး တရှောင်ရှောင်ဖြစ်နေ တတ်ပါတယ်။ ဆေးရုံ ဆေးခန်း မကြာခဏ သွားနေရတတ်ပါတယ်။ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ် နေတတ်ပါတယ်။ ဒီလထဲမှာ ကျန်းမာရေး မကောင်းလို့ Medical Checkup လုပ်ကြည့်ဖို့ စိတ်မစောပါနဲ့။ ရောဂါကြီးတွေ မှားယွင်း အမည်တပ်မိတတ်တယ်။ အနာတခြား ဆေးတခြား ဖြစ်တတ်တယ်။ ဘာသာတရားသာ များများလုပ်ပေးပါ။ အလုပ်အကိုင် နဲ့ ဘ၀တိုးတက် အောင်မြင်ရေးကတော့ အကောင်းပြ နေပါတယ်။ ဒါပေမယ့် အလုပ်ကိုင် သိပ်ဖိစီးမယ်။ စိတ်ဖိစီးမှု သိပ်များမယ်။ လူက အလုပ်ဒဏ် ပိနေမယ်။ စိတ်နှစ်ခွဖြစ်စရာ ကိစ္စတွေပေါ်မယ်။ ဆုံးဖြတ်ရ ခက်ခဲတဲ့ ကိစ္စတွေ ကြုံမယ်။ ဒီလထဲမှာ အပြိုင်အဆိုင် နဲ့ လုပ်ရတဲ့ အလုပ်တစ်ခု ၊ ကိုယ့်ကို လာရောက် တုပြိုင်တဲ့ ကိစ္စတစ်ခု ပေါ်လာတတ်တယ်။ ကိုယ်က မှန်ကန် ဖြောင့်မှန်သူဖြစ်ရင် ကိုယ်အနိုင်ရမယ်။ ကိုယ်က မမှန်ကန်သူဖြစ်ရင် ကိုယ်ရှုံးလိမ့်မယ်။ ဒီလထဲမှာ ကိုယ့်ထက် သီလ၊ သမာဓိ ၊ ပညာ ကြီးမြတ်သူတွေကို မဝေဖန် မစော်ကားမိပါစေနဲ့။ ဒုက္ခ ချက်ခြင်း ကြုံရတတ်တယ်။ အမြင့်မှ လိမ့်ကျတတ်တယ်။ ခြေချော်ကျခြင်း ၊ ခြေထောက်ကို ထိခိုက်ခြင်းများဖြစ်တတ်တယ်။ ဒီလထဲမှာ ဗုဒ္ဓဟူးသားသမီးများ “လေကြောင်းခရီး” သွားလာမှု ဂရုပြုပါ။ အန္တရာယ် ကြုံတတ်တယ်။ ဒီလထဲမှာ အထူးဂရုစိုက်ရမှာ တစ်ခုက မလိုအပ်ဘဲ “အာမချောင်” မိပါစေနဲ့။ မိမိနှုတ်ကို မစောင့်စည်းနိုင်ရင် ကိုယ်ပြောမိတဲ့ စကားတစ်ခုကြောင့် ဒုက္ခတွေ့ရတတ်တယ်။ ကိုယ်က ရာထူး ၊ အာဏာ ရှိသူ ၊ ထင်ပေါ်ကျော်ကြားသူ ဖြစ်ရင် ပိုပြီးသတိထားပါ။ ဒီလထဲမှာ နှုတ်ကို အထူးစောင့်စည်း ပါလို့ သတိပေးပါရစေ။

ယခုလအတွက် – နာမည်မှာ ဗုဒ္ဓဟူး(ရာဟု) စပြီး ဗုဒ္ဓဟူး ရာဟု ဆုံးသူများ အထူးသတိထားပါ။ အလွန်ကံဇာတာ ညံ့တတ်ပါတယ်။ တနင်္လာ ၊ ကြာသပတေး ၊ စနေ ပိတ်သူများလည်း အညံ့များတတ်ပါတယ်။ ကျန်နေ့နံ ပိတ်ထားသူများ ကျန်းမာရေး တစ်ခုသာ အနည်းငယ်ညံ့ဖွယ် ရှိပါပြီး ကျန်ကိစ္စများ သိပ်မဆိုးလှပါဘူး။

ယတြာပြုလုပ်လိုတယ်ဆိုရင်တော့ – ယခုမှာ လမ်းပြုပြင်ခြင်း ၊ တံတားပြုပြင်ခြင်း လုပ်ငန်းများမှာ အလှူငွေ ထည့်ဝင် လှူဒါန်းလိုက်ပါ။

.

ကြာသပတေး သားသမီးများ

ယခုလမှာ ကြာသပတေး သားသမီးများ ကံဇာတာ အကောင်း/အဆိုး ရောယှက်နေဦးမယ့် လ, ဘဲ ဖြစ်ပါတယ်။ ဒီလထဲမှာ ကိုယ့်ရဲ့ အလုပ်အကိုင် ၊ ဘ၀ရပ်တည်မှု အနေအထားများ မတည်မငြိမ် ဖြစ်နေတတ်ပါတယ်။ အပြောင်းအလဲ တစ်ခုခု ကြုံရဖွယ်ရှိပါတယ်။ ဒီလထဲမှာ အထက်လူကြီးရဲ့ အထင်အမြင် လွဲမှားမှု ၊ အပြစ်ပေးမှု ခံရခြင်း ၊ တရားဥပဒေဖြင့် ရင်ဆိုင်ရခြင်း ၊ မိမိလုပ်လက်စ လုပ်ငန်း များတစ်ပိုင်းတစ်စဖြစ်ပြီး ရပ်ထားရခြင်း ၊ ခရီးဝေးရပ်ဝေးသို့ ပြောင်းရွှေ့ခံရခြင်း (ပြောင်းရွှေ့ရခြင်း)များ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မိမိဘက်က မှန်ကန်သူဖြစ်ရင် ပြဿနာက ရှင်းလင်းသွားပြီး ပြန်လည် အခြေအနေ ကောင်းမွန်လာနိုင်ပါတယ်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး အဆင်မပြေတတ်ပါ။ အကြောင်းကြောင်း ကြောင့် ခတ္တခွဲခွာရခြင်းမျိုးဖြစ်နိုင်ပြီး နဂိုကတည်းက အိမ်ထောင်ရေး ပြဿနာကြီးများ ရှိသူများ ယခုလမှာ အကွဲအပြဲများ ပင် ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဘက်ဟာ အင်္ဂါ ၊ ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး နဲ့ စနေသားသမီးများဖြစ်ရင် အိမ်ထောင်ရေး အလွန်အဆင်မပြေဖြစ်တတ်ပါတယ်။ ယခုလမှာ အချို့သော ကြာသပတေးသားသမီးများ မှာတော့ ငွေကြေး အစုလိုက်အပုံလိုက် ၀င်ကိန်း ရှိတတ်ပါတယ်။ ထီပေါက်သကဲ့သို့ ငွေဝင်မှုများ ကြုံတတ်ပါတယ်။ ထူးခြားသော ဂမ္ဘီရနယ်ပယ်မှ ပုဂ္ဂိုလ်များ၏ မ,စ မှုကို ခံရတတ်ပါတယ်။ အမျိုးသမီးများ ရွှေငွေ ကျောက်မျက်ရတနာများ ၀င်ရောက် တတ်ပါတယ်။ နဂိုကတည်းက ဘာသာရေးကို ကိုင်းရှိုင်းသူ ၊ ဘာသာရေး ၀တ္တရားမပျက်ကွက်သူ ၊ အလှူရေစက် လက်နဲ့မကွာသူ ၊ မိဘဆရာသမားများရဲ့ ဂုဏ်ကျေးဇူးကို အထူးသိတတ်သူများ ယခုလမှာ ငွေကြေးစီးပွားဥစ္စများ အလွန်တိုးတက် ရရှိနိုင်တယ်။ ခြုံပြောရရင် ဒီလဟာ ကြာသပတေး သားသမီးများအတွက် အကောင်း/အဆိုး ရောနှောနေမယ့် လ, တစ်လ ဖြစ်ဖွယ်ရှိပါတယ်။

ယခုလအတွက် နာမည်မှာ – ကြာသပတေးစပြီး ဗုဒ္ဓဟူး ဆုံးသူများ ကံဇာတာ အလွန်ညံ့ဖွယ်ရှိတယ်။ ကျန်းမာရေး ၊ အိမ်ထောင်ရေး ပြဿနာကြီးတွေ ဖြစ်တတ်ပါတယ်။ အင်္ဂါနဲ့ ဆုံးထားသူများ မတော်တဆ ထိခိုက်ခံရမှုများ ဖြစ်ဖွယ် ရှိတယ်။ စနေနံ ဆုံးထားသူများ  အကောင်း နဲ့ အဆိုး နှစ်ခုလုံး အားပြင်းစွာ ၀င်ရောက်တတ်တယ်။ သောကြာနံ ဆုံးထားသူများတော့ ကံဇာတာ သိပ်မဆိုးလှပါဘူး။ ဘာဘဲဖြစ်ဖြစ် ဒီလဟာ သတိရှိနေရမယ့် လ, ဖြစ်တယ်။

ယတြာပြုလုပ်လိုတယ် ဆိုရင်တော့ – ဒီလမှာ မိမိနေအိမ်ဘုရားမှာ “ပဲထမင်း” ကပ်လှူပူဇော်ပေးပါ။ နောက်ပြီး ကြောင် လေးတစ်ကောင်ကို နွားနို့တစ်ခွက် တိုက်လိုက်ပါ။

.

သောကြာ သားသမီးများ

ယခုလမှာ သောကြာ သားသမီးများအတွက် ဘ၀အောင်မြင်မှု ၊ တိုးတက်မှု ၊ မိမိအကြံအစည် အလုပ်အကိုင် အောင်မြင်မှုများအတွက် အကြိတ်အနယ် တိုက်ပွဲဝင်ရမယ့် လ, မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်က မှန်ကန်တဲ့ ဘက်က ရပ်တည်သူဖြစ်ရင် နောက်ဆုံး ကိုယ်ဘဲ အနိုင်ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တော်တော်တော့ သတိထားရလိမ့်မယ်။ ကိုယ့်ကို လက်နက်နဲ့ လုပ်ကြံမယ့် ကိစ္စမျိုးရှိတတ်တယ်။ (ဒါပေမယ့် တစ်ဖက်လူဟာ ကိုယ်နဲ့ ကံဇာတာခြင်း မယှဉ်နိုင်လို့ အောင်မြင်ဖွယ် မရှိပါ)။ ချမ်းသာကြွယ်ဝသူများ ၊ ရာထူးကြီး ရှိသူများ သတိပြုစေလိုပါသည်။ သာမန် လူတန်းစားများပင် မမျှော်လင့်ဘဲ သူခိုး ၊ ဓားပြ ၊ လက်နက်ကိုင် လူရမ်းကားများနှင့် ကြုံဆုံရဖွယ် ရှိပါတယ်။ (တွေ့လျှင် ဗုဒ္ဓဘုရားရှင်ကို ချက်ခြင်း အာရုံပြုလိုက်ပါ ၊ အံ့သြဖွယ် လွတ်မြောက်သွားနိုင်ပါတယ်)။ သောကြာသားသမီးများ ဒီလမှာ လူလိမ်ခံရကိန်း ရှိတာမို့ “ပွပေါက်” ဆိုတဲ့ ကိစ္စများ ၊ “အရမ်းမြတ်မယ်” ဆိုတဲ့ ကိစ္စများကို ရှောင်ပါ။ ကိုယ့်ကို အချီကြီး လိမ်မယ့် ဆင်လုံးဆင်ကွက် များသာ ဖြစ်ပါလိမ့်မယ်။ ဒီလထဲမှာ အပျော်အပါး အသောက်အစားများ နှင့် ပျော်မွေ့နေသူများ ဒုက္ခကြီး များ ရောက်နိုင်တဲ့ လ, ဖြစ်ပါတယ်။ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း ၊ ရောဂါကြီးများ ဖြစ်ပွားခြင်းများ ကြုံရတတ်ပါတယ်။ အပျော် လွန်ရာကနေ ကုမရတဲ့ရောဂါတွေ စွဲကပ်တတ်ပါတယ်။ အသက်အရွယ် ကြီးရင်ပြီး နာတာရှည်ရောဂါများ စွဲကပ်နေသူများ ဒီလထဲမှာ ကျန်းမာရေး ဂရုစိုက်ပါ။ ရောဂါ တိုးတတ်ပါတယ်။ အိမ်ရှင်မများ ဒါး ၊ နှင့် ချွန်ထက်သော ကရိယာများ ကိုင်တွယ် ရာတွင် သတိနှင့် ကိုင်တွယ်ပါ။ ထိခိုက်ရှနာတတ်ပါတယ်။ ဒီလထဲမှာ သောကြာသား(ယောင်္ကျားများ) အထူးသတိထားရမယ့် ကိစ္စတစ်ခုက  ကိုယ့်ကို လိမ်လည်လှည့်ဖျားမယ့် မိန်းမယုတ်တွေနဲ့ တွေ့ကြုံတတ်ပါတယ်။ မိန်းမသားများပင်လျှင် ယုတ်မာသော အကျင့်ရှိသည့် မိန်းမတစ်ဦးရဲ့ ဒုက္ခပေးမှု ၊ ပညာပြမှု ကို အထူးခံရဖွယ် ရှိပါတယ်။ သားသမီးရှိသူများ သားသမီးအပူတွေ့ရတတ်တဲ့ လ, မျိုးဖြစ်ပါတယ်။

ယခုလအတွက် နာမည်မှာ – သောကြာစပြီး အင်္ဂါ နဲ့ သောကြာ ဆုံးထားသူများ အကြီးအကျယ် အောင်မြင်မှုတွေ ရနိုင် သလို ဘေးဥပဒ်တွေလည်း ရှိနေတာကို သတိပြုပါ။ သောကြာစ, ပြီး ဗုဒ္ဓဟူး(ရာဟု) ဆုံးထားသူများ အလွန်ညံ့နိုင်ပါတယ်။ ကျန်းမာရေး နဲ့ ရန်သူ ၊ လုပ်ကြံမည့်သူများကို အထူးသတိပြုပါ။ ကိုယ့်ရဲ့ ဘ၀အဆင့်အတန်း မြင့်လေလေ သတိထားရ လေလေဖြစ်ပါမယ်။ ကျန်နေ့နံများနှင့် ဆုံးထားသူများ အကောင်းအဆိုး ရောယှက်နေမယ့် လ, ဖြစ်ပါတယ်။ ကောင်းမှု ကုသိုလ်များသူများ ကံဆိုးမှ လွတ်ပြီး အကုသိုလ်များသူများ ကံညံ့မှ မလွတ်ကင်းနိုင်တဲ့ လ, လို့ ဆိုနိုင်ပါတယ်။

ယတြာပြုလုပ်လိုက – အနက်ရောင် ရှိသော တိရိစ္ဆာန် တစ်ကောင် (ကြောင်နက် ၊ ခွေးနက် ၊ ကြက်နက် ၊ ကျီးကန်း . . စသည်) ကို သူနှစ်သက်တတ်သည့် အစာကို အ၀ကျွေးလိုက်ပါ။ (ဥပမာ ကြောင်ဆိုလျှင် ငါးကြော် ၊ ခွေးဆိုလျှင် အမဲရိုး)

.

စနေ သားသမီးများ

ယခုလမှာ စနေ သားသမီးများအတွက် ကံဇာတာက အနည်းငယ် ညံ့ဖွယ်ရှိပါတယ်။ ဒါပေမယ့် အကောင်းလည်း ရှိပါတယ်။ ယခုလမှာ အကောင်းဖက်က ဆွေမျိုးသားခြင်း ၊ ညီအစ်ကို မောင်နှမ များရဲ့ အကူအညီများကြောင့် ဘ၀ တိုးတက်မှု ၊ အခြေအနေကောင်းမှုများ ရရှိနိုင်ပါတယ်။ မိမိရဲ့ ရဲဝင့်စွန့်စားမှု ၊ ဆုံးဖြတ်ချက် မှန်ကန်မှုများကြောင့် အောင်မြင်တိုးတက် မှုများ ရရှိနိုင်တဲ့ လ, ဖြစ်ပါတယ်။ အင်္ဂါနံ စက်ပစ္စည်း များဝင်မယ်။ သို့မဟုတ် အင်္ဂါ နံ ပစ္စည်း ၊ အင်္ဂါသားသမီးများကြောင့် အောင်မြင်တိုးတက်မှု ရှိနိုင်တယ်။ စစ်ဘက် ၊ ဆေးပညာဘက် ၊ အင်ဂျင်နီယာဘက် ဆိုင်ရာလုပ်ငန်းများမှ ၀န်ထမ်းများ ရာထူး ၊ နေရာ ၊ အခွင့်အလမ်းတိုးတက်မှုများ ရရှိနိုင်တယ်။ ဆရာကောင်း သမားကောင်းနဲ့ တွေ့ပြီး သူတို့ရဲ့ ဆုံးမ လမ်းညွှန်မှု ၊ မ, စ မှုများကြောင့် ဘ၀တိုးတက်မှုများ ရရှိနိုင်တယ်။ ဒီလမှာ နှိမ့်ချသော ဂါရ၀တရားနှင့် ပြည့်စုံသူများ ၊ ဆိုဆုံးမလွယ်သူများ အလွန်တိုးတက်ကောင်းစားနိုင်တယ်။ ဒါပေမယ့် လောဘအလွန်ကြီးသူများ ၊ မာနအလွန်ကြီးသူများ ဘေးတွေ့တတ်တယ်။ လူလိမ်ခံရတတ်တယ်။ ဥပဒေနဲ့ မကင်းသော အလုပ်များကို လုပ်ကိုင်နေသူများ ဖမ်းဆီးချုပ် နှောင်ခံရဖို့ ၊ အပြစ်ပေးခံရဖို့ အလွန်များတဲ့ လ, ဖြစ်တယ်။ ကိုယ့်ရဲ့ လောဘကြောင့် တစ်ဖက်လူ ဆင်ထားတဲ့ ထောင်ချောက်ထဲကို တိုးဝင်မိတတ်တယ်။ ကျန်းမာရေးကိုတော့ အထူးဂရုစိုက်ပါ။ ရင်ဘတ်/၀မ်းဗိုက်  ဥပဒ် ပေးတတ် ပါတယ်။ အစားမှား ဆေးမှား ဖြစ်တတ်ပါတယ်။ ၀မ်းလျှောဝမ်းပျက်ဖြစ်တတ်ပါတယ်။ မိသားစု အတွင်းမှာ အသက်အရွယ် ကြီးရင့် လွန်းသူများ ရှိပါက ကျန်းမာရေး ထိခိုက်ခြင်း ၊ နာရေး ကိစ္စကြုံခြင်းများ ဖြစ်ပွားဖွယ် ရှိပါတတ်ပါတယ်။ သို့မဟုတ် မိမိရဲ့ မိဘသဖွယ် ရိုသေလေးစားရတဲ့ အကြီးအကဲတစ်ဦး ကွယ်လွန်ခြင်းကြောင့် အလွန်ဝမ်းနည်းပူဆွေးရမှုမျိုး ကြုံရတတ် ပါတယ်။ ခြေထောက်ကို ထိခိုက်ဒဏ်ရာရတတ်လို့ အထူးသတိပြုပါ။

ဒီလအတွင်း နာမည်မှာ – စနေ စ,ပြီး အင်္ဂါ နဲ့ သောကြာ ဆုံးထားသူများ ကံကောင်းမှု များပြားနိုင်တယ်။ စနေ စပြီး တနင်္ဂနွေနံ ပိတ်ထားသူများ အလွန်ကံဇာတာ ညံ့နိုင်တယ်။ သတိပြုပါ။ မတော်တဆ ထိခိုက်မှုများ ဖြစ်နိုင်တယ်။ စနေ စ,ပြီး ကြာသပတေး နဲ့ စနေနံ ပြန်ပိတ်ထားသူများ အကောင်း/အဆိုး ရောယှက်ပြီး အားပြင်းပြင်းနဲ့ ၀င်ရောက်နိုင်တယ်။ ကျန်နေ့နံပိတ်သူများ အထက်က ဟောကိန်းများအတိုင်း အနည်းနဲ့အများ ကြုံရဖွယ် ရှိတယ်။

ယတြာပြုလုပ်လိုပါက – အသက်လည်းကြီး ၊ မိမိရဲ့ ဆရာသမားလည်း ဖြစ်တဲ့ သူတစ်ဦးကို မိမိနှစ်သက်ရာ ငွေ ၊ ပစ္စည်းများ ဖြင့် ပူဇော်ကန်တော့လိုက်ပါ။

.

ရာဟု သားသမီးများ (ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမွေးသူများ)

ယခုလမှာ ရာဟု သားသမီးများအတွက် ဗုဒ္ဓဟူးသားများရဲ့ ကံကြမ္မာနဲ့ ဆန့်ကျင်ဘက်တောင်မှ ဖြစ်နိုင်ပါတယ်။ ဗုဒ္ဓဟူး သားသမီးများ ယခုလ ကံညံ့သလောက် ရာဟုသားသမီးများ ကံကောင်းနိုင်ပါတယ်။ ဆုံးရှုံးနေတဲ့ အခွင့်အလမ်းများ ပြန်ရခြင်း၊ ယခင်က မိမိအား ပစ်ပယ်ထားကြသူများက ပြန်လည် ဂရုပြုလာကြခြင်း ၊ မိမိအား အထင်အမြင် လွဲနေသူများ အမှန်တရာကို သိမြင်လာကြခြင်း ၊ မိမိ နှင့် ကွဲကွာနေသူများနှင့် ပြန်လည်တွေ့ဆုံရခြင်းများ ကြုံရဖွယ် ရှိပါတယ်။ အခွင့် အရေးကောင်းတွေ ပြန်လည်ရရှိနိုင်မယ်။ မိမိကို ရန်ပြုတိုက်ခိုက်နေကြသူများအပေါ်တွင် အောင်နိုင်မယ်။ မိမိရန်သူများ မိတ်ဆွေပြန်ဖြစ်လာမယ်  . . . စတဲ့ ကောင်းမွန်တဲ့ အခြင်းအရာတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမယ့် မိမိမှာ စီးပွားဥစ္စာ၊ အတတ်ပညာ၊ သီလ ၊ သမာဓိ တကယ်မရှိဘဲနှင့် ရှိချင်ယောင်ဆောင်နေသူများ မိမိအယောင်ဆောင်မှုများ “ဗူးပေါ်သလို ပေါ်ပြီး” အရှက်တကွဲ အကျိုးနည်း ဖြစ်တတ်တဲ့ လ, လည်းဖြစ်ပါတယ်။ ဒီလထဲမှာ မိမိမှာ တကယ်ရှိတယ်ဆိုရင်တောင်မှ နှိမ်နှိမ်ချချ နေထိုင်ပါ။ ၀ါကြွားခြင်း ၊ မာန်တက်ခြင်းများကြောင့် ယခုလဟာ ကံကောင်းမှုများနောက်မှ ကံဆိုးမှုများ လိုက်လာနိုင်ပါတယ်။ မိန်းမသားများ ယခုလတွင် လက်ဝတ်တန်ဆာ ရတနာများ အလွန်အမင်း ၀တ်ဆင်မှု သတိပြုပါ။ ထိုလက်ဝတ်ရတနာများကြောင့် သူခိုး ၊ ဓါးပြ  ၊ အနုကြမ်း ၊ ခါးပိုက်နှိုက် ၊    လုယက်ခံရမှု ဘေးများတွေ့ရတတ်ပါတယ်။ ဒါကြောင့် ဒီလမှာ ရာဟုသားသမီးများ မကြွားပါနဲ့ ၊ မာန်မတက်ပါနဲ့လို့ သတိပေးရင်း ဒီတစ်လရဲ့ (၇)ရက်သားသမီး အဟောများကို အဆုံးသတ်လိုက်ပါတယ်။

နာမည်တွဲလုံးကတော့ ဗုဒ္ဓဟူး နဲ့ ရာဟု သိပ်မကွာလှပါဘူး။ ဒီလထဲမှာ ရာဟုအချိန်မှာ မွေးသူများမှာလည်း ဗုဒ္ဓဟူးသားသမီးများလိုဘဲ နာမည် အစ, အဆုံး ကောင်းပုံ/ညံ့ပုံခြင်း အတူတူလောက်ပါဘဲ။ (ဗုဒ္ဓဟူး နေ့သားသမီးများနေရာမှာ သွားဖတ်ပါ)။ နာမည်မှာ ဗုဒ္ဓဟူး(ရာဟု) စ, ထားပြီး ဗုဒ္ဓဟူး(ရာဟု) ပြန်ပိတ်သူများ ဗုဒ္ဓဟူးသားသမီးများလိုဘဲ အထူးသတိထားရဦးမှာပါဘဲ။

ယတြာပြုလိုပါက – ဆင်းရဲ ဒုက္ခရောက်နေတဲ့ မုဆိုးမတစ်ဦးကို မိမိတတ်နိုင်သလောက် ကူညီမစ ပေးကမ်းလိုက်ပါ။ မိမိ ကူညီနိုင်လျှင် ကူညီနိုင်သလောက် အကျိုးပြန်လည်ခံစားရပါလိမ့်မယ်။

.

(၇)ရက်သားသမီးအားလုံး ဘေးရန်ကင်းရှင်း ချမ်းသာခြင်းနှင့် ပြည့်စုံကြပါစေ။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

.

မှတ်ချက်။           ။ အထက်ပါ ဟောကိန်းများသည် (၇)ရက်သားသမီးများအတွက် “ယေဘူယျ” ဟောကိန်းများသာ ဖြစ်ပါသည်။ တစ်ဦးခြင်းစီအတွက် ဟောဆိုထားခြင်း မဟုတ်သည်ကို သတိပြု စေလိုပါသည်။ ပျှမ်းမျှခြင်း အရသာ မှန်နိုင်မည်ဖြစ်ပြီး လူတိုင်း လူတိုင်း အတွက်တော့ မှန်မည်မဟုတ်ပါ။

Share

28 comments on “# ဒီဇင်ဘာလ(၇)ရက်သားသမီးဗေဒင်

  1. ဘာပဲဖြစ်ဖြစ်ဆရာရယ်…
    လစဉ်တင်ပေးတာကျေးဇူးတင်ပါတယ်…
    ဆရာကျန်းမာပါစေ….

  2. thanks alot

  3. မိနှင်းလေး on said:

    ဆရာရဲ့ လစဉ်ဟောစာတမ်းတွေကိုဖတ်ရတာတော်တော်များများကမှန်လို့ 
    လစဉ်စောင့်ဖတ်နေပါတယ်ဆရာ

  4. susumon on said:

    Thank you sayar. Although it is abit late, I appreciate your kind attention to us.Moreover, as I am wed born and your prediction is correct.

  5. Kyaw M Htun on said:

    I do appreciate your kindness, Sir.

  6. Thanks Sayar, late is better than never, hei:)

  7. Thanks for ur post sayar.

  8. ခင်ခင် on said:

    မအားတဲ့ကြားထဲကရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာ။ တနင်လာသမီးပါ။ ခရီးထွက်ပြီးပါပြီ။ အဆင်မပြေဘူးလည်းမဟုတ်ပေမယ့် အပြေကြီးလည်းမဟုတ်ခဲ့ပါဘူး။ တည်းမယ့်ဟိုတယ်ကို ဘတ်စ်ကားနဲ့သွားတာ ကားမှားစီးလို့ ၂ နာရီလောက်တော့လမ်းလျှောက်လိုက်ရပါတယ်။ အဲအပြန်မှာကျတော့ အမျိုးသားလာကြိုတယ်။ လမ်းမှာ ည ၃ နာရီလောက် ကားဘီးပေါက်သွားတယ်။ မှန်တယ်ဆရာ။ ကျေးဇူးတင်ပါတယ်။

  9. sadabawa on said:

    ကျေးဇူးတင်ပါတယ်… ဆရာ

    လစဉ်စောင့်ဖတ်နေပါတယ်ဆရာ….

    ဆရာကျန်းမာပါစေ….

  10. မအားသည်ုကားမှဟောပေးသည်ကိုကျေးဇူးတင်ပါသည်။ ၂၀၁၂ အတွက် တိုင်းပြည်အပြောင်းအလဲ ဟောကိန်းများ ၊ ရာသီခွင် ဟောကိန်းများ ကို လည်း မျှော်လင့် နေ ပါ သည်။

  11. Hinnthar Oo on said:

    ဆရာဟောတာတွေ အရမ်းစိတ်ဝင်စားပါတယ်
    ဆရာဆီကို online ကနေမေးချင်ပါတယ် ဆရာ
    ဘယ်လိုမေးရမလဲဆိုတာသိပါရစေဆရာ

  12. myo chit on said:

    THANKS YOU VERY MUCH SAYA

  13. Thida Aye on said:

    ဆရာ ကျန်းမာပါစေ…….ကျွန်တော်က သောကြာပါ………….အခုဒီနှစ်ထဲ့မှာ အညံ့ တွေများနေပါတယ်…

  14. ပိုက်ပိုက် on said:

    ကျေးဇူးတင်ပါတယ် ဒီလိုတင်ပေးလို့ ဆရာရဲ့လစဉ်ဟောကိန်းတွေမှန်တာများပါတယ်

  15. ဆရာရဲ့အဟော မြေ၀ယ်ရင်မြတ်မယ်၊ ကားဝယ်ရင်ရှူံးမယ် ကိုဖတ်ရတာအရမ်းမှန်လို့ 
    အမြဲစောင့်ဖတ်နေပါတယ်ဆရာ။ ယခုကော ဘာဝယ်ရင်မြတ်မလဲ ကျေးဇူးပြုပြီးတင်ပေးပါဆရာ
    ဒီလ ဘာရောင်းရင်ကောင်းမလဲ၊ ဘာဝယ်ရင်ကောင်းမလဲ တွက်နည်းလဲတင်ပေးပါဆရာ
    ဆရာအစဉ်နေကောင်းပါစေလို့အမြဲဆုတောင်းပေးပါတယ်။

  16. Dr.Tin Bo Bo on said:

    တစ်လခြင်းစီ အတွက်မဟုတ်ပေမယ့် တစ်နှစ်တာအတွက် ဒီနှစ် ဘာပစ္စည်း ဈေးတက်မယ်/ဈေးကျမယ်ဆိုတာ တွက်နည်းကတော့ တင်ထားတာ ရှိတယ်လေ။ “ကုန်ဈေးနှုံးဗေဒင် . . ” ဆိုတဲ့ ပို့စ်လေးပါ။ ဒီနေရာကို နှိပ်ပြီး လင့်ခ်သွားလိုက်ပါ။ အဲဒီ နည်းနဲ့ ဒီနှစ် (၁၃၇၃)အတွက် “မော်တော်ကား” ဈေး နဲ့ “အိမ်ခြံမြေ” ဈေးကို တွက်ကြည့်ပါ။ မှန်နေတာကို တွေ့ရလိမ့်မယ်။ (ဒီနေရာမှာ နေ့နံ ကောက်ပုံ သတိထားပါ၊ “မော်တော်ကား” လို့ ယူရပြီး “ကား” ဆိုရင် မမှန်ပါ။ “မြေ” လို့ တစ်လုံးထဲယူလို့ မရပါ။ “အိမ်ခြံမြေ”ဆိုမှ မှန်တယ်) တစ်လခြင်းတွက်နည်းကတော့ မှတ်စုတွေ ပြန်ရှာရဦးမယ်။

  17. မှန်သဗျို.သှူုငယ်ချင်းတယောက်ဆိုင်ကယ်နဲမလာကီးသွားတယ်။ဒီကောင်လဲ
    တနင်္ဂနွေသား။ နံမယ်ကျသောကြာနဲစတယ်.

  18. Dr.Tin Bo Bo on said:

    2012 အတွက် မိဿ ၊ ပြိဿ . . . အစရှိသော ရာသီခွင်ဟောကိန်းများကို တွက်ချက်ရေးသားနေပါတယ်။ ဒီဇင်ဘာလကုန်လောက်မှာ တင်ပေးနိုင်မယ်ထင်ပါတယ်။

  19. အောင်နေခ on said:

    ဘာပဲဖြစ်ဖြစ်.. bravo … ကျေးဇူးတင်ပါတယ်ကွယ်။

  20. မနှင်း on said:

    ကျေးဇူးပါဆ၇ာ
    facebookမှာမေးထားတာလေးတွေလည်းအချိန်လေးလုပြီးဖြေပေးပါအုံးနော်
    လေးစားစွာဖြင်.
    မနှင်း

  21. red rose on said:

    ဒီဇင်ဘာလဟောကိန်းကို ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ..ရင်ဘတ် ၀မ်းဗိုက် ဒုက္ခပေးတတ်တယ်ဆိုတာ အမှန်ဘဲဆရာရေ့…ဆရာ့ဆောင်းပါးတွေကို စောင့်မျှော်ဖတ်ရှု့နေပါတယ်…ဆရာ ကျန်းမာပါစေ..

  22. Khine Lae Nwe on said:

    ကျေးဇူးတင်ပါတယ် ဆရာ နှောင်လည်း ဆရာရဲ့ ဟောကိန်းတွေကို စောင့်မျှော်နေပါ့မယ်

  23. သက် on said:

    ဆရာက စေတနာကောင်းတယ်. အတော်လည်းမှန်တယ်။ နေ့နံအလိုက် အကြမ်းဖျင်းတွက်ရတာ လွယ်တာ မဟုတ်ဘူး။

  24. Dear Dr Tin Bo Bo,
    Much appreciated for your kind post.
    My full name is start with Tuesday alphabet and end with Friday alphabet.
    I won 3rd Prize in Company Christmas lucky draw on 16th Dec and got 32″ LCD TV.
    The 1st Prize is 42″ LCD TV. Total Draw is 50 prizes.
    I mean Good Luck is surrounding to me.

    Wishing all the best to you too.

    Zeyar

    (I could not type in MM due to some technical restriction on my office pc.)

  25. သူဇာ on said:

    အ၇မ်းမှန်ပါတယ် . စောစော တင်ပေး ပါလို့ တောင်းဆိုချင်ပါတယ် — ဇန်နဝါ ၇ီ အတွက်လည်း မျှော် နေပါတယ်—

  26. ကျေးဇူးတင်ပါတယ်ဆရာ

  27. Dr.Tin Bo Bo on said:

    ဗေဒင်ကို အွန်လိုင်းကနေဖြစ်ဖြစ် ၊ လူတွေ့ဘဲဖြစ်ဖြစ် မဟောနိုင်တာ ကြပါပြီ။ ရင်သွေး အမည်ပေးတစ်ခုတည်းနဲ့တွင် အချိန်မလောက်လို့ပါ။ Short Question မေးခွန်းတို လေးတွေတော့ Facebook ထဲမှာ အချိန်ရလျှင် ရသလောက်ဖြေပေးနေပါတယ်။

  28. jungdosik on said:

    တနင်္ဂနွေ သား အတွက် မှန်ပါတယ်။ အလုပ်တွေ အရမ်းများနေပြီး အလုပ်နေရာလည်း ပြောင်းဖြစ်ပါတယ်။အလုပ်က အတူတူပါပဲ ကုမ္မဏီ နေရာ ပြောင်းတာပါ။ ချစ်သူအတွက် ပူဆွေး သောက လည်း မှန်ပါတယ်။

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ