mars god

ကိုသိန်းဖေ။ ။ “ကြာပြီ ဆိုတော့ မေ့လောက်ပါပြီ၊ စိတ်မှာ ထင်ခဲ့တယ် . . . . အချစ်ဦးမို့ ယနေ့ထက် ထိအောင် ကိုယ်မမေ့ နိုင်သေးတယ် . . . ”

ကျွန်ုပ်။ ။ ဘယ်လို ဖြစ်တာလည်း ကိုသိန်းဖေ  ရ။  စိုင်းထီးဆိုင် သီချင်းလေး တအေးအေး နဲ့ပါလား။ ဘာတွေများ ဖီလင်တက်လာ ပြန်ပြီလဲ။

ကိုသိန်းဖေ။ ။  ဒီ အသက်အရွယ်ရောက်မှ ဘာဖီလင်မှ တက်စရာ မရှိပါဘူးဗျာ။ ဆရာကလည်း မရိပ်မိဘဲ ကိုး။ ဆရာ့ကို“စောင်းပြီး” ဆိုနေတာလေ။

ကျွန်ုပ်။ ။ အလို။ ဘယ်လိုဖြစ်ရပြန်တာလဲဗျာ။ ကျွန်တော် နဲ့ ဒီသီချင်းနဲ့ ဘာဆိုင်လို့လဲ ဗျ။

ကိုသိန်းဖေ။ ။ ဆိုင်ပါသကောဗျာ။ ဆရာ့ဟာ တော်ကြာ တရားရိပ်သာဝင်ရတာ နဲ့ တော်ကြာ ဘလော့ဂ် အပိတ် ခံရတာနဲ့။ ဆရာ့ စာတွေကို စောင့်ဖတ်တဲ့ သူတွေ မေးခွန်းတွေ မေးထားတဲ့သူတွေ စိတ်ထဲမှာ ဆရာတော့ ငါတို့ကို မေ့နေလောက်ပါပြီ လို့ ထင်စရာ ဖြစ်ကုန်ကြပြီ ဆရာရေ။ ဒါကြောင့် ဒီ သီချင်းကို စောင်းပြီး ဆိုတာ ဆရာ ရေ့။

ကျွန်ုပ်။ ။ ဒီလိုလား။ ဒါဆိုလည်း စာဖတ်ပရိတ်သတ် အားလုံးကို ဒီနေရာကဘဲ တောင်းပန် လိုက်ပါတယ်ဗျာ။ ကျွန်တော်မှာတော့ တကယ့်ကို အခက်အခဲ တွေ့လို့ နှောင့်နှေး ကြန့်ကြာ နေရ တာပါ။ ကနေ့ အများစောင့်နေကြတဲ့ (9)ဂဏန်းသမားများအကြောင်း ကို တင်ပြီးရင်တော့ မေးခွန်း မေးထားတဲ့ သူတွေ အားလုံးကို ၄-၅ ရက် အတွင်း အပြီးအပြတ် ဖြေပေးသွားမှာပါဗျာ။ စိတ်ချပါ။

ကိုသိန်းဖေ။ ။ ကဲ ဆရာရေ။ ကျွန်တော်တို့ရဲ့ အပတ်စဉ် စကားဝိုင်းလေး စ, လိုက်ကြရအောင်လားဗျာ။ ဒီနေ့ နောက်ဆုံး ကျန်တာ တော့ (9)ဂဏန်းသမားတွေ အကြောင်းနော် ဆရာ။

ကျွန်ုပ်။ ။ ဟုတ်ပါတယ် ဗျာ။ ဖဲသမားတွေရဲ့ စကားနဲ့ ပြောရရင် “အသရေ မညှိုးတဲ့ ရွှေ ကိုး ” ပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ (9)ဂဏန်းကို တော်တော်ကြိုက်ကြတယ်ဗျ။ မော်တော်ကားနံပါတ် ဆိုရင်လည်း (9)ဂဏန်းရတဲ့ ကားဆို ၀ယ်ရ/ရောင်းရ လွယ်တယ်။ အိမ်နံပါတ်ဆိုလည်း ပေါင်းခြင်း (9)ကျရင် ကောင်းတယ်လို့ယူဆကြတယ်။ ကလေး နာမည်မှည့်ရင်လည်း (9)ဂဏန်း ရအောင် မှည့်ပေးပါလို့ မကြာခဏ တောင်းဆိုခံရတယ် ဗျ။ မြန်မာလို ၊ အင်္ဂလိပ်လို ပေါင်းခြင်း (9)ကျတဲ့ နေ့တွေကိုလည်း ကံကောင်းတယ်လို့ ယူဆကြပြန်တယ်။ “ကိုးန၀င်း” ဆိုတဲ့ စကားကလည်း ဂမ္ဘီရ လောကမှာ အတော် ခေတ်စားတဲ့ စကားလုံးဘဲဗျ။ အရာရာတိုင်းမှာ (9)ဂဏန်းဖြစ်ရင် သိပ်ကောင်းတယ်လို့ “မှားယွင်း” ယူဆနေကြတယ်ဗျ။

.

ကိုသိန်းဖေ။ ။ ဆရာက “မှားယွင်းယူဆနေကြတယ်” ဆိုတဲ့ အသုံးအနှုံးကို သုံးလိုက်တော့ (9)ဂဏန်းဟာ လူတွေထင်ထားသလို သိပ်ကောင်းတဲ့ ဂဏန်း တစ်ခု မဟုတ်ဘူးလို့ ဆရာပြောချင်တာလား ဗျာ။

ကျွန်ုပ်။ ။ မှန်တယ် ကိုသိန်းဖေ။ (9)ဂဏန်းဟာ ကောင်းတဲ့ နေရာမှာ ကောင်းသလို ဆိုးတဲ့နေရာမှာလည်း အတော်ဆိုးတတ် တယ်ဗျ။ ကျွန်တော်ကတော့ (9)ဂဏန်းကို ဂဏန်းအားလုံးထဲမှာ အကောင်းဆုံး ဂဏန်းလို့ လုံးဝ မယူဆဘူး။ ဒါကလည်း အရမ်းပြောတာမဟုတ်ဘဲ သုတေသနတွေ အများကြီး လုပ်ပြီး မှ ပြောတာပါ။ တစ်ကယ်ဆို (9)ဂဏန်းဟာ ကောင်းကျိုး နဲ့ ဆိုးကျိုးမှာ ချိန်ခွင်လျှာ တင်ကြည့်ရင် ဆိုးတဲ့ ဘက်ကတောင် ပိုများတယ်လို့ ပြောချင် ပါတယ်ဗျာ။ ကိုသိန်းဖေ ရေ။ ခင်ဗျားလည်း ဗေဒင်ပညာကို လိုက်စားနေတာ ဆိုတော့ သတိထားမိမလား မသိဘူး။ သင်္ချာဗေဒ မှာ “ပိုက်သာဂိုးရပ်စ်” ရဲ့ သင်္ချာ နဲ့ ရှေးဟောင်း “ချားလ်ဒီးယန်းသင်္ချာ” ဆိုပြီး (၂)မျိုး ရှိရာမှာ “ပိုက်သာဂိုးရပ်စ်” သင်္ချာမှာ (9)ဂဏန်းကို အသုံးပြုထားပေမယ့် “ချားလ်ဒီးယန်း” သင်္ချာမှာတော့ (9)ဂဏန်းကို ဘုရားသခင်ရဲ့ ဂဏန်း ဆိုပြီး ဘယ်အက္ခရာကို မှ အသုံးပြု မထားတာကို သတိထားမိမှာပါ။

ကိုသိန်းဖေ။ ။ ဆရာပြောမှ သတိထားမိတယ်။ ဟုတ်တယ်ဗျ။ ချားလ်ဒီယန်း သင်္ချာမှာ အက္ခရာတွေကို (1) ကနေ (8) အထိဘဲ ရေတွက်ထားတာတွေ့ရပြီး (9)ဂဏန်းပိုင်တဲ့ အက္ခရာ မရှိဘူးနော်။

ကျွန်ုပ်။ ။ နက္ခတ်ပညာ နဲ့ သင်္ချာဗေဒပညာကို စတင်အုတ်မြစ်ချခဲ့တယ်လို့ သမိုင်းမှာ မှတ်တမ်းတင်ခံရတဲ့ “ချားလ်ဒီးယန်း” လူမျိုးတွေဟာ (9)ဂဏန်း နဲ့ အင်္ဂါဂြိုဟ်ကို “နတ်ဘုရား အခေါင်အချုပ်” လို့ သတ်မှတ်ပြီး ကြောက်လန့်ကြတယ်လို့ ဆိုတယ်ဗျ။ သူတို့ ခေတ်က နတ်ဘုရားဆိုတာကလည်း လူတွေ သိပ်ပြီး ကြောက်လန့်ရတဲ့ ပုဂ္ဂိုလ်တွေဘဲ မဟုတ်လား။ ဒါကြောင့် ရှေးခေတ် ချားလ်ဒီယန်းလူမျိုးတွေဟာ (9)ဂဏန်းကို ရိုသေ ကြောက်လန့် ကြတာကို သွားတွေ့ရသဗျ။

ကိုသိန်းဖေ။ ။ ဒီနေရာမှာ ကျွန်တော် အကွန့်တက်ချင်တာက “နတ်ဘုရားတို့၏ ဘုရင်” ဆိုတဲ့ နေရာမှာ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အယူအဆ ကွဲပြား နေသလား မသိဘူး။ ကျွန်တော်ကြားဘူးတာက “နတ်ဘုရားတို့၏ ဘုရင်” ကို ကြာသပတေးဂြိုဟ် ကို သတ်မှတ်တယ်လို့ ကြားဘူးတယ်။

ကျွန်ုပ်။ ။ ခင်ဗျား ပြောတာလည်း မမှားဘူးဗျ။ ဒီနေရာမှာ လူမျိုးတစ်မျိုးစီ နဲ့ ခေတ်ကာလ အပေါ်မှာ မူတည်ပြီး သတ်မှတ်ချက်တွေ ကွဲပြားနေတာပါ။ ဒီလိုဗျ။ အလွန်ရှေးကျတဲ့ ချားလ်ဒီယန်းတွေကတော့ အင်္ဂါဂြိုဟ်ကို နတ်တို့၏ ဘုရင်လို့ သတ်မှတ်ပေမယ့်၊ အီဂျစ် အင်ပါယာကြီ ကောင်းစားလာတဲ့ အချိန် မှာတော့ နတ်တို့၏ ဘုရင်က “နေမင်း” ဆိုတဲ့ တနင်္ဂနွေဂြိုဟ် ဖြစ်လာပြန်တယ်ဗျ။ အီဂျစ်ဘာသာနဲ့ Rah (ရားရ်) လို့ခေါ်တဲ့ နေနတ်မင်းဟာ နတ်တို့ရဲ့ ဘုရင်အဖြစ် သတ်မှတ်ခံခဲ့ရတယ်ဗျ။ အဲဒီနောက် ဂရိ နဲ့ ရောမ အင်ပါယာတွေကောင်းစားလာတော့ “ဂျူပီတာ” လို့ခေါ်တဲ့ ကြာသပတေးဂြိုဟ် မင်းက နတ်တို့ရဲ့ ဘုရင် ဖြစ်လာပြန်သဗျ။ ဒါတွေက ခေတ်ကာလ နဲ့ လူမျိုးတွေအပေါ်မှာ မူတည်ပြီး ပြောင်းလဲနေတာပါ။  ဘာသာတရားတွေ ထွန်းကားလာတဲ့ နောက်မှာ နတ်ဘုရား ကိုးကွယ်မှုတွေ ကွယ်ပျောက်ခဲ့ပြီး ဂြိုဟ်တွေကို သက်မဲ့လို့ သတ်မှတ်လာကြပေမယ့် ဂြိုဟ်တို့၏ဘုရင် ဆိုတဲ့ အယူအဆ ကတော့ ဆက်ရှိနေသေးတယ်။ ဒီနေရာမှာ အရှေ့တိုင်း (နိယာယန စနစ်) နဲ့ အနောက်တိုင်း (သာယနစနစ်) အကြား ကွဲပြားနေသေးတာကို သွားတွေ့ရ တယ်ဗျ။

ကိုသိန်းဖေ။ ။ ဟုတ်လား ဆရာ။ ကျွန်တော်က နက္ခတ်ပိုင်းမှာ မကျွမ်းကျင်လို့ ဒါလေးကို ဗဟုသုတ ရအောင် ပြောပြပါဦး။

ကျွန်ုပ်။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ နက္ခတ်ဗေဒင်ပညာက အိန္ဒိယက ရောက်လာတဲ့ ပညာဆိုတာတော့ ခင်ဗျားသိမှာပါ။ အဲဒီ အရှေ့တိုင်းစနစ် ဂြိုဟ်(၉)လုံးထဲမှာ ဂြိုဟ်တို့၏ ဘုရင်လို့ သတ်မှတ်ထားတဲ့ဂြိုဟ်က “ကြာသပတေးဂြိုဟ်” ကြီးဗျ။ ဒါကြောင့် ကြာသပတေးဂြိုဟ် ကောင်း၊ အပြစ်တစ်သိန်းပျောက်တို့၊ အပြစ်တစ်သန်းပျောက် တို့ဆိုတဲ့ ဆိုရိုးတွေ ဖြစ်လာကြတာပေါ့။ သာယနစနစ် လို့ ခေါ်တဲ့ အနောက်တိုင်း စနစ်မှာတော့ “တနင်္ဂနွေ” ဂြိုဟ်ဖြစ်တဲ့ နေမင်းကို ဂြိုဟ်တို့၏ ဘုရင်လို့ သတ်မှတ်ကြပြန်သဗျ။ ဒါကြောင့် အနောက်တိုင်းရာသီခွင်စနစ်ဟာ (၁၂)ရာသီခွင်မှာ တနင်္ဂနွေရပ်တည်မှု အပေါ် အခြေခံထားတာဖြစ်ပြီး “Transit” လို့ ခေါ်တဲ့ ဂြိုဟ်မြင်စနစ်မှာလည်း တနင်္ဂနွေရဲ့ ဂြိုဟ်မြင်ကို အတော် အဓိကထားကြတယ်။ နောက်ပြီး “Progressive” လို့ခေါ်တဲ့ တစ်နှစ်ခြင်း ဟောကိန်းထုတ်တဲ့ နှစ်တိုး ဇာတာ ဆိုရင်လည်း ကိုယ့်မွေးတဲ့ နာရီ၊ မိနစ်ကို တနင်္ဂနွေဂြိုဟ် အတိအကျဖြတ်သန်းချိန်ကို ယူပြီး ဇာတာဖွဲ့ ဟောကိန်း ထုတ်ကြတဲ့ စနစ်တွေဘဲဖြစ်တယ်။ ကဲ ဒါတွေပြောနေရင် ပြီးမှာ မဟုတ်တော့ဘူး။ (9)ဂဏန်းအကြောင်း စ, လိုက်ကြရအောင်။

ကိုသိန်းဖေ။ ။ ကျွန်တော်တို့လို ဗေဒင်ပညာကို လိုက်စားနေသူတွေ အတွက်တော့ ဒီလို ကျယ်ကျယ်ပြန့်ပြန့်သိခွင့်ရတာ ၀မ်းမြောက်မိပါတယ်ဗျာ။ ကဲ- သမိုင်းကို သိပ်စိတ်မ၀င်စားဘဲ အဟောပိုင်းကိုဘဲ စိတ်ဝင်စားသူတွေအတွက် (9)ဂဏန်းသမားများအကြောင်း တစေ့တစောင်းကို စ,လိုက်ကြ စို့လားဗျ။

ကျွန်ုပ်။ ။ ကိုသိန်းဖေ ရေ။ (9)ဂဏန်းဟာ သချာင်္ဗေဒမှာ “အင်္ဂါဂြိုဟ်” ပိုင်တဲ့ ဂဏန်းဖြစ်တယ်။ အင်္ဂါဂြိုဟ် ဟာ ရောမဒဏ္ဍာရီမှာ “စစ်နတ်ဘုရား”လို့ သတ်မှတ်ပြီး စစ်ပွဲများ၊ တိုက်ခိုက်မှုများ၊ အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများ၊ သွေးထွက်သံယိုမှုများ၊ မီး , လျှပ်စစ် နဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းများ၊ ဒါး၊ လှံများလို ချွန်ထက် တဲ့ ပစ္စည်းများ၊ စက်ကရိယာ ပစ္စည်းများနဲ့ ကပ်ရောဂါများ၊ ဘေးဆိုးအန္တရာယ်များ နဲ့ သက်ဆိုင်နေတဲ့ ဂဏန်းဖြစ်ပါတယ်။ ဒါကြောင့်  ဇာတာတစ်စောင်မှာ အင်္ဂါဂြိုဟ် အားကောင်းတဲ့ သူများဟာ စစ်ဘက်၊ စက်မှုလက်မှုဘက်၊ ဆေးပညာဆိုင်ရာ(အထူးသဖြင့် ခွဲစိတ်ကုသခြင်း) တွေမှာ အကျိုးပေး၊ ထူးချွန်တတ်သူတွေ များတယ်ဗျ။

ဒါပေမယ့် အင်္ဂါဂြိုဟ်ဟာ ကျန်တဲ့ ဂြိုဟ်တွေနဲ့ အမြင်အယှဉ် ဆက်သွယ်မှု မကောင်းပြန်ရင်လည်း ဘ၀မှာ Accident တွေဖြစ်ခြင်း၊ သွေးထွက်သံယို ဖြစ်ခြင်း၊ ခွဲစိတ်ကုသခံရခြင်းတွေ ဖြစ်တတ်တယ်ဗျ။ အင်္ဂါဂြိုဟ်ဟာ ယောင်္ကျားတွေကို ကိုယ်စားပြုတဲ့ “အဖို” သင်္ကေတ ဖြစ်ပြီး သောကြာဂြိုဟ်ကတော့ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ “အမ” သင်္ကေတ ဖြစ်တယ်။ ရောမ ဒဏ္ဍာရီတွေမှာတော့ သောကြာဂြိုဟ်အရှင်မ “ဗီးနပ်စ်” အင်္ဂါဂြိုဟ် “မားစ်” ရဲ့ ကြင်ယာတော် ဖြစ်တယ်လို့ သတ်မှတ်ကြတယ်။

mars and venus (131 x 150)

အဖိုဓာတ် နှင့် အမဓာတ် ကို ကိုယ်စားပြုသော အင်္ဂါဂြိုဟ်နှင့် သောကြာဂြိုဟ်တို့၏ သင်္ကေတ

လက်ရိုး နက္ခတ်ဗေဒင်ပညာမှာဘဲ ဖြစ်ဖြစ်၊ လက်ဆန်းဗေဒင်မှာဖြစ်ဖြစ်၊ ဂဏန်းဗေဒင်မှာ ဖြစ်ဖြစ် အင်္ဂါဂြိုဟ် အားနည်းရင် မိန်းမသားတွေမှာ အိမ်ထောင်ရေးကံ ညံ့တတ်ကြတယ်ဗျ။ ယောင်္ကျားကောင်း မရတတ်ကြဘူး။ အင်္ဂါဂြိုဟ်ဟာ မိန်းမသား တွေအတွက် အိမ်ထောင်ရေးမှာ အတော်ကို ဒုက္ခပေးနိုင်တဲ့ ဂြိုဟ်ြဖစ်တာကို ကျွန်တော်ရေးခဲ့ပြီး “အင်္ဂါဂြိုဟ်နဲ့ အိမ်ထောင်ရေး” ပိုစ့်မှာ သွားဖတ်ကြည့်ရင် ပိုကောင်းမယ်ဗျ။ (ဖတ်ချင်ရင် ဒီနေရာကို Click လုပ်ပါ)။ (9)ဂဏန်းသမား တွေရဲ့ ထူးခြားချက်တွေကတော့-

= များသောအားဖြင့် ပထမ အရွယ်မှာ ညံ့တတ်တယ်။ ကိုယ်မွေးပြီး မိဘတွေ အိမ်ထောင်ရေး၊ စီးပွားရေး ကသောင်းကနင်းဖြစ်တတ်တယ်။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင် ကျန်းမာရေး အလွန်ညံ့တတ်တယ်။

= အင်္ဂါဂြိုဟ် စိုးမိုးသူများ ပီပီ (9) ဂဏန်းသမားတွေဟာ “တုန်းဆိုတိုက်၊ ကျားဆိုကိုက်” သမားတွေ ဖြစ်တယ်။ စဉ်းစားတွေဝေ ချင့်ချိန်မှု နည်းတယ်။ စိတ်လောကြီးပြီး အရင်လို တတ်ကြသူများ ဖြစ်ကြတယ်။ စိတ်ရှည်သည်းခံနိုင်စွမ်း နည်းတယ်။ ရုပ်ဝါဒီ သမားတွေ များတယ်။ အပြိုင်အဆိုင်စိတ် ရှိတယ်။ အတိုက်အခံ ပြုလိုစိတ် ရှိတယ်။ ဘာသာရေးဖက်မှာ အားနည်း တတ်ကြတယ်။ ဒါပေမယ့် ဘာသာရေးဖက်ကို လုပ်မိပြီဆိုရင်လည်း အလွန်အကျွံ လုပ်တတ် ကြပြန်တယ်။ ပြင်းပြင်းထန်ထန် လုပ်တတ်ကြတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ရဟန်းသံဃာတော်တွေထဲမှာ (9)ဂဏန်းသမား အတော်များတယ်ဗျ။

=  (9)ဂဏန်းသမားများဟာ ကိုယ်မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူများ ဖြစ်တာကြောင့် အငြင်းအခုန်သန်သူများ၊ ခိုက်ရန်ဖြစ်ပွား လွယ်သူများ၊ လူချစ်လူခင်မများသူများ အဖြစ် အများဆုံး တွေ့ရတတ်တယ်။ သူတို့ဟာ သူများအကြံပေးချက်၊ တိုက်တွန်းချက် များကို ထည့်သွင်းစဉ်းစားလေ့ မရှိဘဲ ကိုယ့် ဆုံးဖြတ်ချက်ကိုသာ ကိုယ်ယုံကြည်ကြသူများ ဖြစ်ကြတယ်။ ကိုယ့် ဆုံးဖြတ်ချက်အတိုင်း လုပ်လို့ အမှားတွေ့ကြရင်လည်း နောင်တရလေ့ မရှိကြပါဘူး။ နောင်တ ရရင်လည်း ကိုယ့်စိတ် ထဲမှာဘဲ ကိုယ်ထားပြီး သူများကို ဖွင့်ဟ မပြောတတ်ကြပါဘူး။ သူတို့ဟာ သူတို့ အမှားကို ၀န်ခံလေ့ မရှိတတ်ကြ တဲ့ လူစားမျိုးတွေဖြစ်တယ်။ “ကျွန်တော်/ကျွန်မ သိပ်မှားသွားပါတယ်” ဆိုတဲ့ စကားမျိုးကို (9)ဂဏန်းသမားတွေ ဆီက ကြားရခဲပါတယ်။

= (9)ဂဏန်း သမားတွေထဲမှာ အစွန်းရောက်သူတွေ သိပ်များတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်ကျိုးလုံးဝဆို လုံးဝမကြည့်ဘဲ အများအကျိုး သက်သက်သာ ဆောင်ရွက်နေသူတွေဖြစ်ပြီး၊ တစ်ချို့ကျပြန်တော့လည်း “ဘယ်သူသေသေ၊ ငတေမာပြီးရော” သမားတွေ ဖြစ်တတ်တယ်။ ဥပမာနှိုင်းယှဉ်ပြရရင် သူ့ဘ၀တစ်ခုလုံးကို လူမှုရေး အကျိုးသက်သက် အတွက်နဲ့ ရှင်သန်သွားတဲ့ မဟာဂရုဏာရှင် “မာသာထရီဇာ” ဟာ (27)ရက်နေ့မှာ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဖြစ်ပြီး ၊ ပြည်သူ သန်းပေါင်းများစွာကို လျှို့ဝှက်စွာ သတ်ဖြတ်ခဲ့တဲ့ ဆိုဗီယက် အာဏာရှင်ဟောင်း “စတာလင်” ဟာလည်း (18)ရက်နေ့ မွေးတဲ့ (9)ဂဏန်း ပိုင်ရှင်ဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် (18) ဂဏန်း နဲ့ (27)ဂဏန်းဟာ (9)ခြင်း တူပေမယ့် ကွာခြားချက်တွေ အများကြီး ရှိတာကို ဆက်ပြီး ဖတ်ရပါမယ်။

=(9)ဂဏန်းသမားတွေဟာ ဘ၀ကို သက်သက်သာသာ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းရသူတွေ မဟုတ်ကြပါ။ အမြဲတမ်း ပြဿနာ၊ ဒုက္ခ၊ အခက်အခဲ၊ အန္တရာယ်တွေ နဲ့ ရင်ဆိုင်နေရပါတယ်။ လူ လူချင်း ပြိုင်ဆိုင် တိုက်ခိုက်ခံရတဲ့ ပြဿနာတွေ ရှိသလို ရန်သူမျိုး(၅)ပါးဘေး၊ သဘာဝ ဘေးဥပဒ် ဘေးများနဲ့လည်း မကြာခဏ ကြုံရတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ ခံနိုင်ရည် မြင့်မားသူတွေဖြစ်ပြီး အဆိုးဆုံး အခြေအနေထဲမှာ တောင်မှ  အကောင်းဆုံးဖြစ်လာမှာကို မျှော်လင့်ချက် အပြည့် ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ လွယ်လွယ် နဲ့ နောက်ဆုတ်တတတ်ကြသူများ မဟုတ်ဘူး။

= သူတို့ဘ၀ဟာ ကိုယ့်ကို အတိုက်အခံပြုသူ ၊ အပြိုင်အဆိုင် ပြုသူတွေ အမြဲရှိတတ်တယ်။ ရန်သူ များတတ်တယ်။ နောက်ပြီး သူတို့ ကိုယ်တိုင်ကလည်း ပြိုင်ဘက်တွေကို အတိုက်အခံ ၊ အပြိုင်အဆိုင် ပြုလိုစိတ် ပြင်းထန်သူတွေဖြစ်တယ်။ “ဂျိုကုပ်ရှိရာ၊ ဂျိုထောင်မလာ” ဆိုတဲ့ စကားလိုပေါ့ဗျာ။ (9)ဂဏန်း သမား အတော်များများဟာ ယဉ်ကျေးသိမ်မွေ့မှု သိပ်မရှိကြဘဲ “ငါ့ စကား၊ ငါ့နွားရ” ပြောတတ်ကြသူ၊ ဘေးကျကျ ပြောတတ်ကြသူများဖြစ်လို့ သူတို့ အကြောင်း မသိရင် အတော်ပေါင်းရ ခက်သားလားဗျ။ တစ်ချို့ စကားပြော ယဉ်ကျေးတဲ့ (9)သမားတွေလည်း ရှိပါတယ်။ ဒါပေမယ့် စကားပြောသာ မရိုင်း ပေမယ့် “အကြောကတော့ အတော်မာတယ်” ပြောရမယ်ဗျ။ “ပျော့ပျော့လေး နဲ့ နံတဲ့ ကြောင်ချီး” သမားတွေပေါ့ဗျာ။ သူတို့ကို အကြံပေးလို့ မရဘူးဗျ။ သူတို့ လုပ်ချင်ရာ လုပ်တတ်တဲ့ လူစားမျိုးတွေ။

= အချစ်ရေး၊ အိမ်ထောင်ရေး ဘ၀မှာတော့ (9)ဂဏန်းသမားတွေဟာ ယောင်္ကျားတွေ နဲ့ မိန်းမတွေဟာ ပြောင်းပြန် အကျိုးပေးတတ်ကြပါတယ်။ ယောင်္ကျားလေး (9)သမားတွေဟာ ယေဘူယျ အိမ်ထောင်ရေး ကောင်းမွန်ပြီး၊ မိန်းကလေး (9)သမားတွေ ကျတော့ ယေဘူယျ အိမ်ထောင်ရေး ညံ့တတ် ကြပါတယ်။ သင်္ချာဗေဒမှာ (4)ဂဏန်း အခြင်းခြင်း အိမ်ထောင်မပြုသင့်သလို (9)ဂဏန်း အချင်းချင်းလည်း အိမ်ထောင်မပြုသင့်ပါဘူး။ အတွေ့ရများတာ ကတော့ (9)ဂဏန်း သမားခြင်း အိမ်ထောင်ပြုရင် အလွန် ဆင်းရဲဒုက္ခ ရောက်တတ်ပါတယ်။ စီးပွားရေး အလွန်ညံ့တတ်ပါတယ်။ လူချင်းကတော့ သင့်မြတ် အဆင်ပြေကြတာ များပါတယ်။

= (9)ဂဏန်း သမားတွေဟာ လူလူခြင်း အပေါ်မှာ အကောင်းမြင်ဝါဒ နည်းတတ်ကြပါတယ်။ အထူးသဖြင့် ဆွေမျိုး သားချင်းများ နဲ့ အမြဲလို မသင့်မတင့် ဖြစ်နေကြသူများ ဖြစ်တတ်ကြပါတယ်။ (9)သမား အတော်များများဟာ လူချစ်လူခင် နည်းတတ်ကြပါတယ်။ ဒါကြောင့် တစ်ကယ် ဒုက္ခရောက်ပြီ ဆိုရင် ကယ်မယ့်သူမရှိ၊ ယူမယ့်သူ မရှိ ဖြစ်ရတတ်တာကို အထူးသတိပြုစေချင်ပါတယ်။

= (9)ဂဏန်း သမားတွေဟာ ဇွဲသတ္တိကောင်းတယ်။ အပင်ပန်းခံနိုင်တယ်။ အကြံကြီးပြီး ဘ၀တိုးတက်အောင်မြင်ရေးကို အမြဲ ကြိုးစားနေကြသူများ ဖြစ်ပေမယ့် လူမှုဆက်ဆံရေး ပြေပြစ်မှု နည်းပါးခြင်း၊ သူ့ဖက်ကိုယ့်ဖက် မျှတတဲ့ အမြင် နဲ့ လုပ်ရပ်တွေ မှာ အားနည်းခြင်း၊ တတ်သိ နားလည်သူတို့ရဲ့ အကြံပေးချက်များကို လိုက်နာမှု မရှိခြင်းတွေကြောင့် ဘ၀မှာ အောင်မြင် သင့်သလောက် မအောင်မြင်ကြတာ များတယ်ဗျ။

ကိုသိန်းဖေ။ ။ သူတို့နဲ့ တည့်တဲ့ဂဏန်း မတည့်တဲ့ဂဏန်း တွေရယ် , ဘ၀အကျိုးပေး လုပ်ငန်းတွေကို အမိန့်ရှိပါဦးဆရာ။

ကျွန်ုပ်။ ။ (7)ဂဏန်းသမားများအကြောင်းမှာ ရေးခဲ့သလို (9)ဂဏန်း နဲ့ (7) ဂဏန်းဟာ ကမ္ဘာရန်ပါဘဲ။ ဒါကြောင့် (9)ဂဏန်းသမားတွေဟာ ပေါင်းလိုက်ရင် (7)ဂဏန်း ကျတဲ့ အသက်ပိုင်းတွေ (ဥပမာ- 34နှစ်)၊ (7)ဂဏန်းပါတဲ့ အသက်ပိုင်းတွေ (ဥပမာ-47)တွေမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးတွေ ထိခိုက်တတ်တယ်။ (9)ဂဏန်း နဲ့ နောက်ထပ် မတည့်တာက (8)ဂဏန်း။ (9)ဂဏန်းက အင်္ဂါဂြိုဟ် ၊ (8)ဂဏန်းက စနေဂြိုဟ်။ ဒီဂြိုဟ်နှစ် လုံးပေါင်းမိရင် မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ သွေးထွက်သံယိုဖြစ်ခြင်း၊ ဆူပူအကြမ်းဖက်မှုများဖြစ်ခြင်း၊ သဘာဝဘေးဥပါဒ်များနဲ့ Accident မျိုးစုံကို ဖြစ်စေ နိုင်တာကို သတိပြုရမယ်။ နောက်မတည့်တဲ့ ဂဏန်းကတော့ (4)ဂဏန်းပေါ့ဗျာ။ (4)ဂဏန်း နဲ့ (9)ဂဏန်း နှစ်ခု ပေါင်းစုံမိရင်လည်း Accident တွေ၊ ဘေးဥပဒ်တွေ၊ သွေးထွက်သံယိုမှုတွေ ဖြစ်နိုင်တယ်ဗျ။ ဒါကြောင့် (9)ဂဏန်း၊ (8)ဂဏန်း နဲ့ (4) ဂဏန်း ဆိုတဲ့ ဂဏန်း (၃)လုံး ပေါင်းစည်း မိပြီဆိုရင် ကြောက်စရာကောင်းတဲ့ ဘေးဥပဒ်တွေ ဖြစ်စေ နိုင်တယ်ဗျ။ (9)ဂဏန်း သမားတွေဟာ (1)ဂဏန်း၊ (3)ဂဏန်း၊ (5)ဂဏန်း၊ (6)ဂဏန်းများနဲ့တော့ တည့်ပြီး (2)ဂဏန်း သမားနဲ့ ဥဒါသိန် လို့ ခေါ်တဲ့ အလယ်အလတ် ဂဏန်းပေါ့ဗျာ။

= (9)ဂဏန်းသမားတွေနဲ့ အကျိုးပေးတဲ့ အလုပ်တွေကတော့ စစ်ဘက်၊ ဆေးဘက်၊ ဆရာဝန်၊ သူနာပြု ၊ အင်ဂျင်နီယာ၊ ယာဉ်စက်ကရိယာလုပ်ငန်းများ၊ မီးလျှပ်စစ်နှင့် တိုက်ရိုက်ထိတွေ့ရသော လုပ်ငန်း၊ ရွှေလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ဆေးဝါး ထုတ်လုပ် ရောင်းဝယ်ခြင်း၊ အားကစား နှင့် ဆက်နွယ်နေသော လုပ်ငန်းများ၊ ချွန်ထက်သော လက်နက်များ၊ ဒါးများ ကတ်ကြေးများ နှင့် ပူးတွဲ လုပ်ကိုင်ရသော လုပ်ငန်းများ အကျိုးပေးပါတယ်။

ကိုသိန်းဖေ။ ။ (9)ဂဏန်း တစ်ခုခြင်းစီရဲ့ ၀ိသေသ လက္ခဏာလေးတွေလည်း ပြောပြပါဦး ဆရာ။

ကျွန်ုပ်။ ။ (9)ရက်နေ့မှာ မွေးတဲ့ (9)ထီးတည်း သမားတွေကတော့ ငယ်စဉ်ဘ၀မှာ ခက်ခဲကြမ်းတမ်းမယ်။ ကျန်းမာရေးမကောင်းဖြစ်မယ်။ ကိုယ်မွေးပြီး မိဘတွေ စီးပွားကျတာ၊ အိမ်ထောင်ရေး အဆင်မပြေတာ ဖြစ်တတ်တယ်။ ခေါင်းမာတယ်။ အကြောမာတယ်။ ကိုယ်ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တတ်တယ်။ ပြီးမှ ကောင်းလည်းခံ၊ ဆိုးလည်း ခံ ပေါ့။ သူတစ်ဖက်သားနေရာက ၀င်ပြီးစဉ်းစားတတ်တဲ့ စိတ်သဘောမျိုး နည်းတယ်။ ဆွေမျိုးများနဲ့ မသင့်မတင့် အလွန်ဖြစ်မယ်။ ဒီကြားထဲမှာ မိန်းကလေးဖြစ်ပြီး အင်္ဂါသမီး၊ စနေသမီးတို့ ၊ (၂)ကြွင်း ၊ (၃)ကြွင်း ၊ (၆)ကြွင်းဖွား တွေ ဖြစ်မယ်ဆိုရင်တော့ အိမ်ထောင်ပျက်ခြင်း၊ ကွဲခြင်း၊ မုဆိုးမဖြစ်ခြင်းများ အလွန်ဖြစ်လွယ်ပါတယ်။

= (18)ရက်နေ့ မွေးတဲ့ (9)ဂဏန်းသမားကျတော့ ငယ်စဉ်ဘ၀မှာ ဒုက္ခ၊ ဆင်းရဲ အလွန်များပြီး ချို့ချို့တဲ့တဲ့ နဲ့ ဘ၀ကို စ,တင်ရသူတွေ ပိုများပါတယ်။ ဒါပေမယ့် Current of Destiny လည်းကောင်းရင် ဒုတိယ၊ တတိယ အရွယ်တွေမှာ ကောင်းစားတတ်ပါတယ်။ ဒီနေရာမှာ (9)ထီးတည်း သမားတွေထက် နဲနဲ သာပါတယ်။ (18)ဂဏန်းသမားတွေရဲ့ အားနည်းချက်ကတော့ ကိုယ်ခြင်းစာတရားနည်းပါးတတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ အချို့ အလွန် ရက်စက်စွာ ပြုမူတတ်ခြင်းများ ဖြစ်တတ်ပါတယ်။ (အားလုံးတော့ မဆိုလိုပါ)။ Accident နဲ့ သဘာဝ ဘေးအန္တရာယ်များ ကြုံဆုံလွယ် တတ်ပါတယ်။

= (27) ရက်မွေးတဲ့ (9)ဂဏန်းသမားတွေကတော့ အားလုံးထဲမှာ အကောင်းဆုံးပါဘဲ။ များသောအားဖြင့် လူမှုရေးသမားများ၊ နိုင်ငံရေးသမားများ အဖြစ် တွေ့ရတတ်တယ်။ နာမည်ကျော် ဘုန်းတော်ကြီးတွေမှာလည်း တွေ့ရတတ်တယ်။ (ရဟန္တာ အရှင်မြတ်ကြီးဖြစ်တဲ့ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီးဦးဝိမလ ဟာ (27)ရက်ဖွားဖြစ်ပါတယ်)။ ရဟန်း တော်တွေ ကျင့်အပ်တဲ့ ၀ိနည်းအရာမှာ မော်ကွန်းတင်ရမယ့် အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းဆရာတော်အရှင်ဇနကာ ဘိဝံသ” ဟာဆိုရင်လည်း (27)ရက်ဖွား သာသနာ့ အာဇာနည်ကြီးပါ။ ၀ိနည်း ကို အသက်နဲ့လဲပြီး စောင့်ရှောက် သွားသူပါ။ ဒီခေတ် ရဟန်းတော်များ အလွန်အတုယူဖွယ် ကောင်းလှပါတယ်။

(27)ရက်ကို သင်္ချာဗေဒပညာမှာ “ရာဇလှံတံ” လို့ အမည်ကင်ပွန်းတပ်ပါတယ်။ လူ့သမိုင်းမှာ တစ်ဦးဆိုတစ်ဦး ပေါ်ထွန်းခဲ့တဲ့ မဟာဂရုဏာရှင် “မာသာထရီဇာ” ဟာလည်း (27)ရက်ဖွားပါဘဲ။ (27)ရက်ဖွားတွေဟာ (9) (18)ဂဏန်းတွေလောက် ရုပ်ဝါဒီ မဆန်ဘဲ နာမ်ဝါဒ နဲ့ ဘာသာရေးဘက်ကို ပိုမို ကိုင်းညွတ်ပါတယ်။ အတွေးအခေါ်လည်း ပိုမိုမြင့်မားပါတယ်။ ဘ၀ ကံဇာတာ အလွန်ကောင်းတတ်ပါတယ်။ အောင်မြင်ကျော်ကြား လွယ်ပါတယ်။ ကမ္ဘာကျော်တဲ့ (9)ဂဏန်းသမား အများစုဟာ (27)ရက်ဖွားတွေဘဲ ဖြစ်နေ တာကို တွေ့ရတယ်ဗျ။

ကိုသိန်းဖေ။ ။ ကဲ- ဆရာရေ။ အဆုံးသတ်အနေနဲ့ ဆရာ စုဆောင်းထားတဲ့ ကမ္ဘာကျော် (9)ဂဏန်း သမားများကိုလည်း ပြောပါဦး ဆရာရေ။

ကျွန်ုပ်။ ။ ကမ္ဘာကျော် (9)ဂဏန်းသမားတွေကတော့ – ကဗျာဆရာကြီး လောင်းဖဲလိုး က (27)ရက်ဖွား၊ လုပ်ကြံခံရတဲ့ ဖိလစ်ပိုင် အတိုက်အခံ ခေါင်းဆောင် ဘင်နီနို အကွီနို က (27)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း ရစ်ချတ်နစ်ဆင် က (9)ရက်ဖွား၊ နိုဘယ်ဆုရှင် နယ်လဆင်မန်ဒဲလား က (18)ရက်ဖွား၊ သြစတြီးယား အိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် က (18)ရက်ဖွား၊ နိုဘယ်ဆုရှင် ဂျွန်စတိန်းဘတ် က (27)ရက်ဖွား၊ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟင်နရီ ကစ်ဆင်းဂျားက (27)ရက်ဖွား၊ မော့စ် ကြေးနန်းစနစ်ကို တီထွင်ခဲ့သူ ဆင်မြူရယ် မော့စ် က (27)ရက်ဖွား၊ အာကာသထဲကို ပထမဆုံး ရောက်ခဲ့သူ ယူရီဂါဂါရင် က (9)ရက်ဖွား၊ ဆွံအ နားမကြား၊ မျက်မမြင်ဘ၀နဲ့ ပါရဂူဘွဲ့ တွေယူနိုင်ခဲ့တဲ့ ဟယ်လင်ကယ်လား က (27)ရက်ဖွား၊ ဂျာမန် နက္ခတ်ပညာရှင် ကတ်ပလာ က (27)ရက်ဖွား၊ အက်ရှင်မင်းသား ဂျင်းကလောက် ဗန်ဒိန်း က (18)ရက်ဖွား၊ ဟောလီးဝုဒ် မင်းသားတွေဖြစ်တဲ့ ကီဗင် ကော့စနာ ၊ ဂျွန်ထရာ ဗိုလ်တာ နဲ့ ဘရက်ပစ် တို့က (18)ရက်ဖွားတွေ၊ အောင်မြင်ကျော်ကြားနေချိန်မှာ ရုတ်တရက် ကွယ်လွန်သွားရ ရှာတဲ့ ဟောင်ကောင် ကွန်ဖူးမင်းသား ဘရုစ်လီ က (27) ရက်ဖွား၊ နောက်လက်ရှိ အောင်မြင်ကျော်ကြားနေတဲ့ ဟောင်ကောင် အက်ရှင်မင်းသား ချောင်ယွန်ဖတ် က (18)ရက်ဖွား၊ အဆိုကျော် ခရစ္စတီးနား အဂွီလီးယား က (18)ရက်ဖွား၊ သဘာဝ မင်းသား တွမ်ဟန့်ခ် က (9)ရက်ဖွား၊ ကလီယိုပက်ထရာ ဇာတ်ကားနဲ့ နာမည်ကြီးခဲ့ပြီး အိမ်ထောင် (၇)ဆက်ပြုခဲ့တဲ့ မင်းသမီးကြီး အဲလီဇဘက်တေလာ က (27)ရက်ဖွား၊ ကမ္ဘာကျော် ဂီတပညာရှင် မိုးဇက် က (27)ရက်ဖွား၊ ဘီတယ် အဆိုကျော် ဂျွန်လီနွန်က (9)ရက်ဖွား၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ က (18) ရက်ဖွား၊ ဆိုဗီယက် အာဏာရှင် ဂျိုးဇက် စတာလင် (18)ရက်ဖွား၊ အမေရိကန် သန်းကြွယ်သူဌေးကြီး ဟင်နရီ ဂျေ ကိုင်ဇာ က (9)ရက်ဖွား၊ မဟာဂရုဏာရှင် မာသာထရီဇာ က (27)ရက်ဖွား၊ အမေရိကန် သမ္မတဟောင်း သီအိုဒို ရု့စ်ဘဲ က (27)ရက်ဖွား၊ ကဗျာစာဆိုကြီး အိုမာခေရမ် က (18)ရက်ဖွား အသီးသီး ဖြစ်ကြပါတယ်ဗျာ။ ကဲ- (9)ဂဏန်းသမားများအကြောင်း တစေ့တစောင်းကို ဒီမှာဘဲ အဆုံးသတ်လိုက်ကြရအောင် လားဗျာ။

ကိုသိန်းဖေ။ ။ ကောင်းပါပြီး ဆရာ။ ကျေးဇူးတင်ပါတယ်ဗျာ။

ဖတ်ရှုသူ အားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေသော်။

.

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

.

Related Articles

1 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

2 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

3 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

4 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

5 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

6 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

7 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

8 ဂဏန်းသမားများအကြောင်း တစေ့တစောင်း

Share

57 comments on “# (9)ဂဏန်းသမားများ အကြောင်း တစေ့တစောင်း

  1. အေး on said:

    ကျေးဇူးတင်ပါတယ်။

    သမီးလည်း ၂၇ ရက်နေ့ မွေးတဲ့ ၉ ဂဏန်းသမားပါ။

    ဖတ်လိုက်ရလို့ ကျေးဇူးတင်ပါတယ်။

  2. aungaung on said:

    ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးတင်မိပါတယ်ဗျာ……ကောင်မလေးက (၉)ဂဏန်း မွေးနေ့ပိုင်ရှင်လေ……….ဟဲဟဲ

  3. Thank u for # 9 Sayar. I was borned in 18. I’m wainting this post for long time. Thank again.

  4. kyawzayya on said:

    ကျေးဇူးတင်ပါတယ်ဆရာ ကျနော်လဲ တစ်လုံးတည်းသော ကိုးပိုင်ရှင်ပါပဲ….

  5. ကျေးဇူးတင်ပါတယ်။
    သမီးက ၂၇ ရက်နေ့ဖွားတစ်ယောက်ပါပဲ။

  6. waiphyo on said:

    ကျွန်တော်လဲ 27 ရက်မွေ့တာပါ။ ကျေးဇူးတင်ပါတယ်။

  7. phonetawka on said:

    ကျွန်တော်က 27 ရက်နေ့ ဖွား ပါ။ အခုလိုရှင်းရှင်းလင်းလင်းတင်ပြထားတာကို ကျေးဇူးတင်ပါတယ်

  8. ခိုင် on said:

    ဖတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ရှင် ၊ ကျွန်မ က 9 ရက်၊ ကျွန်မ အမျိုးသားက 27 ရက်မွေးတာပါ၊ ၉ ဂဏန်းသမားချင်း ယူရင် မကောင်းဘူးဆိုတာ မသိဘူးရှင့်၊ ကျွန်မတို့က ၉ ဂဏန်းသမားချင်းရတာ ဆိုပြီး ဂုဏ်ယူနေတာ၊ ယူပြီးသွားပြီ ဆိုတော့ မတတ်နိုင်တော့ဘူးလေနော်၊ ဘုရားတရားပိုလုပ်ရတာပေါ့
    Thank you ပါ

  9. Dr.Tin Bo Bo on said:

    မခိုင် သို့

    ဗေဒင်ဆိုတာကလည်း အမြဲ မမှန်နိုင်ပါဘူးလေ။ သင်္ချာဗေဒအရ မကောင်းပေမယ့် အရေးကြီးတဲ့ မဟာဘုတ်နဲ့ အခြားအချက်တွေမှာ ကောင်းချင်ကောင်းနေမှာပါ။

  10. ဆွေဇင်မာ on said:

    အခုလို အသေးစိတ် ဖော်ပြပေးထားတဲ့အတွက်.. ကျေးဇူးတင်ပါတယ်..
    ကျွန်မက June(9) ရက်နေ့မှာ မွေးတဲ့သူပါ.. အင်္ဂါသမီးလည်းဖြစ်တယ်.. မွေးရက်၊လ၊နှစ် အားလုံးပေါင်းရင်လည်း (7)ရတယ်….ဆိုတဲ့အတွက်..ပြောပြထားတဲ့အတိုင်း မှန်ပါတယ်..

  11. ဆွေဇင်မာ on said:

    ဆရာ..
    ကျွန်မက 1981,June(9) ရက်နေ့မှာ မွေးတဲ့သူပါ.. အင်္ဂါသမီးလည်းဖြစ်တဲ့အပြင် အကြွင်း(၆)ဖြစ်ပါတယ်.. အိမ်ထောင်ကျတာ(၂)နှစ်ကျော်ပါပြီ… ခုချိန်ထိတော့ အိမ်ထောင်ရေး အဆင်ပြေနေပါတယ်…. ရှေ့ဆက် ဆောင်ရန် ရှောင်ရန် လေးများရှိရင် ပြောပြပေးပါအုံး ဆရာ…

  12. Dr.Tin Bo Bo on said:

    မဆွေဇင်မာ ရေ

    ရှောင်ရန် ဆောင်ရန်ကတော့ ကိုယ့်စည်းက ကိုယ်လုံအောင် ထိန်းဖို့ပါဘဲ။ ကိုယ်လည်း ကိုယ့်တာကိုယ် လုံအောင်ထိန်း၊ သူလည်း သူ့တာကို လုံအောင်ထိန်း ဆိုရင်တော့ ကောင်းမွန်တဲ့ အိမ်ထောင်ရေးကို မျှော်လင့်နိုင်ပါတယ်။

  13. nwe ni lin on said:

    My birthday is also 27 .(27 .9.1988 )
    အိမ်ထောင်ေ၇းအဆင်ပြေအောင် ဘယ်လို ဂဏန်းသမားကို ယူ၇မလဲ အကြံ ပြု ပေးပါအုံး ဆ၇ာ၇ှင့်……..။
    ကျေးဇူးတင်ပါတယ်၇ှင့်……….

  14. Dr.Tin Bo Bo on said:

    မနွယ်နီလင်း သို့

    မွေးဂဏန်း အနေနဲ့ (၄)ဂဏန်း (၇)ဂဏန်းသမားတွေကို အဓိက ရှောင်ရပါမယ်။ နေ့သားတွေအနေနဲ့ ကြာသပတေး၊ သောကြာ ၊ တနင်္လာသားတွေကို အဓိက ရှောင်ရပါမယ်။ ဒါပေမယ့် ကိုယ်တိုင်က (၆)ကြွင်းဖြစ်နေလို့ ဒီလိုရှောင်လိုက်ရင်နဲ့ အိမ်ထောင်ရေး စင်းလုံးချော ကောင်းသွားမယ်တော့ မပြောနိုင်ပါ။ သက်သာခွင့်တော့ ရှိပါလိမ့်မယ်။

  15. ကျွန်တော်ကတော့ နဂါးဖြစ်ပါတယ်။
    နာမည်အရင်းကတော့ အောင်မျိုးမြတ် ဖြစ်ပါတယ်။
    အလုပ်ကတော့ ဂရပ်ဖစ်ဒီဇိုင်နာပါခင်ဗျာ။
    နေမွေးနေ့ကတော့ ၉.၈.၁၉၈၁ (တနင်္ဂနွေ)ပါ။
    ကျွန်တော်ရဲ့မွေးရက် ဟာ ကိုးဂဏန်းဖြစ်နေသလို၊ မွေးရက် မွေးလ၊ မွေးနှစ်ပေါင်းရင်လည်း
    ကိုးပဲရပါတယ်။ သိချင်းတာကတော့ ၉ရက်နေနေ့မှာလည်းမွေးတယ်၊ မွေးသက္ကရာဇ် အားလုံးပေါင်းရင်လည်း ကိုးပဲရတယ်၊ နောက်ပြီး နဂါးဆိုတဲ့အနုပညာ နာမည်ကိုပေါင်းရင်လည်း(၇+၂)ကိုးပဲရတော့တော်တော်လေးကိုးဂဏန်းကြီးဆိုးနေတာကိုတွေ့ရမှာပါ။ဒီလိုကြီးဆိုးရင် ဘယ်ဖြစ်တက်လည်းဆိုတာ သိချင်ပါတယ်ခင်ဗျာ။ ဖြစ်နိုင်ရင် ကျွန်တော့်ဂျီမေးကိုပြောကြားပေးစေချင်ပါတယ်ဆရာ ………….

  16. ကျောက်သားတိမ်ဆိုင် on said:

    ကျွန်တော်လဲ ၁၈ ရက်နေ့ဖွားတဲ့သူပါ…တချို့တ၀က်တော့ တော်တော်တိုက်ဆိုင်တယ်လို့ပြောရမလိုပဲ…ကျွန်တော့်စိတ်ရဲ့အပြင်ဘက်ခြမ်းက
    နည်းနည်း ရက်စက်တတ်တယ်…သံယောဇဉ်သိပ်မထားတတ်ဘူးပေါ့ဗျာ..
    ကျွန်တော့် မွေးနေ့က (၁၈.၁၁.၁၉၈၅) တနင်္လာသားပါ…

  17.ုခိုင်ခိုင် on said:

    ကျေးဇူးတင်ပါတယ်ရှင့်။သမီးက 27 ရက်မှာ မွေးတာပါ။ပြောထားတဲ့
    အတိုင်းဆို တကယ်တိုက်ဆိုင်ပြီးမှန်တာတွေများပါတယ်။ ကျေးဇူးပြုပြီးတော့ သမီးဇာတာကို စစ်ပေးလို့ရနိုင်မလားရှင့်။ သမီးရဲ့
    မွေးနေ့က 27.2.1984-တနင်္လာ ဖြစ်ပါတယ်။
    ကျေးဇူးပြုပြီး အကြောင်းပြန်ပေးစေလိုပါတယ်ရှင့်။
    လေးစားစွာဖြင့်
    ခိုင်။

  18. Dr.Tin Bo Bo on said:

    ဗေဒင်မေးခြင်းများကို အမေး/အဖြေ ကဏ္ဍထဲမှလွဲ၍ ဤနေရာတွင် ဖြေမပေးပါ။ ဒါပေမယ့် အမေး/အဖြေ ကဏ္ဍ ကလည်း လူအလွန်များနေလို့ ယခု ခဏပိတ်ထားပါတယ်။
    ဒါကြောင့် ယခုမေးခွန်းများကို အမေး/အဖြေ ကဏ္ဍ ပြန်လည်ဖွင့်လှစ်မှ ထိုအထဲတွင် “စည်းကမ်းချက်များ” ကို သေချာစွာဖတ်ပြီး ပြန်မေးပေးပါရန်။

  19. aye chan on said:

    thx: alot sayar, i’m the one 27

  20. hha1983 on said:

    အခုလိုဖတ်ခွင့်ရတဲ့အတွက် ဆရာကိုကျေးဇူးအထူးတင်မိပါတယ်။
    ကျေးဇူးပြုပြီး သမီးရဲ့ဇာတာကို တွက်ချက်စစ်ဆေးပေးစေချင်ပါတယ်။
    သမီးမွေးနေ့မှာ ( ၂၇. ၈. ၁၉၈၃ ) ( စနေနေ့ ) ဖြစ်ပါတယ်။
    ဖြစ်နိုင်မယ်ဆိုရင် သမီးရဲ့ Gmail ကိုပို့ပေးစေချင်ပါတယ် ။

    အစဉ်လေးစားလျှက်
    hha1983

  21. Dr.Tin Bo Bo on said:

    ဗေဒင်မေးခြင်းများကို အမေး/အဖြေ ကဏ္ဍထဲမှလွဲ၍ ဤနေရာတွင် ဖြေမပေးပါ။ ဒါပေမယ့် အမေး/အဖြေ ကဏ္ဍ ကလည်း လူအလွန်များနေလို့ ယခု ခဏပိတ်ထားပါတယ်။
    ဒါကြောင့် ယခုမေးခွန်းများကို အမေး/အဖြေ ကဏ္ဍ ပြန်လည်ဖွင့်လှစ်မှ ထိုအထဲတွင် “စည်းကမ်းချက်များ” ကို သေချာစွာဖတ်ပြီး ပြန်မေးပေးပါရန်။ တစ်ဦးချင်းလည်း မေးလ်ဖြင့် သီးသန့်ပို့မပေးပါ။

  22. ဆရာ

ိုဖတ်ခွင့်ရတဲ့အတွက် ဆရာကိုကျေးဇူးအထူးတင်မိပါတယ်။
    သမီးရဲ့ဇာတာကိုကျေးဇူးပြုပြီး တွက်ချက်စစ်ဆေးပေးစေချင်ပါတယ်။
    သမီးမွေးနေ့မှာ ( 27. 12. 1980 ) ( စနေနေ့ ) ဖြစ်ပါတယ်။
    ဖြစ်နိုင်မယ်ဆိုရင် သမီးရဲ့ Gmail ကိုပို့ပေးစေချင်ပါတယ် လေးစားစွာဖြင့်

့်zin

  23. ko htet on said:

    ဖတ်ခွင့်ရတာကျေးဇူးတင်ပါတယ်.. ကျွန်တော်က တစ်လုံးတည်း ၉ဂဏာန်းပိုင်ရှင်ပါ

  24. kyaw thet on said:

    ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ

  25. Khaymar on said:

    ကျွန်မကိုယ်တိုင်ကလည်း၉ဂဏန်းပိုင်ရှင်ပါရှင့်…
    သိခွင့်၊ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါ…
    အစကတော့ကိုယ့်ဟာကိုယ်သိပ်ဂုဏ်ယူတာ..
    ကိုယ်တိုင်ဘာမှမဟုတ်ပေမယ့်ပေါ့လေ..
    အခုတော့အစစအရာရာပိုသတိထားရမှာပေါ့လေ..

  26. ဖြိုးနိုင် on said:

    ကျွန်တော်က ၆ သမားပါ ၆ ရက်နေ့မှာမွေးတာပါ ၆ အကြောင်းသိချင်လို့ပါ

  27. ဇင်ဇင် on said:

    သမီးချစ်သူက ၉ ရက်နေမွေးတာပါ။

  28. ကေသီ on said:

    ကျေးဇူးတင်ပါတယ်။ သမီးရဲ့မွေးရက်က 18 ရက်နေ့ပါ။

  29. nwaynway on said:

    thank you my birthday is december 9

  30. yin yin tint on said:

    ကျွန်မမွေးနေ့ က Feb(9)ပါဆရာ Thanks ပါ ’9′ ရက်နေ့ မှာမွေးလို့  သိပ်ပျော်နေတာ နည်းနည်းပဲကောင်းတာဆိုတော့်  အင်း ကံပဲပေါ့နော်

  31. taythinyat on said:

    Thanks a lot Sayar.I was born in 27 day.

  32. kothurasoe on said:

    sir
    my birthday is 13 january 1984.
    what i want to request u is can i know about me for this year 2010.
    thanks sir
    thurasoe

  33. kyaw soe moe on said:

    ကျေးဇူးတင်ပါတယ် ကျွန်တော်လဲ၂၇ ဖွားပဲ

  34. MR TUN MYINT on said:

    Dear Sayar,
    My date of birth is 09-09-1967(Satday 0800 am,Thanyin Township,Yangon division)Coming Sept 09.09.2010,i am 43 years old and after the said date i am in 44 years old,so you said that birth date 09 is not friend with 7 and 8 so i have got big problem with money now and how about coming 44years olds.please explaine,now i have problem with money ,how about coming 44 years old good or not,when can i get good amount of money and good settle my life.Please kindly tell me.I have now big proble.I am waiting your reply.Thank you very much sayar.I have married with thai lady Ma Ketsarin Tun( 21.08.1983, Sunday 1030pm,Chairai Township,Thailand) and i have one baby (Mr Kon Tun ( 25.03.2002,Monday 0524pm,Bangkok,Thailand)I am working in Bangkok almost 15 years.Now we do not have money in hand so coming age 44 years we have problem or not and how to protact it,now i have take and warship gontaw 9 par everyday.
    Please kindly my requestthank you very much sayar
    Thank & best regards,
    Tun Myint ( 081-3422-502)tunmyi@gmail.com

  35. MR TUN MYINT on said:

    Saya,

    please please kindly check my future life.I have been working in Thailand almost 15 years.No money in my pocket .

    Thanks & best regards,
    TM

  36. THURA TUN on said:

    Dear Saya,
    I am 27 Feb 76 born (34 years). Now I am staying apartment no: 88, 04-09. How to make YaDaYar to prevent the unwanted fortune.
    Thanks,

  37. MR TUN MYINT on said:

    Dear Saya,
    Good morning Sayar
    Please kindly request you that i would like to move and delete my above my requested
    ( date August 19th ,2010.) so how to remove ?can you remove it?

    Thank you very much Sayar,
    Best regards,

    TM

  38. ပြည့်စုံ on said:

    အများကြီးကျေးဇူးတင်ပါတယ်ရှင် အခုလို ၉ ဂဏာန်းသမားတွေအတွက် ဖတ်ခွင့်ရလို့။ ကျွန်မ (၉)ရက်နေ့ဖွားပါဘဲ။ ကျွန်မရဲ့ချစ်သူက (၄)ရက်နေ့ဖွားပါ..အိမ်ထောင်ရေးမှာ ပြဿနာရှိမရှိ ကျေးဇူး ပြု၍ ဖြေကြားပေးစေလိုပါတယ်ဆရာရှင့်။

  39. Dr.Tin Bo Bo on said:

    (9) နဲ့ (4) ယေဘူယျတော့ မတည့်ဘူး။ ဒါပေမယ့် ဒီအချက်တခုတည်းနဲ့တော့ ဆုံးဖြတ်လို့ မရဘူး။ မွေးဇာတာခြင်း တိုက်ဆိုင်ကြည့်ပြီးမှ ပြောလို့ရမယ်။ ယေဘူယျကတော့ (4)ဂဏန်းသမား အတော်များများဟာ မိသားစုအပေါ် သံယောဇဉ် နည်းတတ်ကြတယ်။ အိမ်သိပ် မကပ်တတ်ကြဘူး။ သူတို့လုပ်တာတွေကို ခွင့်လွှတ်ပေးထားနိုင်ရင်တော့ အဆင်ပြေမှာပေါ့။

  40. လမင်း on said:

    ဆရာရှင့် ကျွန်မက (၉)ရက်နေ့ဖွားပါ။ ချစ်သူက (၂)ရက်နေ့ဖွားဖြစ်ပါတယ်။ အိမ်ထောင်ရေး ကိစ္စမှာ အဆင်ပြေနိုင်ပါ့မလားဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးစေလိုပါတယ်ရှင့်။

  41. pyae sone aung on said:

    ဆရာ

    ကျွန်တော်က ( ၂၈ ) ရက်ဖွား ( ၁ ) ဂဏန်းသမားပါ ။
    ကောင်မလေးက ( ၁၈ ) ရက်ဖွား ပါ ။
    ကျွန်တော်က ကြာသပတေးသားပါ ။
    သူက တနင်္လာ သမီးပါ။
    ဆုံဆည်းနိုင်ပါ့မလား ဆရာ ။
    ကျေးဇူး ပြုပြီး ဖြေကြားပေးပါ ဆရာ ။

  42. Nay Tun on said:

    ဆရာ့ကို ကျွန်တော် အရမ်းကျေးဇူးတင်မိပါတယ်။ဒီလိုစေတနာထားပြီးကြိုးစားပြီးတင်ပေးတဲ့အတွက်။ဒါပေမဲ့ကျွန်တော် ကိုယ့်ရဲ့မွေးရက်၊လ၊နှစ်(၉၊၈၊၁၉၈၆)တွေကို ဆရာ့ရဲ့ဒီစာဖတ်ပြီးနောက်ပိုင်းစိတ်ဓါတ်တောင် တော်တော်ကျသွားတယ်။ဘာဖြစ်လို့လဲဆိုတော့ ဆရာ့ရဲ့ဟောပြချက်တွေက ကျွန်တော်ဖြစ်နေတာနဲ့တော်တော်လေးနီးစပ်နေလို့ ဆရာ။ရှေ့ဆက်လူလားမှမြောက်နိုင်ပါဦးမလားလို့လဲ တွေးပူမိတယ်။မိန်းမလည်းမရသေးဘူး အိမ်ထောင်များကျလာခဲ့ရင်ဘယ်လောက်များဆိုးလာမလဲ တော်တော်ရင်လေးနေပြီ ဆရာ။အရင်က ဘဝလမ်းကြမ်းခဲ့တာတွေများကျွတ်သွားပြီးနှောင်ရှေးဆက်ကောင်းလာမလားဆိုတဲ့ဆန္ဒလေးတော့ပျောက်မသွားချင်ဘူး ဆရာ။ဘယ်လိုလုပ်ရမလဲ ဆရာ ကူညီပါဦး။စနေသားလည်းဖြစ်နေရသေးတယ်ဆိုတော့ သေလည်းမသေ မွဲပဲမွဲ ဖြစ်နေမလား ဆရာ။ကြိုးစားပြီး ကူညီပေးပါဦး ဆရာ ဘယ်လို ဆက်လုပ်ရမလဲ။

  43. zin maung on said:

    ဖတ်ခွင့်ရတဲ့အတွက် ဆရာကိုကျေးဇူးအထူးတင်မိပါတယ်။ ကျွန်တော့နံမည်က ဇင်မောင်မောင်မြင့် ပါ ပေါင်းချင်း ၉ ရပါတရ်။ ပြီးတော့ကျွန်တော်က ၁၈.၆.၁၉၈၅ မွေးတဲ့အင်္ဂါသားပါ.
    နံမည်ပေါင်းချင်း နဲ့ မွေးနေ့ နှစ်ခုလုံး ၉ ဖြစ်နေတာရော ကောင်း မကောင်းဆိုတာ လေးဖြေပေးပါဗျာ။

  44. Dr.Tin Bo Bo on said:

    နာမည် ပေါင်းခြင်း (၉)ရသူတွေကတော့ ထင်ပေါ်ကျော်ကြားလွယ်တတ်ပြီး အိမ်ထောင်ရေးတော့ ညံ့တတ်ပါတယ်။ အိမ်ထောင်ရေး ကံဇာတာကလွဲရင် ကျန်တဲ့ ဘ၀ကံဇာတာ ကောင်းပါတယ်။ အိမ်ထောင်ရေး ကောင်းဖို့တော့ မသေချာပါ။ ညံ့ဖို့များတယ်။

  45. ဆရာကြီး on said:

    ဂဠုန်ဦးစော လဲ ၂၇ရက်ဖွား ပါပဲဗျာ…ဟဲဟဲဟဲ

  46. Dr.Tin Bo Bo on said:

    မဟုတ်ပါဘူး။ ဦးစောရဲ့ မွေးနေ့က ၁၉၀၀ ပြည့်နှစ် မေလ ၁၆ ရက် ဗုဒ္ဓဟူးနေ့ ည ၇ နာရီ ၃၀ မိနစ် ဖြစ်ပါတယ်။ ဇာတိက ပဲခူးတိုင်း ၊ အုတ်ဖိုမြို့နယ်အပိုင် ၊ ကိုင်းကြီးရွာပါ။

  47. minthuwoon on said:

    ဗုဒ္ဓံ ဓမ္မံ သံဃံ
    ဆရာ…
    ကျွန်တော့်ကောင်မလေးလည်း ၉ ဂဏန်း+ကျွန်တော်လည်း ၉ ဂဏန်း ဗျ..
    ကျွန်တော်တို့ အရာအားလုံး ကျော်ဖြတ်နိုင်တယ်ခင်ဗျ..
    ဘဝ ဆိုတာဖြစ်လာ ကတည်းက ဗုဒ္ဓဘုရားရှင် က ဖန်ဆင်းပေးသလို လက်ခံထားတယ်…
    သူတစ်ပါးအပေါ် စိတ်ကောင်းစိတ်မြတ်မွေးရင် အရာအားလုံးမှာ အနှောက်ယှက် ကင်းတယ်လို့ ဘုရားကဟောခဲ့တယ်လေ..
    ဆရာ ပြောသလို သင်္ချာဗေဒ အရ မကောင်းပေမယ့် တခြားအချက်တွေမှာတော့ အားလုံးအဆင်ပြေလို့ ကောင်းမွန်ပါတယ်…

  48. Snow Queen on said:

    ၉ ဂဏန်းအကြောင်းဖတ်ရလို့ ကျေးဇူးတင်ပါတယ်ရှင့်
    ကျမ ၁၊၁၀၊၂၀၀၀ တုန်းက ကားမှောက်ခဲ့ပါတယ်။ ကားနံပါတ်အားလုံး ပေါင်းလိုက်ရင် ၇ ဂဏန်း ရပါတယ်။ အဲဒီတုန်းက မှောက်နေတဲ့ကားကြီးကိုကြည့်ပြီး ဘာလို့မှန်းမသိဘဲ၊ ကားနံပါတ်ကို
    ပေါင်းလိုက်မိပါတယ်။ အဲဒီအချိန်ကစပြီး ကျမ ဂဏန်းတွေကို လိုက်ပြီးပေါင်းတဲ့ အကျင့်ရသွားတယ်။ သတိလဲထားမိလာတယ်။ ကျမရဲ့ မွေးရက်၊ မွေးလနဲ့ မွေးနှစ်ပေါင်းရင် ၆ ဂဏန်းဖြစ်ပါတယ်။
    မွေးနာရီကလဲ ၃နာရီ ၁၅မိနစ်ဖြစ်နေပါတယ်။ ကျမအောင်မြင်စေခဲ့တဲ့၊ အမှတ်တရဖြစ်စေခဲ့ ဂဏန်းတွေ
    အားလုံး အများအားဖြင့် ၆နဲ့၃ ဖြစ်တတ်ပါတယ်။ ဒီပညာကိုမတတ်ပေမဲ့ဂဏန်းတွေ ချည်းစုနေတဲ့
    နေရာမျိုး အဖြစ်အပျက်မျိုးတွေဟာ ကျမအတွက် မကောင်းတာကို သတိထားမိပါတယ်။

  49. ကိုးကိုးမောင် on said:

    မဆိုးပါဘူး မှန်ပါတယ် တော်တော်များများ ၄ ဂဏန်းဆိုရင်တော့နည်းနည်းကြောက်တယ် ။

  50. သက်ဦးမောင် on said:

    ဆရာရေကျွှန်တော်ကတော့ သောကြာနေ့ (9.9.1988)မှာမွေးပါတယ်အချိန်ကတော့ နေ့ လည်(11း55)မှာပါကျွှန်တော်ကတော့ အခုအထိကံဆိုးနေတုံးပါပဲဗျာကံကောင်းချင်းကကျွှန်တော့် အတွက်တော့ အိပ်မက်ပဲထင်ပါတယ်

  51. ဆရာရှင့် 9ဂဏန်းသမားများအကြောင်းဖတ်ရလို့ကျေးဇူးတင်ပါတယ်။
    ကျမမွေးနေ့က 27-11-82(စနေ) အမျိုးသားကလဲ 27 ခုသမီးလေးကလဲ 27-9-2012 ကျမညီမလေးနှစ်ယောက်ထဲမှာလဲ 9တစ်ယောက် 18တစ်ယောက်ပါ။ ဘ၀မှာ ပျော်ရွှင်စရာမရှိသလောက်ရှားပါတယ်… သူများအမြင်မှာအဆင်ပြေတယ်ထင်ပေမဲ့လဲ စိတ်အနှောင့်ယှက်ဖြစ်စရာအမြဲတမ်းရှိနေတတ်တယ်.. ဘ၀မှာပျော်ရွှင်စရာများရှိနိုင်ပါဦးမလားသိချင်ပါတယ်

  52. ဆောင်း on said:

    ဆရာ,
    ဆောင်းလဲ 27 ရက် 9 ဂဏန်းပါ (စနေ)ပါ၊ ဆရာပြောတာတွေတော်တော်မှန်ပါတယ်..ဆရာပြောပြမှ သတိထားမိတာ၊ ဆရာစာ ဖတ်ရတာ နောက်ကျသွားပါတယ်ရှင့်၊ ကြိုတင်မပြင်ဆင်လိုက်နိုင်ဘူးဖြစ်သွားပါတယ်..ဆရာ.ကျမခင်ပွန်းနဲ့ အတူတူ နေရမှာပါနော်..ခင်ပွန်းက 24ရက် 6 ဂဏန်း(Wed)ပါ..
    ကျေးဇူးတင်ပါတယ်ဆရာ….

  53. ငြိမ်းချမ်း on said:

    ဆရာ
    ကျနော်ဆရာရဲ့ ၈ဂဏန်းသမားများအကြောင်းနဲ့ ၉ဂဏန်းသမားများအကြောင်းကိုဖတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်မွေးရက်က 8.5.1984 ဖြစ်ပြီး ဗမာသက္ကရာဇ်ကျတော့ ၉ရက်နေ့မွေးတယ် နေ့လို့တော့ အင်္ဂါနေ့ပေါ့။ အဲဒီလိုဆိုရင် ဗမာရက် အင်္ဂလိပ်ရက်အကုန် ယူပြီး ၉ဂဏန်းသမားလည်းဟုတ် ၈ဂဏန်းသမားလည်း ဟုတ် အဲ့ဒီလို့လားဆရာ။
    ကျေးဇူးတင်ပါတယ်ဆရာ

  54. Dr.Tin Bo Bo on said:

    Numerology ဆိုတဲ့ ဂဏန်းဗေဒင်ဟာ အနောက်တိုင်းသုံးစနစ်ဖြစ်လို့ မြန်မာရက်တွေ နေ့တွေနဲ့ သွားရောယှက်လို့မရပါ။ ငါ့ညီရဲ့ မွေးဂဏန်းအရ (8) ဂဏန်းသမားလို့ဘဲ ယူရပါမယ်။

  55. သမီးချစ်သူက ၉ ဂဏန်းသမားပါ သူက ခေါင်းအလွန်မာတယ် သူက 9.8.1984 မှာမွေးတာပါ
    ကြာသပတေးသားပါ၊ သူနဲ့ သမီးစိတ်းဆိုးရင် သမီးဘက်က ချော့ရတာများပါတယ်၊သမီးက ၄ဂဏန်းသမားပါရှင်။4.6.1985 မှာ မွေးတာပါ၊သမီးဘယ်လိုဆက်လုပ်သင့်တယ်ဆိုတာ သိပါရစေရှင်၊၊ရိုသေစွာဖြင့် အစဉ်လေးစားလျက်

  56. eiphyusin on said:

    ကျေးဇူးတင်ပါတယ်ဆရာ။သူက27ရက်နေ့မွေးတာပါ။

  57. khin than naing on said:

    ကျေးဇူးအထူးတင်ပါတယ်ရှင်….ကျမက ( ၉.ရ. ၁၉၇၄)ပါ..ပေါင်းလိုက်ရင် ၁ ဂဏန်းရပါတယ်….၆ခု ကြွင်း အဂ်ါသမီးပါ…နာမည်တွေပေါင်းရင် ၇ ဂဏန်းရပါတယ်…..ဟုတ်ပါတယ်ဆရာ….ကျမ . အချစ်ရေးမှာ တော်တော်လေးကံဆိုးပါတယ်…….ဒါကြောင့် အိမ်ထောင်ပြူရမှာကို ကြောက်နေမိပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

*

HTML tags are not allowed.

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ