.

မိတ်ဆွေ ၊ ကျွန်တော်တို့ရဲ့ လူနေမှုဘ၀ထဲမှာ နေ့စဉ်နဲ့အမျှ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေ အများကြီးရှိပါတယ်။ နံနက်မိုးသောက် အိပ်ယာထ ကတည်းက ညဖက် အိပ်ချိန်ထိအောင် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ အနည်းနဲ့အများ ဆိုသလို ရှိနေတာပါ။ အိမ်မှာ မိသားစုနဲ့ စကားပြောပေါက် မတည့်တာတွေ၊ ရုံးသွားချိန်မှီအောင် ကြိုးစားလုပ်ရတာတွေ၊ ဘတ်စ်ကား နောက်ကျတာတွေ၊ Traffic Jam ဖြစ်နေတာတွေ၊ အလုပ်ခွင်မှာ အထက်လူကြီး အဆူခံရတာတွေ၊ ကိုယ့်အပေါ် မကြည်မလင်ဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရတာတွေ၊ ရပ်ဝေးမှာ ရောက်နေတဲ့ မိဘတွေ / သားသမီးတွေရဲ့ ကျန်းမာရေးကို လှမ်းပြီး ပူပင်ရတာတွေ . . . စတဲ့ စတဲ့ မရေမတွက်နိုင်အောင် များပြားလှတဲ့ စိတ်သောက Stress တွေကို နေ့စဉ်နဲ့ အမျှ ရင်ဆိုင် ဖြေရှင်းနေရတာပါ။

ဒီလို ကိုယ့်ကိစ္စနဲ့ကိုယ် စိတ်သောက များရတဲ့အထဲမှာ မကြာမကြာဆိုသလို ပေါ်လာတတ်တဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စ တစ်ခုကလည်း ရှိပါသေးတယ်။ အဲဒါကတော့ အများသိကြတဲ့ “ကောလာဟလ” ပါ။ (အများစုကတော့ “ကောလဟာလ” လို့ ပြောကြ ရေးကြပါတယ်။ ဒါပေမယ့် “သတ်ပုံ” အမှန်က “ကောလာဟလ” ဖြစ်ပါတယ်)

.

အချို့ ကောလာဟလတွေဟာ ကိုယ်နဲ့ တိုက်ရိုက် မပတ်သတ်တဲ့ ကိစ္စမို့လို့ စိတ်အနှောင့် အယှက် မဖြစ်ရပေမယ့် ကိုယ်နဲ့ သက်ဆိုင်လာရင်တော့ စိတ်အနှောင့် အယှက် အတော်ဖြစ်ရပါတယ်။ Student Pass ဆက်ပြီး သက်တမ်းတိုး မပေးတော့ဘူး ဆိုတဲ့ ကောလာဟလမျိုးကျတော့ မြန်မာနိုင်ငံထဲမှာ နေတဲ့ လူအတွက် သိပ်မထိခိုက် နိုင်ပေမယ့် နိုင်ငံခြားမှာ ကျောင်းသား ဗီဇာနဲ့ အလုပ်လုပ် နေသူတွေအတွက်တော့ အတော်လေးကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။

.

လေမုန်တိုင်း တိုက်လိမ့်မယ်၊ ငလျင်လှုပ်လိမ့်မယ် ၊ 2010 မှာ ကမ္ဘာပျက်မယ် . . စတဲ့ သဘာဝ ဘေးဥပဒ်ဆိုင်ရာ ကောလာဟလ တွေကလည်း လူသားတိုင်းကို ထိန့်လန့်တုန်လှုပ်စေပါတယ်။

ဘယ်မင်းသမီးကတော့ ဘယ်သူနဲ့ လက်ထပ်တော့မှာတဲ့။ ဘယ်မင်းသားကတော့ ဘယ်သူနဲ့ တိတ်တိတ်လေး လက်ထပ် ထားတယ်တဲ့ ဆိုတဲ့ ကောလာဟလ မျိုးတွေကတော့ အမျိုးသမီးကြိုက် ကောလာဟလ လေးတွေပေါ့။

.

အများသိကြတဲ့အတိုင်း ကောလာဟလတွေရဲ့ (၇၀)% ဟာ “လံကြုပ်” တွေသာလျှင် ဖြစ်ပြီး အစစ်အမှန် မဟုတ်ကြပါဘူး။ ကောလာဟလကို ထုတ်လွှင့်ကြတဲ့ သူတွေကလည်း မိမိတို့ကိုယ်တိုင် မြင်ရ ကြားရသည့်နှယ် ထုတ်လွှင့်တတ်ပါတယ်။ ဒီကြားထဲ တစ်ယောက်နဲ့ တစ်ယောက် ကောလာဟလကို လက်ဆင့်ကမ်းကြတဲ့ နေရာမှာလည်း နဲနဲစီ ချဲ့ချဲ့ သွားလိုက်တာ မူလက (၅)ကျပ်သားလောက်သာ ရှိတဲ့ ကောလာဟလ တစ်ခုဟာ နောက်ဆုံးမှာ (၁)ပိသာလောက် ဖြစ်သွားရတော့ တာပါဘဲ။

ကောလာဟလ တစ်ခုကို ထုတ်လွှင့်သူဟာ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ရတဲ့ ပုံစံမျိုး ထုတ်လွှင့်လေ့ ရှိတာကို ကိုယ်တွေ့လေးတစ်ခု ပြောရဦးမယ်။
.
လွန်ခဲ့တဲ့ (၃)(၄) နှစ်လောက်က ကျွန်တော် ဗိုလ်တထောင်မြို့နယ် (၄၉)လမ်းမှာ နေထိုင်စဉ်ကပေါ့ဗျာ။ တစ်ညနေ အိမ်ရှေ့ အပေါ်ထပ် ၀ရံတာမှာ ပက်လက်ကုလားထိုင်တစ်လုံးနဲ့ စာဖတ်နေတုန်း မျက်နှာချင်းဆိုင် (၈)ထပ်တိုက်ပေါ်က အဖိုးကြီး အဖွားကြီးတွေ တုန်ချိ တုန်ချိ နဲ့ ဆင်းလာလိုက်ကြတာ အစီအရီဘဲဗျို့။ လမ်းမပေါ် ကြည့်လိုက်တော့လည်း လူတွေ ဟိုနေရာမှာ တစ်စု ၊ ဒီမှာ တစ်စုနဲ့ တီးတိုးတီးတိုး သဖန်းပိုး လုပ်နေကြသဗျာ။ သူတို့မျက်နှာတွေ ပေါ်မှာလည်း တစ်ခုခုကို စိုးရိမ် မကင်း တဲ့ အမူအရာတွေနဲ့။

ကျွန်တော်လည်း မီးဖိုချောင်ထဲမှာ ရောက်နေတဲ့ ဇနီးဖြစ်သူ လှမ်းခေါ်လိုက်ရင်း “မိန်းမ ရေ – လူတွေ စုစု, စုစု နဲ့ ဘာတွေ များ ဖြစ်ကုန်လည်း ဆင်းပြီးမေးစမ်းပါဦးကွာ” ဆိုပြီး စုံစမ်းခိုင်းလိုက်ရတယ်။ ခဏနေတော့ ဇနီးဖြစ်သူ ပြန်တက်လာပြီး “ငလျင်လှုပ်မှာတဲ့ တော်ရေ – မြန်မာ့အသံကကော / မြ၀တီကပါ ကြေငြာတာတဲ့ – အခု ညနေ (၄)နာရီ ခွဲတိတိမှာ ငလျင်ကြီး လှုပ်မှာ ဆိုလို့ တိုက်ပေါ်ကလူတွေ ပြေးဆင်းလာကြတာတဲ့” ပြောပြီး သူပါ ဆင်းပြေးဖို့ ကလေးတွေကို အော်ခေါ် တော့တာကိုး ဗျ။

“ဟဲ့ ဟဲ့ – နေစမ်းပါဦး ၊ မိန်းမရ ၊ ငလျင်ဆိုတာ ဒီလို နာရီအတိအကျနဲ့ ကြိုသိလို့ ရနိုင်တဲ့ ကိစ္စမဟုတ်ပါဘူးကွာ၊ အလွန်ဆုံး လှုပ်ခါနီး စက္ကန့်ပိုင်းလို့ အလိုမှာသာ သိချင်သိရတတ်တာမျိုးဟ ၊ ငါ မသိသေးတဲ့ နည်းပညာ အသစ်တွေ ပေါ်နေရင်တော့ မပြောတတ်ဘူး၊ မင်းဟာ – ကောလာဟလ ကြီးနဲ့ တူပါတယ် ကွာ” ပြောတော့ – ဇနီး ဖြစ်သူက

“ရှင့်ဟာရှင် ကောလဟာလ လုပ်နေ ၊ ဟိုမှာ မျက်စောင်းထိုးအိမ်က “မခင်ခင်ရွှီး ” ကိုယ်တိုင် တီဗွီမှာ ကြည့်လိုက်ရတာ တဲ့ ၊ အပေါ်က သတင်းကြေငြာပြီး အောက်မှာ စာတန်းလေးနဲ့ ထိုးပြသွားတာတဲ့ ။ သူ့မျက်စေ့နဲ့ သေသေချာချာ ဖတ်လိုက် ရတာပါဆိုပြီး အိမ်ပေါက်စေ့ သတင်းလိုက် ပေးနေလေရဲ့။ ရှင့်ဟာရှင် မယုံလည်း နေခဲ့။ ကျုပ်နဲ့ ကလေးတွေကတော့ အောက်ကို ဆင်းပြီတော်ရေလို့ ပြောပြီး ကလေးတွေကို ခေါ်ပြီး လမ်းမပေါ် ဆင်းသွားတော့တာပေါ့ဗျာ။

ဒါနဲ့ ကျွန်တော်လည်း ပက်လက်ကုလားထိုင်ပေါ်မှာ တစ်ယောက်ထဲ ငူငူကြီး ထိုင်ပြီး ကျန်နေခဲ့တော့တာပေါ့ဗျာ။ ထိုင်ရင်း နဲ့ စဉ်းစားကြည့်တယ်။ ကျွန်တော်လည်း မြန်မာ့သတင်း /ကမ္ဘာ့သတင်း အတော်များများကို လက်မလွှတ်ပါဘူး။ ဖတ်ဖြစ်ပါတယ်။ ဒါပေမယ့် ငလျင် မလှုပ်ခင် နာရီပိုင်းလောက်အထိ ကြိုသိနိုင်တဲ့ စက်သော်၎င်း၊ နည်းပညာသော်၎င်း ပေါ်နေပြီလို့ မကြားမိလိုက်ပါဘူး။ မဟုတ်မှ လွဲရော – ငါတို့ မြန်မာနိုင်ငံကများ ကမ္ဘာ့ပထမဆုံး ငလျင်တိုင်းတာရေး စက်ကိုများ ဦးဦးဖျားဖျား တီထွင်လိုက်ပြီလားလို့တောင် တွေးမိလိုက်သေးသဗျ။

.

နောက်တော့မှ “တတ်သည့်ပညာ မနေသာ” ဆိုတာလို ကိုယ်တတ်ထားတဲ့ ပညာလေးကိုဘဲ အားကိုးပြီး ဒီကောလဟာလ မှန်/မမှန် ကို ချတွက်လိုက်ရတော့တယ်ဗျ။ နည်းက လွယ်တော့ (၁၀)စက္ကန့်အတွင်း အဖြေထွက်ပါတယ်။ စိတ်တွက်ပါဘဲ။ အဖြေက လုံးဝ ကောလာဟလ ကြီးပါတဲ့။ ဒီတော့ ကျွန်တော်လည်း (ကိုယ့်ပညာကိုယ် ယုံတာမို့) ဖတ်လက်စ စာအုပ်ကို အေးအေးဆေးဆေး ဆက်ပြီး ဖတ်နေလိုက်တော့တယ်။ ဒီ ကောလာဟလကို ခေါင်းထဲကနေ ချက်ခြင်းထုတ်ပစ် လိုက်ပါတယ်။

.

နောက်တော့ (၄)နာရီခွဲလည်း ငလျင်က မလှုပ်၊ (၅)နာရီထိုးလည်း ငလျင်က မလှုပ်တော့ ကျွန်တော့်မိန်းမနဲ့ ကလေးတွေလည်း (မျက်နှာ စပ်ဖြီးဖြီးနဲ့) ပြန်တက် လာကြသဗျာ။ ကြောက်တတ်တဲ့ အဖိုးကြီး အဖွားကြီးတွေကတော့ ညနေ (၆)နာရီ ကျော်လောက်မှ ကိုယ့်တိုက်ပေါ်ကို ပြန်တက်ရဲ ကြတော့ပါတယ်။ စောစောက လွှားလွှား , လွှားလွှား နဲ့ ၀ါဒဖြန့်ချိရေးမှူး လုပ်နေတဲ့ “မခင်ခင်ရွှီး” တစ်ယောက်ကတော့ “ကြက်ပျောက် ငှက်ပျောက်” ပျောက်သွားလေရဲ့။
.
နောက်နေ့မှာ မြ၀တီရုပ်သံလိုင်း မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ဖုန်းဆက်ပြီး မနေ့က ဒီလိုသတင်း လွှင့်သေးလား မေးကြည့်တော့ သူတောင် လုံးဝမသိလို့ အံ့သြနေတယ်။ မလွှင့်ပါဘူးတဲ့။ မြန်မာ့အသံကလည်း ထိုနည်း၎င်း ပါဘဲ။ ဘယ်သူမှ မလွှင့်ပါဘူး။ ဒါကို ဟို “မခင်ခင်ရွှီး” တစ်ယောက်ကတော့ သူကိုယ်တိုင် ကြည့်လိုက်ရ ပါတယ်ဆိုပြီး သတင်းလျှောက် ဖြန့်တာကို တော်တော် အံ့သြ မိပါတယ်။ ဒါကြောင့် သတင်းတစ်ခုကို လာပေးသူဟာ သူကိုယ်တိုင် မြင်ခဲ့ရ၊ တွေ့ခဲ့ရ တာပါဆိုတိုင်းလည်း မယုံလေနဲ့ ကိုယ့်လူရေ။

.

ကျွန်တော်တို့ “မြန်မာ့ရိုးရာ ဗေဒင်ပညာ” မှာ ကောလာဟလ တစ်ခုကို မှန်/မမှန် စစ်ဆေးတဲ့ နည်းလမ်းတွေ ရှိပါတယ်။ တနည်းထဲမဟုတ်ဘဲ နည်းလမ်းပေါင်း များစွာ ရှိပါတယ်။ မှန်ကန် စိတ်ချရမှု ရာနှုံးကလည်း (၉၀)% ထက် မနည်းပါဘူး။ လွယ်လည်း အင်မတန် လွယ်ကူပါတယ်။

ဒါကြောင့် ယနေ့ ပို့စ်မှာ “ကောလာဟလ” တစ်ခု မှန်/မမှန်ကို အလွယ်တကူ စစ်ဆေးနည်းကို တင်ပြပေး သွားပါမယ်။ ဗေဒင်ပညာ လုံးဝမတတ်သူများကိုပါ တွက်ချက်နိုင်အောင်ပါ။ နည်းလေးကတော့ “အင်္ဂ၀ိဇ္ဇာ” နည်းလေးပါဘဲ။ တစ်ချို့လည်း အင်္ဂ၀ိဇ္ဇာတိုင် ထူတတ်ကြပါလိမ့်မယ်။ ထူတတ်တတ် မထူတတ်တတ် အရေးမကြီးပါဘူး။ အသင့်သုံး ဇယားလေးတွေကို အသုံးပြုပြီး တွက်ကြည့်ရုံပါဘဲ။ ပထမဆုံး အောက်က ဇယားလေးကို ကူးယူလိုက်ကြရအောင်။

ဒါကို အင်္ဂ၀ိဇ္ဇာ ဇယားလို့ခေါ်ပါတယ်။

.

ဇယား (က)

.
ဒီဇယားမှာ ဘယ်ဖက်(Day) လိုင်းမှာ နေ့ (၇)နေ့ပါပြီး အပေါ်ဖက် (Time) လိုင်းမှာ မနက် (၆)နာရီ ကနေ ညနေ (၆)နာရီ အထိ (၁၂)နာရီ အချိန်ကို (၁)နာရီခွဲစီ (၈)ပိုင်းပိုင်းခြားထားပါတယ်။

.

ဥပမာ ဗုဒ္ဓဟူးနေ့ မနက် (၁၀)နာရီမှာ သတင်းတစ်ခုကို ကြားတယ်ဆိုပါတော့။ ဒီဇယားလေးကို ကြည့်လိုက်ပါ။ လက်ဝဲဖက်က ဗုဒ္ဓဟူး နေ့ အကွက်ကနေ ညာဖက်ကို ဆွဲသွားရင် (၉း ၀၀) – (၁၀း ၃၀)အကွက်ထည်းမှာ သွားပြီး ဆုံလိမ့်မယ်။ (မနက် – (၁၀)နာရီ ဆိုတော့ (၉) နာရီ နဲ့ (၁၀)နာရီခွဲ ကြားပေါ့နော်)
အဲဒီမှာ (၀) ဆိုတဲ့ ဂဏန်းလေးကို တွေ့လိမ့်မယ်။ (၀) ဆိုတာ “စနေအခါ” ကို ဆိုလိုတာပါ။ အဲဒီအချိန်ဟာ “စနေတိုင်/ စနေအခါ” ထဲကို ကျရောက်နေပါတယ်။

.ဒီတော့ ဂဏန်းနံပါတ်တွေကို “အခါအမည်/တိုင်အမည်” တပ်ကြရအောင်။
.
၁= တနင်္ဂနွေအခါ / တနင်္ဂနွေတိုင်

၂ = တနင်္လာအခါ / တနင်္လာတိုင်

၃ = အင်္ဂါအခါ / အင်္ဂါတိုင်

၎= ဗုဒ္ဓဟူးအခါ / ဗုဒ္ဓဟူးတိုင်

၅ = ကြာသပတေးအခါ / ကြာသပတေးတိုင်

၆= သောကြာအခါ / သောကြာတိုင်

ဝ = စနေအခါ / စနေတိုင်
.
ဒီလို အခါတိုင်တွေကို ရပြီဆိုရင် တိုင်တစ်တိုင်မှာ ရှိတဲ့ သက်ဆိုင်ရာ ဂြိုဟ်တွေကို ကြည့်ပြီး ကောလာဟလကို အမှန်/အမှား ကောက်ယူနည်းကို လေ့လာ ကြည့်ကြရအောင်။

.

တနင်္ဂနွေအခါ နှင့် တနင်္ဂနွေတိုင်

ဇယားကွက်မှာ (၁) ဆိုတဲ့ ဂဏန်းလေးကို တွေ့တာတဲ့ ဒါဟာ တနင်္ဂနွေအခါ(သူရဇ္ဇအခါ) ဖြစ်ပြီး သူ့ရဲ့ အခါတိုင်လေးကို ဒီလိုတွေ့ရလိမ့်မယ်။

ဒီတိုင်မှာ လိမ္မော်ရောင် ပြထားတဲ့ အကွက်က တနင်္ဂနွေ အခါကို ပြတာဖြစ်ပြီး သူ့အပေါ်မှာ ဂြိုဟ် (၃)လုံး၊ အောက်မှာ ဂြိုဟ် (၃)လုံး ရှိမယ်။ အပေါ်ဂြိုဟ် (၃)လုံးက “ကြာသပတေး(၅) ၊ တနင်္လာ(၂) နဲ့ သောကြာ(၆)” တို့ဖြစ်တယ်။ အောက်ဂြိုဟ် (၃)လုံးက ဗုဒ္ဓဟူး(၄) ၊ စနေ (၀) နဲ့ အင်္ဂါ (၃) တို့ဖြစ်တယ်။ ဟုတ်ပြီ – ဒီတိုင်ကို ရတာနဲ့ ကောလာဟလ တစ်ခုကို ဘယ်လို အမှားအမှန် ခွဲခြားမလဲ။ လွယ်ပါတယ်။

.

(က) ကောလာဟလကို လာပြောသူရဲ့ နေ့နံကို ကောက်လိုက်ပါ။ တနင်္ဂနွေသားဆိုရင် (၁) ၊ တနင်္လာသားဆိုရင် (၂) .  .  .  ဒီလောက်တော့ သိပါတယ်နော်။ တကယ်လို့ သူ ဘာနေ့သားသမီးဆိုတာ မသိရင် မေးမနေပါနဲ့။ သူ့နာမည်တော့ သိမှာပေါ့။ သူ့နာမည် ရဲ့ ရှေ့ဆုံးအလုံးကို နေ့ကို ယူလိုက်ပါ။ ဥပမာ -  “မိုးမိုး” ဆိုရင် ကြာသပတေး (၅)ပေါ့။ “တိုးတိုး” ဆိုရင် စနေ (၀) ပေါ့။

.

(ခ) ဒီ ကောလာဟလကို ကြားတဲ့နေ့ ရဲ့ နေ့နံကို ယူလိုက်ပါ။ ဥပမာ – “တိုးတိုး” က ကိုယ့်ကို ပြောတဲ့နေ့ဟာ အင်္ဂါနေ့ ဆိုရင် (၃)ဂဏန်းကို ယူရပါမယ်။

.

(ဂ) ကိုယ့်ရဲ့ မွေးနံကို ယူပါ။ ကိုယ်က ဗုဒ္ဓဟူးသား ဆိုပါဆို့။ ကိုယ့်အတွက် (၄)ဂဏန်းကို ယူရပါမယ်။

.
ဒီတော့ ကောလာဟလ တစ်ခုကို မှန်/မမှန် ဆန်းစစ်ဖို့ ကိုယ့်မွေးနံ ရယ်၊ လာပြောတဲ့ သူရဲ့ မွေးနံရယ် ၊ အဲဒီ နေ့ရဲ့ နေ့နံ ရယ် (၃)ခုသိရင် အလုပ်ဖြစ်ပါပြီ။
အဲဒီတော့ “တိုးတိုး” ဆိုတဲ့ သူက အင်္ဂါနေ့၊ တနင်္ဂနွေ အခါမှာ “သတင်းတစ်ခု တီးတိုး” လာပြောတယ် ဆိုပါစို့။ သူပြောတဲ့ ကိစ္စက တကယ်လား ကောလာဟလ လားဆိုတာကို တနင်္ဂနွေတိုင်နဲ့ မှတ်ကျောက်တင်ကြည့်ရပါမယ်။

.

(က) တိုးတိုးက စနေသား – နံပါတ် (၀)  ၊ တနင်္ဂနွေတိုင်ရဲ့ အောက် ဒုတိယနေရာမှာ ရှိတယ်။

(ခ) လာပြောတဲ့ နေ့က အင်္ဂါနေ့ – နံပါတ် (၃) ၊ တနင်္ဂနွေတိုင်ရဲ့ အောက်ဆုံးမှာ ရှိတယ်။

(ဂ)  ကိုယ်က ဗုဒ္ဓဟူးသား – နံပါတ် (၄) ၊ တနင်္ဂနွေတိုင်ရဲ့ အောက်ကပ်လျှက် နေရာမှာ ရှိတယ်။
.
(က) (ခ) (ဂ) အချက် (၃)ချက်လုံး တိုင်ရဲ့ အောက်မှာချည်း ရှိနေကြလို့ “တိုးတိုး” လာပေးတဲ့ သတင်းဟာ လုံးဝမှားယွင်းတဲ့ သတင်း ဖြစ်ပါလိမ့်မယ်။ ကောလာဟလ သတင်းကြီးပါ
.
ကျန်တဲ့ တိုင် (၆)တိုင်ကိုလည်း ဒီနည်းနဲ့ဘဲ ဆုံးဖြတ်ရပါလိမ့်မယ်။ ပထမဆုံး နေ့ကိုကြည့်ပြီး ဘာအခါလဲ ဆိုတာရှာ/ အခါရပြီဆိုရင် တိုင်ထူ။ တိုင်ထူတာ နည်းလမ်းရှိပေမယ့် အဆင့်သင့် ထူပြီးသား တိုင်တွေကိုဘဲ သုံးလိုက်ပါ။ အောက်မှာ “အခါတစ်ခုစီအတွက် အသင့်ထူပြီးသား တိုင် (၇)တိုင်” ဇယား။
.

ဇယား (ခ)

ဇယား (က)မှာ (၁)ဂဏန်းကိုတွေ့ရင်  အခုဇယား (ခ)ထဲက – တနင်္ဂနွေတိုင်ကို ယူ ။ (၂)ဂဏန်းကိုတွေ့ရင်  တနင်္လာတိုင်ကို ယူ ။ (၃)ဂဏန်းကိုတွေ့ရင်  အင်္ဂါတိုင်ကို ယူ ။ (၄)ဂဏန်းကိုတွေ့ရင်  ဗုဒ္ဓဟူးတိုင်ကို ယူ ။ (၅)ဂဏန်းကိုတွေ့ရင်  ကြာသပတေးတိုင်ကို ယူ ။ (၆)ဂဏန်းကိုတွေ့ရင်  သောကြာတိုင်ကို ယူ ။ (၀)ဂဏန်းကိုတွေ့ရင်  စနေတိုင်ကို ယူ ။
ပြီးရင် – နေ့နံ (၃)ခု ဘယ်နေရာမှာရှိလဲ ဆိုတာ ရှာကြည့်။ လွယ်လွယ်လေးပါ။
.
ဒီတော့ အကျဉ်းချုပ်ကြည့်မယ်ဆိုရင်

(1) သူ့မွေးနံ ၊ ကိုယ့်မွေးနံ ၊ နေ့ – ဒီ ဂြိုဟ်(၃)လုံးဟာ  တိုင်အပေါ်ထိပ်မှာ အားလုံးရှိနေရင် ဒီသတင်းဟာ သတင်းမှန်ဖြစ်ဖို့ သေချာသလောက်ပါဘဲ။

(2) ဂြိုဟ် (၃)လုံးမှာ (၂)လုံးက အပေါ် ၊ တစ်လုံးက အောက်မှာ ဆိုရင် – ဒီသတင်းဟာ မှန်တော့မှန်တယ်၊ ဒါပေမယ့် မူလသတင်း နဲ့ ကွဲလွဲမှု အနည်းနဲ့ အများ ရှိနေတတ်တယ်။ အပြည့်အ၀ မမှန်ဘူး။ နဲနဲ လွဲနေမယ်။

(3) ဂြိုဟ် (၃)လုံးမှာ (၁)လုံးက အပေါ် ၊ နှစ်လုံးက အောက်မှာ ဆိုရင်တော့ – ဒီသတင်းဟာ သိပ်ပြီးတော့ မှန်ကန်တဲ့ သတင်း မဖြစ်နိုင်တော့ပါဘူး။ ကောလာဟလဘဲ ဖြစ်ဖို့ များပါတယ်။

(4) ဂြိုဟ် (၃)လုံးမှာ အားလုံး အောက်မှာချည်း ဖြစ်နေရင် ဒါ လုံးဝ ကောလာဟလ သက်သက်လို့သာ ဆုံးဖြတ်ချက် ချလိုက်ပါ။ စိတ်ပူစရာ လုံးဝမလိုတဲ့ ကိစ္စပါ။ အေးအေးဆေးဆေးပါ။

(5) ဂြိုဟ် (၃)လုံးမှာ (၂)လုံးကတော့ အပေါ်မှာ ရှိတယ်။ ဒါပေမယ့် တစ်လုံးကတော့ အလယ် (လိမ္မော်ရောင် ပြထားတဲ့ နေရာ) မှာဘဲ ရှိနေရင်တော့ ဒါဟာ ဒီသတင်းဟာ မပြီးပြတ်သေးဘူး။ နောက်ထပ် သတင်းနောက်ဆက်တွဲ လာဦးမယ်။ နောက်တခါ ဒီကိစ္စကို ပြန်ကြားရဦးမယ်။ အဲဒီမှာ နောက်တစ်ခါ ထပ်ပြီး ဆုံးဖြတ်ရဦးမယ့် သဘောကို ပြောတာပါ။ သတင်း အမှားအမှန် အပြတ် မပြောနိုင်သေးပါဘူး။


(6) ဒါပေမယ့် အလယ် (လိမ္မော်ရောင်ပြထားတဲ့နေရာ)မှာ ဂြိုဟ်တစ်လုံး ရှိပြီး ကျန်ဂြိုဟ် (၂)လုံးဟာ အောက် (၃)နေရာကို ရောက်နေရင်တော့ နောက်ဆက်တွဲသတင်းဘဲရှိရှိ ဒီသတင်းဟာ သတင်းမှားဘဲ ဖြစ်မှာပါ။

.
သူ့မွေးနံ ရယ် ၊ ကိုယ်မွေးနံ ရယ် ၊ နေ့ ရယ် – ဒီ (၃)လုံးမှာ ဘယ်နေ့နံက အရေးကြီးဆုံးလဲလို့ ပြောရရင်တော့ လာပြောတဲ့ လူရဲ့ မွေးနံက အဓိက အကျဆုံးပါ။ သူ့မွေးနံဟာ အောက် (၃)နေရာမှာ ရောက်နေရင် ကိစ္စတစ်ခုဟာ မှန်ဖို့ အလွန်ခဲယဉ်း ပါတယ်။

.

လာပြောတဲ့ လူ ဆိုရာမှာလည်း ကိုယ့်ဆီကို ဒီသတင်း အရောက်လာပို့သူကိုသာ အတည်ယူရမှာ ဖြစ်ပြီး မူလ စတင် ပြောကြားသူကို လိုက်ရှာစရာ မလိုပါဘူး။ အပေါ်က ကျွန်တော်အတွေ့အကြုံမှာ ပါတဲ့ ဇာတ်ကောင်တွေအရ ပြောရရင် “သတင်းစတင်ဖြန့်ချိသူ” “မခင်ခင်ရွှီး” ရဲ့ မွေးနံကို ယူစရာမလိုဘဲ ကျွန်တော့်ကို နောက်ဆုံးလာပြောတဲ့ ဇနီးဖြစ်သူရဲ့ မွေးနံ ကိုသာ ယူရမှာ ဖြစ်ပါတယ်။ ဒါလေး သတိထားရပါမယ်။

ရာခိုင်နှုန်း ကြိုက်သူတွေအတွက် (1) လာပြောတဲ့သူရဲ့မွေးနံအင်အား ရာနှုန်း = 50%  ၊  (2) ကိုယ့်မွေးနံ အင်အား ရာနှုန်း = 25% ၊ (3) သတင်းကြားတဲ့နေ့ ရာနှုန်း = 25 %   လို့ ယူဆတွက်ချက်နိုင်ပါတယ်။
.

ကိုယ်တိုင် ဆုံးဖြတ်ခဲ့ဘူးတဲ့အထဲက နမူနာလေး တစ်ခု တွက်ပြပါမယ်။

ယခုနှစ် (2010) ဧပြီလ (15) ရက် နေ့ကပါ။ အဲဒီနေ့က သင်္ကြန်အကြတ်နေ့ ဖြစ်ပါတယ်။ သင်္ကြန်ကာလဆိုရင် ဘယ်တော့မှ ရေပက်ခံ ထွက်လေ့မရှိလို့ အိမ်မှာဘဲ “ဗီဒီယို” တစ်ကားပြီး တစ်ကား ကြည့်နေတုန်း မန္တလေးမှာ နေတဲ့ “ယောက်ဖ” ဆီက ဖုန်းဝင် လာပါတယ်။ “ရန်ကုန် ကန်တော်ကြီးမှာ ဗုံးပေါက်တယ်ဆိုတာ ဟုတ်လား” တဲ့။

အဲဒါသာ ကြည့်တော့ဗျာ ။ ရန်ကုန်မှာ ဖြစ်တဲ့ကိစ္စ ရန်ကုန်က လူက မသိဘူး။ မန္တလေးက သတင်းရ နေပြီ။ မြန်လိုက်တဲ့ သတင်းဆက်သွယ်ရေး ခေတ်ကြီးပါလား ဟရို့။

ဒီတော့ ကျွန်တော်လည်း ဟိုဟို ဒီဒီ စုံစမ်းကြည့်ရတာပေါ့ဗျာ။ သတင်းက မသေချာဘူးဖြစ်နေတယ်။ ဟုတ်သလို မဟုတ်သလို။ ဒါနဲ့ဘဲ အထက်က နည်းအတိုင်း နာရီကို လှမ်းကြည့်ပြီး အင်္ဂ၀ိဇ္ဇာတိုင်လေး ကောက်ထူလိုက်တယ်။ အချိန်က (၃)နာရီခွဲ ၊ နေ့က ကြာသပတေးနေ့ဆိုတော့ “စနေအခါ ၊ စနေတိုင်” ရတယ်။ (ဇယားလေး ပြန်ကြည့်လိုက်ပါ)

.
အဲဒီနေရာမှ တစ်ခု သတိပြုဖို့က သူ့ဟာသူ ဟိုမှာ ဘယ်အချိန်မှာ ဗုံးပေါက်ပေါက် ၊ ပေါက်တဲ့အချိန်ကို မယူရပါ။ ဘယ်အချိန် ပေါက်ခဲ့တာလည်းလို့ ပြန်စုံစမ်းနေစရာ မလိုပါ။ ဒီသတင်းကို ကိုယ် စပြီး ကြားတဲ့အချိန်ကိုသာ အတည်ယူရပါမယ်။

.
စနေတိုင်

ကဲ – စ, တွက်ကြရအောင် ။
(က) သတင်းပေးသူ (ကျွန်တော့်ယောက်ဖ)က ကြာသပတေးသား = ၅ ဂဏန်း – - – အပေါ်ဖက် တတိယနေရာမှာ။
(ခ) သတင်းကြားတဲ့ နေ့က ကြာသပတေးနေ့ = ၅ ဂဏန်း . . . အပေါ်ဖက် တတိယ နေရာမှာဘဲ။
(ဂ) ကိုယ့်မွေးနံက ဗုဒ္ဓဟူးသား = ၄ ဂဏန်း . . . အပေါ်ထိပ်ဆုံးမှာ ။
.
ဒီတော့ – ဂဏန်း (၃)လုံး စလုံး အပေါ်မှာ ချည်းဘဲဗျ။ နောက်ပြီး “စနေတိုင်” ဆိုတာကလည်း ဆေးရုံ၊ သုဿာန်၊ အမှုအခင်း၊ ထောင်၊ အချုပ် ၊ သွေးထွက်သံယိုကိစ္စ၊ Accident ကိစ္စ . . .  စတဲ့ အနိဌာရုံတွေနဲ့ သက်ဆိုင်တဲ့ တိုင်ဖြစ်တယ်။ တိုင်အရလည်း “ဆန်း” ၀င်နေတယ်။
ဒီတော့ ဒီ(ဗုံးပေါက်တဲ့)ကိစ္စဟာ ကောလာဟလ မဟုတ်တော့ဘဲ တကယ်ဖြစ်သွားတဲ့ ကိစ္စတစ်ခုလို့ ချက်ခြင်း အတည်ပြုလိုက် နိုင်ခဲ့ပါတယ်။ နမူနာလေးပေါ့ဗျာ။

.

ကဲ – ကောလာဟလလေးများ ကြားခဲ့ရင် (၀ါသနာပါရင်) ဒီတွက်နည်းလေးနဲ့ တွက်ကြည့်ကြဦး။ နောက်ထပ် တွက်နည်းတွေ အများကြီး ရှိပါသေးတယ်။ အလျဉ်းသင့်သလို တင်ပြပေးသွားပါဦးမယ်။ ဇယား (က) နဲ့ ဇယား (ခ) ကို Print ထုတ်ပြီး ကျောဖက်ခြင်း ကော်ကပ်ပြီး အိတ်ထဲမှာ အမြဲဆောင်ထား။ ရောက်လေရာနေရာမှာ ဆုံးဖြတ်နိုင်တယ်။

ယေဘူယျကတော့ – ဂြိုဟ်အားလုံး အပေါ်ချည်းသာ ရှိနေရင် ဒီကိစ္စ အမှန် / ဂြိုဟ်အားလုံး အောက်မှာချည်း ရှိနေရင် ဒီကိစ္စ အမှား (ကောလာဟလ) လို့ တထစ်ချ ဆုံးဖြတ်နိုင်ပါတယ်။ ကျန် အပေါ် (၂)လုံး အောက်(၁)လုံးတို့/ အလယ်တစ်လုံး အောက်တစ်လုံး- အပေါ်တစ်လုံး တို့ကတော့ “အတွေ့အကြုံများလာမှ” အပိုင် ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။ များများ တွက်ရင် များများ သိလာမယ်။ အတွေ့အကြုံလိုပါတယ်။ အတွေ့အကြုံကိုတော့ ကိုယ်တိုင် ဆည်းပူးယူရပါမယ်။ သင်ပေးလို့မရပါ။
.
အလည်လာ ဖတ်ရှုသူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
.

မှတ်ချက်။    ။ ဤ တွက်နည်းလေးသည် ဗေဒင်ပညာ မတတ်သူများအတွက်သာ ရည်ရွယ်ပါသည်။ ပညာရှင်များ အတွက်မူ စာမဖွဲ့လောက်သောကြောင့် မရည်ရွယ်ပါခင်ဗျား။

.

Share

13 comments on “# ကောလာဟလ

  1. Thanks you, sayar….. may peace be upon you….

  2. YoungGun on said:

    ဘာပဲဖြစ်ဖြစ် လူတိုင်းအတွက် အသုံးတည့်မယ့် ဆောင်းပါးတစ်ပုဒ်ပါ။ အားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်။

  3. Thank you.
    I appreciate it.
    It is very useful and I know I can use it for other reason too.
    And please mention for the special meaning of other Tine like Sanay.

  4. red rose on said:

    ဆရာရေ..မှတ်သားလောက်ပါပေတယ်..ဗဟုသုတ ပညာလည်းတကယ်ရပါတယ်..

  5. ကိုပခန်း on said:

    ဖတ်မှတ်သွားပါတယ် ဆရာခင်ဗျား။

  6. ဥပသကာ on said:

    ကျေးဇူးဆရာရေ ပညာရ ပါတယ် ခင် ဗျ

  7. sadabawa on said:

    ဆရာ ဖတ်လဲ ဖတ်၊ ကူးလဲ ကူး သွားပါတယ်။
    လိုချင်တာ ကြာပါပြီ။
    ကျေးဇူးပါပဲ

  8. Kyaw Moe on said:

    အခါပိုင်းတဲ့နည်းကဘယ်နေရာမဆိုသုံးလို.ရပါသလားဆရာ။ ကျွန်တော်က UK မှာနေလို.ပါ။ နေဝင်နေထွက်တော်တော်ကွာပါတယ်။အချိန်ရယင်ရှင်းပြပေးပါခင်ဗျား။

  9. Dr.Tin Bo Bo on said:

    ကို Kyaw Moe သို့

    အခါပိုင်းတဲ့နည်းက ကမ္ဘာ့ဘယ်နေရာမဆို သုံးလို့ရပါတယ်။ တစ်နာရီခွဲစီ ယူတာ နဲနဲ ကြမ်းပေမယ့် မှန်ကန်မှုကတော့ ရှိနေတာပါဘဲ။ ပိုသေချာချင်ရင် ကိုယ်နေတဲ့ ဒေသ နေ၀င်ချိန် / နေထွက်ချိန် အကျယ်အ၀န်းကို (၈)နဲ့စားပြီး (၈)ပိုင်း ပိုင်းယူရင် ပိုပြီး တိကျ နိုင်ပါတယ်။ ကိုယ်နေတဲ့ ဒေသရဲ့ နေ၀င်ချိန် နေထွက်ချိန်တွေက အွန်လိုင်းပေါ်မှာ ရှာလို့ရပါတယ်။

  10. guiness on said:

    ကျေးဇူးတင်ပါတယ်ဆြာ

  11. Tin Mg Soe on said:

    Thank you soo much!!! :D
    I wish u lso healthy & wealthy!!!

  12. kohtoo on said:

    ကျွန်တော်ကဦးရဲ.သားစည်ရဲကျော်ရဲသူငယ်ချင်းပါအရင်တုန်းက(၄၉)လမ်းမှာနေတာပါကုကုဆိုသူသိပါတယ်ကိုမြတ်မင်းသိန်းနဲ.လည်းသိတယ်အိမ်ပြောင်းသွားတာကိုမသိလိုက်ရဘူးအဲဒါဘယ်မှာနေတာလဲလိုမတွေ.တာကြာသွားလိုပါ

  13. Dr.Tin Bo Bo on said:

    သြော် အေး သားရဲ့ သူငယ်ချင်းလား။ ဦးတို့ အခု အလုံကို ပြောင်းသွားတယ်။ အမှတ် (၄၆) အခန်း (၆) နံ့သာလမ်း၊ အလုံ။ ဖုန်း 01-228665, 01-723102 တွေကို ဆက်လိုက်ရင် ရပါတယ်။ စည်ရဲကျော်က အခု IDCS တက်နေတယ်။ (၁၀)တန်း ဂုဏ်ထူး (၃)ဘာသာပါတယ်။ အလည်လာခဲ့ဦးလေ။ သူ့ဆီကို ဖုန်းအရင် ဆက်ကြည့်ဦး။ နေ့လယ် (၃)နာရီ နောက်ပိုင်းဆိုရင် ကျောင်းက ပြန်ရောက်ပါပြီ။ ဒါဘဲနော်။

Reports to my Friends !

ယခုဆောင်းပါး “ဖူးစာရှင် အမှန်တွက်နည်း” ထက် ပိုမိုကောင်းမွန်တိကျသော (ဖူးစာရှင်၏ နာမည်အစ နေ့နံ အပါအ၀င် နာမည်တွင်ပါဝင်မည့် နေ့နံများကိုပါ ဖော်ပြနိုင်မည့် အလွယ်တွက် နည်းစနစ်တစ်ခု) ကို ရက်ပိုင်းအတွင်း တင်ပေးပါမည်။ စောင့်မျှော်ဖတ်ရှုပါ။ ဖူးစာရှင်၏ မွေးနေ့မွေးရက်များ လုံးဝ သိစရာမလို ၊ ချစ်သူရည်းစား မရှိသေးသူများပင် တစ်ချိန်တွင် မိမိဘ၀ကြင်ဖော်ဖြစ်လာမည့် သူ၏ နာမည်နေ့နံများကို ကြိုတင်သိရှိနိုင်မည့် နည်း !!!

အဖတ်အများဆုံး ဆောင်းပါးများ

အားပေးတယ်ဆို Like လုပ်ခဲ့နော် !

ဟူးရားဂဏန်း ရှာမယ်

Randomize calculation

အွန်လိုင်းပေါ်မှာ ရှိနေသူများ