# နှစ်သစ်ကူး ဆုမွန်လွှာ
.
မြန်မာနှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသား အားလုံး နှင့် တိုင်းတစ်ပါးသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံသူ နိုင်ငံသားများပါမကျန် အားလုံး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။ ရေလိုအေး၍ ပန်းလို မွှေးနိုင်ကြပါစေ ၊ ဘေးမသီရန်မခ ရှိကြပါစေ။ ကောင်းသော လိုအင်ဆန္ဒများ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။
ထို့ထက်ပို၍ အကြောင်းအမျိုးမျိုးကြောင့် မိမိအပေါ် အမြင်မကြည်လင်ခဲ့သူ ၊ စကားအခြေအတင်ဖြစ်ခဲ့သူ ညီအစ်ကို မောင်နှမ အားလုံးကိုလည်း နှစ်သစ်မှာ ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်။ ကျွန်ုပ်၏ စိတ်ထားမှာ မည်သူအပေါ်တွင်မှ အညိုးအတေး အာဃာတတရား မထားခဲ့ပါ။
သို့သော် မိမိ၏ အားနည်းချက်ဖြစ်သော “ဝေဖန်မှု” များကို ချက်ခြင်းပြန်လည် တုန့်ပြန်တတ်မှုကြောင့် မလိုလားအပ်သော စကားအခြေအတင်ဖြစ်မှုများ ရှိခဲ့ပါသည်။ ဗေဒင်လောကမှ အချို့သော ပညာရှင်များ၏ ရေးသားချက်များကိုလည်း “ဝေဖန်ထောက်ပြမှု” များ ရှိခဲ့ပါသည်။ ကဲ့ရဲ့ လှောင်ပြောင်သလို ဖြစ်ခဲ့ခြင်းများ ရှိခဲ့ပါသည်။
ထို့အတွက် စဉ်းစားမိတိုင်း စိတ်မကောင်းဖြစ်ရပါသည်။ မိမိသည် စိတ်တို ၊ စိတ်ဆတ်ပြီး မိမိအား စော်ကားလာသည်ဟုထင်လျှင် ချက်ခြင်းတုန့်ပြန်တတ်သော ဉာဉ်ဆိုးရှိပါသည်။ မမှန်တာ မဟုတ်တာတွေ လျှောက်ပြောနေသည်ဟု ထင်လျှင်လည်း ပါးစပ်အငြိမ်မနေ, လက်အငြိမ်မနေတတ်ပါ။ အသက်သာ ကြီးလာသော်လည်း ထို “ဗီဇစိတ်” ကို မဖျောက်နိုင်ခဲ့ပါ။
အမေး/အဖြေ ကဏ္ဍများတွင်လည်း အချိုးမကျသော မေးခွန်းများ ၊ စည်းကမ်းမလိုက်နာမှုများ ရှိခဲ့လျှင် “ဂွစကား၊ ဘုစကား” ပြောတတ်သော ဉာဉ်ဆိုးလည်း ရှိပါသည်။ ထို့ကြောင့် အချို့သူများ မကျေမနပ်ဖြစ်ကြမည်မှာ သေချာပါသည်။ အမှန်အတိုင်းပြောရလျှင် မိမိသည် “အပေါက်ဆိုး” သော သူတစ်ဦး ဖြစ်သည်ဟု ၀န်ခံပါသည်။ သို့သော် “စိတ်ထား မယုတ်ပါ” ။ မှန်သော သစ္စာစကားဖြစ်ပါသည်။
သို့သော် မိမိ၏ စိတ်ရင်းအမှန်မှာ မေ့လွယ်ပျောက်လွယ်၊ ခွင့်လွှတ်လွယ်သော စိတ်မျိုးဖြစ်သည်ကို အကြွင်းမဲ့ ယုံကြည်ကြစေလိုပါသည်။ မိမိနှင့် ပြဿနာ ကြီးငယ်ဖြစ်ခဲ့ဘူးသူများကိုလည်း “နင်ဘဲငဆ” ပြောခဲ့မိသည်များကိုလည်း တွေးမိတိုင်း စိတ်မကောင်းပါ။ အချို့ကိုလည်း စာဖြင့် ပြန်လည် တောင်းပန်ခဲ့ပြီးပါပြီ။ ကျေအေးသူများ ရှိသလို မကျေအေးနိုင်ကြသူများလည်း ရှိသေးပါသည်။
ထို့ကြောင့် ယခုနှစ်သစ်မင်္ဂလာ အခါသမယတွင် မိမိအပေါ် ချစ်ခင်လေးစားကြသူများသာမက၊ မိမိအပေါ် အထင်အမြင် လွဲမှားနေကြသူများ အားလုံးကို ဤနေရာမှ ကျွန်ုပ် ထပ်မံ၍ ၀န်ချတောင်းပန်အပ်ပါသည်။ ကျွန်ုပ်ဖက်မှ အမှားရှိခဲ့ခြင်းများကိုလည်း ၀န်ချတောင်းပန်အပ်ပါသည်။ ခွင့်လွှတ်နိုင်ကြပါစေကုန်သော်။
.
သဗ္ဗေသတ္တာ ဝေနေယျာ အားလုံး မြန်မာနှစ်သစ်တွင် ကျန်းမာချမ်းသာကြပါစေကုန်သော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)
# ဧပြီလ (၇)ရက်သားသမီး ဗေဒင်
တနင်္ဂနွေသားသမီးများ
တနင်္ဂနွေ သားသမီးများအတွက် ယခုလမှာ ကံဇာတာ အကောင်းအဆိုး ရောနှောနေတာကို တွေ့ရပါတယ်။ အိုးအိမ် ခြံမြေ ကိစ္စ ၊ အလုပ်အကိုင် တိုးတက်ရေး အခွင့်အလမ်း ကိစ္စတွေမှာတော့ ကံကောင်းမှုများကို ရရှိနိုင်ပါတယ်။ အိုးအိမ် ခြံမြေ အသစ် ၀င်ရောက်ကိန်း (သို့) ၀ယ်ယူပြီး အိုးအိမ်ခြံမြေမှ အကျိုးအမြတ်ရကိန်းများ ရှိတယ်။
ပညာရေးကံကောင်းနေတာမို့ စာမေးပွဲ ဖြေဆိုထားသူများ ၊ ဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့နိုင်တယ်။ တနင်္ဂနွေ ၊ အင်္ဂါ နဲ့ ကြာသပတေး သက္ခတ်များအတွင်း ရောက်နေသူများ လုပ်ငန်းများ တိုးတက်ခြင်း ၊ တိုးချဲ့ရခြင်းများ ကြုံရနိုင်တယ်။
ဒါပေမယ့် ဒီလမှာ တနင်္ဂနွေသားသမီးများအတွက် လက်အောက်ငယ်သားများရဲ့ မရိုးသားမှုများကြောင့်၎င်း ၊ သစ္စာမရှိမှုများကြောင့်၎င်း ၊ ကိုယ်ပါ ရောပြီး နာမည်ပျက်ကိန်းရှိတယ်။ ဒီလမှာ လက်အောက်လူ ၊ လူမျိုးခြား ၊ ဘာသာခြားတွေ ဒုက္ခပေးနိုင်တယ်။ ကိုယ့်ရဲ့ နာမည်သတင်းနဲ့ ဂုဏ်သိက္ခာများ ကျဆင်းနိုင်တဲ့ ကံကြမ္မာမျိုး ရှိနေတယ်။
ငွေကြေးကတော့ အ၀င်များရင်လည်း များမယ်။ ဒါပေမယ့် အဖတ်မတင်တတ်ဘူး။ အိတ်ပေါက်နဲ့ ဖားကောက်ရသလို ဖြစ်တတ်တယ်။ မကောင်းတဲ့ သက္ခတ်များအတွင်း ရောက်နေသူများ ငွေကြေး အဆုံးအရှုံး များတတ်ပါတယ်။ ဒီလမှာ တနင်္လာနံတွေဖြစ်တဲ့ ငွေ ၊ မိခင် ၊ ကား နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံမကောင်းဘဲ ဖြစ်နေတတ်တယ်။
နဂိုကတည်းက ကိုယ့်မိသားစု နဲ့ အေးအေးချမ်းချမ်း နေလိုသူများ ၊ တင်းတိမ်ရောင့်ရဲ လွယ်သူများအတွက်တော့ ဒီလဟာ မိသားစုနဲ့အတူ အေးချမ်းသာယာစွာဖြင့် အနားယူနိုင်ပြီး စိတ်ချမ်းသာရမယ့် လ, တစ်လဖြစ်လိမ့်မယ်။ သူတို့အတွက်တော့ အကောင်းဟောရမယ်။
နဂိုကတည်းက အလုပ်ကြီးအကိုင်ကြီးတွေနဲ့ မနိုင်ဝန် ထမ်းနေကြသူတွေ ၊ လောဘသက္ကာယ ကြီးမားတတ်ကြတဲ့ တနင်္ဂနွေသားသမီးများအတွက်တော့ ဒီလဟာ ဖင်မနိုင် ခေါင်းမနိုင်ဖြစ်ပြီး စိတ်ပင်ပန်းရမယ့် လ,ဖြစ်တယ်။ အလုပ်ကြီးအကိုင်ကြီး လုပ်သူများ ဒီလထဲမှာ လူယုံ သစ္စာဖောက်တတ်လို့ သတိအထူးပြုရမယ်။
.
ယခုလအတွက်- နာမည်မှာ
- တနင်္ဂနွေ စ,ပြီး တနင်္ဂနွေ ၊ ကြာသပတေး နဲ့ ဆုံးထားသူများ ကံဇာတာကောင်းမွန်မှုများကို အထူးရရှိခံစားရပါလိမ့်မယ်။
- တနင်္ဂနွေ စ,ပြီး အင်္ဂါ နံနဲ့ ဆုံးထားသူများ လူပင်ပန်း ၊ စိတ်ပင်ပန်းမှု များလိမ့်မယ်။
- တနင်္ဂနွေ စ,ပြီ ဗုဒ္ဓဟူး(ရာဟု)ဆုံးထားသူများ အိမ်ထောင်ရေးပြဿနာ ၊ အိမ်ရှင်အိမ်ငှားပြဿနာ ၊ အိုးအိမ်နဲ့ ပတ်သက်တဲ့ အမှုအခင်းများ ကြုံရဖွယ် ရှိတယ်။ “ရေ” နဲ့ ပတ်သက်ပြီး ဥပဒ်ပေးနိုင်လို့ သင်္ကြန်တွင်း ရေကစားလျှင် သတိပြုပါ။
- တနင်္ဂနွေ စ,ပြီး တနင်္လာ (သို့) သောကြာနံများနှင့် ဆုံးထားသူများ ဂုဏ်သိက္ခာကျဆင်းခြင်း ၊ အလုပ်နေရာ အပြောင်းအလဲ ဖြစ်ခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်းများ အထူးကြုံတွေ့နိုင်တယ်။
- တနင်္ဂနွေ စ,ပြီး စနေနံ ဆုံးသူများ လက်အောက်လူ ၊ လူမျိုးခြား ဘာသာခြား နဲ့ ပတ်သက်ပြီး ထိခိုက်နစ်နာစရာ ကိစ္စတွေ ကြုံရနိုင်တယ်။ နာမည်ပျက်ကိန်း ရှိတတ်တယ်။
.
ယတြာပြုလုပ်လိုပါက - မိမိနေအိမ်ဘုရားမှာဖြစ်ဖြစ် ၊ တန်ခိုးကြီးဘုရားမှာဖြစ်ဖြစ် - တနင်္ဂနွေနေ့ နံနက်စောစောမှာ “ပြောင်းဖူးပေါက်ပေါက်ပွင့်” ကို ဆီဆမ်းပြီး ကပ်လှူပူဇော်လိုက်ပါ။
.
# မတ်လ (၇)ရက် သားသမီး ဗေဒင်
.
နှစ်လကြာအောင် ပျက်ကွက်ခဲ့တဲ့ (၇)ရက်သားသမီးဗေဒင်လေးကို ယခု မတ်လမှာ ပြန်ပြီး တင်ဆက် ပေးလိုက်ပါတယ်။ လူတိုင်းအတွက် မှန်မှာ မဟုတ်ပေမယ့် အပျင်းပြေဘဲဖြစ်ဖြစ် ၊ သတိထားမိဖို့ဘဲ ဖြစ်ဖြစ် တင်ပေးလိုက်ပါတယ်။ ကောင်းတဲ့ အဖြေထွက်တဲ့ လူတွေလည်း စိတ်ချမ်းသာ စေချင်သလို မကောင်းတဲ့ အဖြေထွက်တဲ့ လူတွေလည်း သိပ် အစွဲအလန်း မထားကြပါနဲ့။ (၇)ရက်သားသမီး “ယေဘူယျ တွက်ကိန်း” မျှသာ ဖြစ်လို့ လူတိုင်း လူတစ်ဦးခြင်းစီအတွက် မမှန်နိုင်ပါ။ မကောင်းတာရှိရင် ကြိုတင် သတိထားစေချင်တဲ့ စေတနာနဲ့ မကောင်းတဲ့ ဟောကိန်းလေးတွေကိုလည်း ထည့်ပေးရခြင်းဖြစ်ပါတယ်။ ဖတ်ကြည့်ကြရအောင်။
.
တနင်္ဂနွေသားသမီးများ
ယခုလတွင် ကံဇာတာ တိုးတက်ကောင်းမွန်မှု များပြားနိုင်ပါတယ်။ အလုပ်အကိုင် ၊ အောင်မြင်ရေး နဲ့ ပညာရေးကံများ ကောင်းနေပါတယ်။ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသားများ ကံဇာတာမြင့်မားနေပြီး ဉာဏ်၊ ၀ီရိယ စိုက်ထုတ်နိုင်ရင် ထုတ်သလောက် အကျိုးကျေးဇူးခံစားရမယ့် လ, ဖြစ်တယ်။ ရာထူးတက်စရာရှိတဲ့ ၀န်ထမ်းများ ရာထူးတက်ဖို့ ရှိနိုင်တယ်။ သို့မဟုတ် ပိုကောင်းတဲ့ နေရာဌာန အပြောင်းအရွှေ့မျိုးဖြစ်နိုင်တယ်။ လုပ်ငန်းချဲ့ထွင်ဖို့ ကြံရွယ်ထားသူ စီးပွားရေးသမားများ လုပ်ငန်းတိုးချဲ့ဖြစ်ပြီး အောင်မြင်ဖို့လည်း များပါတယ်။
အချို့ တနင်္ဂနွေသားသမီးများမှာ ငွေရေးကြေးရေး ပြဿနာရှိနိုင်တယ်။ ငွေကြေးအကျပ်အတည်း နှင့် အဆုံးအရှုံးများ ရှိနိုင်တယ်။ ငွေကြေးရင်းနှီးမြုတ်နှံမှု ၊ ငွေကြေးချေးငှားမှုများ သတိထားပါ။ ယာဉ်ကားနဲ့ ပတ်သတ်တဲ့ ကိစ္စတွေ မှာလည်း အမှားအယွင်း ဖြစ်နိုင်တယ်။ အထိအခိုက်ဖြစ်နိုင်တယ်။ ငယ်ရွယ်သူများ အချစ်ရေးကံ မကောင်းသေးပါ။ ချစ်သူနှင့် ကတောက်ကဆ ဖြစ်ဖွယ် ရှိပါတယ်။ မိတ်ဆွေအရင်းအချာတစ်ယောက်နဲ့ အထင်အမြင်လွဲမှားမှု ၊ ဆက်ဆံရေးပျက်ပြားမှု ဖြစ်ရဖွယ် ရှိတယ်။ သားသမီးရှိသူများ သားသမီးအတွက် ပူပန်သောက ရောက်စရာ ကြုံရတတ်တယ်။ ခရီးသွားလာရေးအတွက် ကြံစည်ထားတာတွေ ပျက်တတ်ပါတယ်။ သို့မဟုတ် အဆင်မပြေသော ခရီးများ ဖြစ်တတ်ပါတယ်။ ဘာသာရေးဆိုင်ရာ ကိစ္စများ ပြုလုပ်ရဖွယ်ရှိပြီး တရားစခန်းဝင်မည့်သူများ ၀င်ဖြစ်လိမ့်မယ်။ အတိတ်ပါရမီပါရင် “တရားထူး” ရနိုင်တဲ့ လ,ဖြစ်တယ်။ ခြုံပြောရရင် တနင်္ဂနွေသားသမီးများ ယခုလအတွက် ကံဇာတာ အကောင်းဖက်ကို ပိုများပါတယ်။
ယခုလအတွက်- နာမည်မှာ တနင်္ဂနွေ စ,ပြီး တနင်္ဂနွေ ၊ အင်္ဂါ ၊ ကြာသပတေး နဲ့ ဆုံးထားသူများ ကံဇာတာကောင်းမွန်မှုများကို အထူးရရှိခံစားရပါလိမ့်မယ်။ ဗုဒ္ဓဟူး(ရာဟု)ဆုံးထားသူများ အိမ်ထောင်ရေး ၊ လူမှုရေး ပြဿနာများနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။
ယတြာပြုလုပ်လိုပါက - မိမိနေအိမ်ဘုရားမှာ “ပဲပြုတ်ဆီဆမ်းပြီး ဆွမ်းနဲ့အတူ” တနင်္ဂနွေနေ့ နံနက်စောစောမှာ ကပ်လှူပူဇော် လိုက်ပါ။
.
# နဂါးနှစ် လာပြီ
.
ဒီဆောင်းပါးလေးကတော့ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်နေ့ (ဇန်န၀ါရီ-၂၃)ရက်နေ့ကတည်းက ရေးထားတာပါ။ ဗဟုသုတဆိုင်ရာ ဆောင်းပါးလေးပါဘဲ။ ဒါပေမယ့် ဆောင်းပါးကို နောက်နေ့ (၂၄)ရက်မှ တင်မယ်လုပ်ထားတာ (၂၄)ရက်နေ့မှာ မမျှော်လင့်ဘဲ ကျွန်တော့် ဘလော့ဂ် ဗြုန်းကနဲ ပိတ်သွားပါတယ်။
မြန်မာပြည်က ပိတ်တာမဟုတ်ပါ။ မူလ ဘလော့တင်ထားတဲ့ BlueHost Sever က ပိတ်လိုက်တာပါ။ ကျွန်တော်တင်မက ကျွန်တော့် ဆိုဒ်ပေါ်မှာ ကိုယ်ပိုင်ဝက်ဆိုဒ်ကလေးတွေ ကျွန်တော်က (Free) နေရာပေးပြီး တင်ပေးထားတဲ့သူတွေပါ ပိတ်သွားလို့ သူတို့ အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ BlueHost Sever က သူတို့ US Federal Law နဲ့ ညိလို့ဆိုလား ဘာလားဘဲ။ တိတိကျကျမသိပါဘူး။ မြန်မာ ၊ အီရန် ၊ မြောက်ကိုရီးယား ၊ ဆီးရီးယား ၊ ကျူးဘား . . စတဲ့နိုင်ငံတွေက US ဆာဗာမှာ တင်ထားတဲ့သူတွေကို ပိတ်ခိုင်းတာလို့ ဆိုတာဘဲ။
ပြဿနာက ကျွန်တော်က ပို့စ်တွေကို တိုက်ရိုက်ရေးတင်တဲ့ အလေ့အကျင့်ရှိနေတော့ ကျွန်တော့်ဆီမှာ ဆောင်းပါးအားလုံးရဲ့ Copy ရှိမနေတော့ တော်တော် စိတ်ဒုက္ခရောက်ခဲ့ရပါတယ်။ Data တွေ အကုန်လုံး ဆုံးရှုံးသွားပြီလားလို့တောင်မှ ထင်မိလိုက်ပါတယ်။
ဒါပေမယ့် အင်္ဂလန် နိုင်ငံမှာ နေတဲ့ အွန်လိုင်းမိတ်ဆွေ ညီငယ်လေး “ကိုတေးအေးရိပ်”က နေ နည်းပညာ တစ်ခုသုံးပြီး ပိတ်ထားတဲ့ ၀က်ဆိုဒ်ထဲက ဆောင်းပါးတွေ ပြန် ကူးယူပေးလို့ ဆောင်းပါးအားလုံး Copy ပြန်ရခဲ့ပါတယ်။ ကျွန်တော်အပါအ၀င် မြန်မာ နိုင်ငံထဲက အင်တာနက်ကို မကျွမ်းတကျွမ်း အသုံးပြုရင်းနဲ့ အခက်အခဲတွေ ကြုံလာရင် အမြဲမြဲလိုလို စိတ်အားထက်သန်စွာ ကူညီတတ်တဲ့ အင်္ဂလန် နိုင်ငံမှာ နေတဲ့ “ကိုတေးအေးရိပ်” ကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ။ ဒီမှာ သူရဲ့ ဘလော့ဂ်ပါ . . http://www.mmastrology.com
ကံအားလျှော်စွာ BlueHost ရဲ့ နို့တစ်စာထဲမှာ ချွင်းချက်တစ်ခုတော့ပါတယ်။ ဒီ မြန်မာဝက်ဆိုဒ်ကို ပိုင်ဆိုင်သူဟာ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ နေထိုင်သူ ဖြစ်ကြောင်း အထောက်အထားပြနိုင်ရင်တော့ ပြန်ဖွင့်ပေးမယ် ဆိုပါတယ်။ ကျွန်တော် အခုသုံးနေတဲ့ ဒီ Hosting ကို ၀ယ်ပေးတာ စင်္ကာပူမှာ နေထိုင်တဲ့ ကျွန်တော့်ရဲ့ တူကလေးဖြစ်သူ “ကိုလှမင်း” က ၀ယ်ပေးထားတာဖြစ်တော့ ပိုင်ဆိုင်သူအထောက်အထား (ID)တွေက သူ့ဆီမှာ အားလုံး ရှိတယ်လေ။ အဲဒါတွေ တင်ပြလိုက်တော့ (၃)(၄)ရက်လောက် သေသေချာချာ စစ်ဆေးပြီး ဒီနေ့(၂၉)ရက်နေ့ မနက်မှာဘဲ ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ စင်္ကာပူမှာ နေတဲ့ “တူ” ဖြစ်သူ “ကိုလှမင်း” လည်း ကျွန်တော့် ကိစ္စအတွက် တော်တော် အလုပ်များသွားပါတယ်။ ကိုယ့်အတွက်နဲ့ သူများတွေကို ဒုက္ခပေးသလို ဖြစ်ရတာ စိတ်မကောင်းပါဘူး။
ထားပါတော့လေ။ နောင်ကိုတော့ ကိုယ့်ဖိုင်တွေကို ကိုယ့်ရဲ့ ကွန်ပျူတာထဲမှာဘဲ Back Up လုပ်တဲ့ အလေ့အထတစ်ခု မွေးရတော့မှာပေါ့။ ဆောင်းပါးလေးကို စ,လိုက်ကြရအောင်။
——————————————————————————-
တကယ်တော့ တရုတ်ရိုးရာ ဗေဒင်ပညာတွေကို ကျွန်တော့်အနေနဲ့ လေ့လာဖူးရုံမျှသာရှိပြီး ကျွမ်းကျွမ်းကျင်ကျင် မတတ်မြောက်ပါ။ ဒီဆောင်းပါး ဟာလည်း စာအုပ်စာတန်းတွေ နဲ့ အင်တာနက် ၀က်ဆိုဒ်တွေ မှီငြမ်းပြီး ရေးလိုက်တာပါ။ ကိုယ့်လို အချိန်ပေး ဖတ်ဖို့ အချိန်မရှိသူတွေ အတွက်ပါ။ တရုတ်လူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ “နဂါးနှစ်” လည်းဖြစ်နေလို့ပါ။
# 2012 ခုနှစ် (၁၂)ရာသီခွင် ဟောကိန်းများ
နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုတော့ ပြောင်းပြန်ပြီပေါ့။ Happy New Year !!! ဆိုတဲ့ ပျော်ရွှင်စွာ အော်ဟစ်ကြတဲ့ အသံတွေလည်း သောသောညံ ခဲ့ပါပြီ။ 2012 ခုနှစ်ကို လူတော်တော်များများက ကံမကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်လို့ ပြောဆိုနေကြတဲ့ အသံတွေကတော့ နေရာတိုင်းလိုလိုမှာ ကြားနေ ရပါတယ်။ ဒီနှစ်ဟာ လူသားတွေရဲ့ စိတ်ထဲမှာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ များနေတဲ့ နှစ်လည်း ဖြစ်ပါတယ်။ (၂၀၁၂မှာ ကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့ ကောလာဟလရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါတယ်) ဒါပေမယ့် ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ပျော်ရွှင်စွာ ကြိုဆိုကြဖို့ကတော့ ကမ္ဘာသူကမ္ဘာသား တွေရဲ့ တာဝန်ဘဲ မဟုတ်လားဗျာ။
ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် 2012 ခုနှစ်အတွက် (၁၂)ရာသီခွင် ဟောကိန်းများကို ရေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး။ ဒီတော့ ကျွန်တော် ဒီလိုလုပ်လိုက်တယ်။ မိဿ ၊ ပြိဿ . . . အစရှိတဲ့ (၁၂)ရာသီခွင်တွေမှာ မွေးဖွားလာကြတဲ့ ညီအစ်ကိုမောင်နှမများအတွက် “နှစ်သစ်ကူးအကြို (၁၂)ရာသီခွင် ဟောကိန်း “အကျဉ်းချုပ်” ကလေးကို ပဏာမ (အမြည်းသဘော)အနေနဲ့ တင်ဆက် ပေးလိုက်ပါတယ်။ နောက်ထပ် ရာသီတစ်ခုခြင်းစီရဲ့ “အသေးစိတ်ဟောကိန်းများ” ကိုတော့ ဇန်န၀ါရီလထဲမှာ အပြီးတင်ပေး သွားမယ် လို့ စိတ်ကူးလိုက်တယ်။
သဘောကျကြရဲ့လားဗျာ။ မကျရင်လည်း သည်းခံပြီးသာ ဖတ်ကြပေတော့။ လုံးလုံး တင်မပေးတာထက် စာရင်တော့ အများကြီး ကောင်းလိမ့်မယ် မဟုတ်လားဗျာ။ ကဲ – 2012 ရဲ့ ကံဇာတာ အကျဉ်းချုပ်ကလေးတွေကို ဖတ်ကြည့်ကြရအောင်လား။
.
မိဿရာသီဖွားများ
.
မိဿရာသီဖွားများအတွက် ၂၀၁၂ ခုနှစ်ရဲ့ ကံကြမ္မာအကျဉ်းချုပ်ကတော့ -
- ဒီနှစ်မှာ အတိုက်အခံများမယ်။ ရန်များမယ်။ ဒါပေမယ့် ရန်အတိုက်အခံ၊ အပြိုင်အဆိုင် တွေရဲ့ ကြားကနေ အောင်မြင်မှုရမယ်။
- ငွေကြေးလာဘ်လာဘ အလွန်များပြားစွာ ၀င်ရောက်နိုင်တယ်။ ငွေကြေးကံကောင်းမယ်။ ငွေကြေး အတွက် လုံးဝ မပူပင်ရတဲ့ နှစ်မျိုးဖြစ်နိုင်တယ်။
- ကျန်းမာရေးတော့ အတော်ဂရုစိုက်ရမယ်။ ချုခြာနေမယ်။ ရောဂါကြီးတွေဖြစ်နိုင်တယ်။
- နိုင်ငံရပ်ခြားနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံကောင်းမယ်။ နိုင်ငံခြားခရီးတွေ သွားရတတ်တယ်။
- အိမ်ထောင်ပြုမည့်သူများ အိမ်ထောင်ပြုရန် အခက်အခဲများမယ်။ ရွှေ့ဆိုင်းရမယ်။ လက်ထပ်ဖို့ကိစ္စ နှောင့်နှေးကြန့်ကြာမယ်။ ဒါပေမယ့် အိမ်ထောင်ကျကိန်းလည်း အလွန်များတယ်။
- အိုးအိမ်ခြံမြေ ၊ ယာဉ်ကား နဲ့ ပတ်သက်ပြီး ကံကောင်းမယ်။ အထူးသဖြင့် ယာဉ်ကား ၀င်ကိန်းရှိတယ်။
- တစ်နှစ်လုံး စိတ်ပိုင်းဆိုင်ရာ ဆတ်ဆတ်ထိမခံ ဖြစ်နေတတ်တယ်။ တော်လှန်ပုန်ကန်လိုတဲ့ စိတ်တွေ ဖြစ်နေတတ်တယ်။ မကြာခဏ စိတ်ပိုင်းဆိုင်ရာ ပေါက်ကွဲမှုတွေဖြစ်မယ်။ စိတ်နှစ်ခွ ဖြစ်နေမယ်။ စိတ်ခံစားချက်တွေ အလွန်ပြင်းထန်မယ်။
- ဘာသာရေးနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ ကိစ္စတွေ ၊ လူမှုရေး လုပ်ငန်းတွေ လုပ်ဆောင်ခွင့်ကြုံ တတ်တယ်။ ဒီလို လုပ်ဆောင်လိုက်တာနဲ့ ကိုယ့်ရဲ့ ကံကြမ္မာဟာလည်း အံ့သြလောက်အောင် ကောင်းမွန်တိုးတက်မှုတွေ ကြုံရမယ်။
- သားသမီးရှိသူများ သားသမီးအတွက် ဂုဏ်ယူစရာ ကိစ္စတွေ ကြုံမယ်။ အထူးသဖြင့် ပညာရေးကြောင့် ဂုဏ်ယူစရာ ကိစ္စမျိုးဖြစ်ဖို့များပါတယ်။
- အိမ်ထောင်ရေးအတွက် စိတ်အလွန်ဆင်းရဲရတတ်တဲ့ နှစ်မျိုးဖြစ်တယ်။ အိမ်ထောင်ဘက် ကျန်းမာရေး ချို့တဲ့လို့ဖြစ်စေ၊ အိမ်ထောင်ဘက်က တနည်းတနည်းနဲ့ ဒုက္ခပေးလို့ဖြစ်စေ မကြာခဏ စိတ်ဆင်းရဲ့ ရမယ့်နှစ်ဖြစ်တယ်။
- ကိုယ်တိုင် အိမ်ထောင်ရေး ရှုပ်ထွေးတတ်သူများ မိမိဂုဏ်သိက္ခာကျစရာ ကိစ္စတွေ ကြုံမယ်။ နာမည်ပျက်ကိန်း ကြုံတတ်တယ်။
- ၂၀၁၂ ခုနှစ်မှာ မိဿရာသီဖွားမွေးသူများထဲက ဗုဒ္ဓဟူး(ရာဟု) ၊ ကြာသပတေး ၊ သောကြာ နဲ့ စနေသားသမီးတွေက ကံအထူးကောင်းဖို့ရှိပါတယ်။
- ဒီနှစ်အတွက် ကံကောင်းခြင်းတွေ ပိုမိုရရှိအောင် အိမ်ကဘုရားမှာ “သစ်ကြားသီး” (သို့) “သကြား” လုံး (၈)လုံး ကပ်လှူပူဇော်လိုက်ပါ။ (သစ်ကြားသီးကို အခွံခွဲပြီးမှ ကပ်ပါ)
# ဒီဇင်ဘာလ(၇)ရက်သားသမီးဗေဒင်
.
ဒီလအတွက် (၇)ရက်သားသမီး ဟောကိန်းတွေကို မတင်ဖြစ်တော့ဘူးလို့ စိတ်ထဲမှာ ဆုံးဖြတ်ထားပေမယ့် အီးမေးလ်တွေ နဲ့က တစ်မျိုး ၊ ဖုန်းဆက်ပြီး ပြောတာက တစ်ဖုံ ၊ တစ်ပူပူတစ်ဆာဆာ လုပ်နေကြလို့ ရက်နောက်ကျနေပေမယ့် တင်ပေး လိုက်ရပြန်ပါပြီ။ ဒီလထဲမှာ လုပ်ငန်းရဲ့ အဓိကကျတဲ့ နေရာက ၀န်ထမ်းတစ်ယောက်က အဝေးသင်ဖြေဖို့ ခွင့်ယူသွားတာက တစ်မျိုး၊ ၀န်ထမ်း တစ်ယောက် Car Accident ဖြစ်တာကတစ်မျိုးနဲ့တော်တော် အလုပ်များ ၊ စိတ်ရှုတ်ထွေးနေလို့ အွန်လိုင်း စာမျက်နှာတွေဖက်ကို ဦးမလှည့်နိုင်ခဲ့ပါဘူး။
ကွန့်မန့်တွေ / အီးမေးလ်ထဲကနေ မေးတဲ့မေးခွန်းတွေကိုလည်း ဖြေမပေးနိုင်ခဲ့ပါဘူး။ အားလုံးကို အားနာပါတယ်။ ကိုယ့်ကို အားကိုးတကြီး အကူအညီတောင်းကြပေမယ့် ကိုယ်ဘက်က ချက်ခြင်းလုပ်မပေးနိုင်တာကို စိတ်မကောင်းဖြစ်ရပေမယ့် ဘာမှ မတတ်နိုင်ခဲ့ပါဘူး။
ဒါကြောင့် လစဉ်ဟောကိန်းတွေကိုမှ တင်မပေးနိုင်ရင်တော့ ကိုယ့်ပရိတ်သတ်ကို မလေးမခန့်လုပ်ရာ ကျတော့မှာမို့ အလုပ်မအား အားအောင်ယူပြီး (၇)ရက်သားသမီးဟောကိန်းများကို တင်ပေး လိုက်ရပါတယ်။ နောက်ပြီး ဒီလမှာ တစ်ချို့နေ့သားသမီးတွေအတွက် နည်းနည်း အရေးကြီးတဲ့ လ, လည်းဖြစ်နေတာကြောင့် တင်ပေးမှ တော်မယ် ထင်လို့ပါ။ လ, က တစ်ဝက်ကျိုးနေပြီဆိုတော့ အမှား/အမှန်ကို ပိုပြီး တိုက်ဆိုင်လို့ ရတာပေါ့။ ကဲ – ကြည့်ကြရ အောင်လား။
.
တနင်္ဂနွေ သားသမီးများ
တနင်္ဂနွေ သားသမီးများ ယခုလမှာ ကိုယ်ပင်ပန်း ၊ စိတ်ပင်ပန်းမှု များမယ်။ တာဝန်ဝတ္တရားတွေ များပြားလိမ့်မယ်။ ကျန်းမာရေး ကျဆင်းနိုင်တယ်။ မိမိ ဆွေမျိုး ၊ မိတ်သင်္ဂဟများအတွင်း နာရေးကိစ္စပေါ်မယ်။ ဆေးရုံဆေးခန်းတွေကို တနည်းနည်းနဲ့ ရောက်တတ်တယ်။ (လူနာမေးလည်း ဖြစ်နိုင်ပါတယ်)။ ဘာသာရေး ကိစ္စတွေ ဆောင်ရွက်ရဖွယ် ရှိတယ်။ နာမည်ကျော်ကြားကိန်း ရှိတယ်။ ကောင်းသတင်းလည်းဖြစ်နိုင်သလို ၊ မကောင်းသတင်းလည်း ဖြစ်နိုင်ပြန်တယ်။ ၀န်ထမ်း များအတွက် ကိုယ့်အပေါ်မှာ မကြည်မလင်ဖြစ်နေတဲ့ အကြီးအကဲတစ်ယောက်ရဲ့ ပညာပြတာကို ခံရနိုင်တယ်။ (မနိုင်ဝန် ထမ်းခိုင်းတာမျိုး)။ အချို့ဝန်ထမ်းများမှာ နေရာအပြောင်းအလဲ ၊ ဌာနအပြောင်းအလဲများ ဖြစ်နိုင်တယ်။ လက်ရှိနေရာထက် ပိုပြီး တာဝန်ကြီးတဲ့ နေရာ/အလုပ်မျိုးပေါ့။ ငယ်ရွယ်သူများ အချစ်ရေးကံ မကောင်းလှသေးပါ။ ချစ်သူအတွက် ပူဆွေး သောကရောက်ရကိန်းမျိုး ရှိတတ်တယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအတွက် ယခုလမှာ ရန်သူပြိုင်ဖက်များအပေါ် (ပရိယယ်သုံးပြီး) အနိုင်ရကိန်းရှိတယ်။ ဒါပေမယ့် တဖက်ပြိုက်ဘက်ကို ပေါ့ပေါ့ဆဆ သဘောထားပြီး သတိလက်လွတ် နေရင်တော့ ကိုယ်ခံရမယ်။ ဒီလထဲမှာ မကြေမလည်ဖြစ်နေကြတဲ့ မိတ်ဆွေများ ၊ ပါတနာများနဲ့ ပြန်လည် ပြေလည်မှု ရနိုင်တယ်။ ဒီလဟာ တနင်္ဂနွေ သားသမီးများအတွက် သိပ်ပြီး ကောင်းတယ်လို့ မပြောနိုင်ပေမယ့် သိပ်ပြီး ဆိုးစရာလည်း မရှိနိုင်တဲ့ လ, တစ်လလို့ဘဲ ယူဆမိပါတယ်။
ယခုလအတွက် နာမည်မှာ – တနင်္ဂနွေ စပြီး တနင်္ဂနွေ ၊ ဗုဒ္ဓဟူး ၊ စနေနံတွေနဲ့ အဆုံးသတ်မှည့်ထားတဲ့ နာမည်ပိုင်ရှင်တွေ အညံ့ များမယ်။ ကျန်နေ့နံ အဆုံးသတ်များကတော့ ကံဇာတာ အသင့်အတင့် အကောင်း/အညံ့ရှိပါမယ်။
ယတြာပြုလုပ်လိုလျှင် – ပဲပေါင်မုန့် တစ်လုံးကို နေအိမ် ဘုရားမှာ ကပ်လှူလိုက်ပါ။
# မဟာကာလဟူးရား ရှင်းတမ်း
ပြီးခဲ့တဲ့ စက်တင်ဘာလကုန်လောက်က ကျွန်တော် “သူတို့တစ်တွေ လွတ်မြောက်ကြတော့မည်” ဆိုတဲ့ ဆောင်းပါးလေးကို တင်ပေးခဲ့ပါတယ်။ ကိုယ့်အနေနဲ့ကတော့ လူအများဝမ်းမြောက် ၀မ်းသာရှိကြလိမ့်မယ်လို့ ယူဆလို့ ၀မ်းသာစရာ သတင်းကောင်း ကလေးကို တင်ပေးတဲ့ အဆင့်ထက် မပိုပါဘူး။ လူအများလည်း ဒီကြိုတင်ဟောကိန်းလေးကို ဖတ်ရလို့ ၀မ်းသာကြလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ ထင်သလို မဖြစ်ခဲ့ပါဘူး။ ဟောကိန်းစတင်လိုက်ကတည်းက ၀မ်းမသာနိုင်တဲ့ သူတွေ ရှိသလို ၊ အကျဉ်းသားတွေ လွတ်လာပြန်တော့လည်း ၀မ်းမသာတဲ့ သူတွေ ရှိခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့ “စေတနာကနေ ဝေဒနာ ဖြစ်ရုံကလွဲပြီး” ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ အပြန်အလှန် ငြင်းခုံရတာတွေ ၊ နားမလည်တဲ့ ကိစ္စတွေ ရှင်းပြ နေရတာတွေ ၊ စိတ်ကုန်လွန်းလို့ “အငြင်းအခုံ ကွန်းမန့်” တွေကိုလည်း ဖျက်ပစ်လိုက်ပါတယ်။ အဲဒီ ဝေဖန်ရေး ဆရာဆီကိုလည်း ကိုယ့်ဘက်ကဘဲ တောင်းပန်စာ တစ်စောင်ပို့ပေးလိုက်ပါတယ်။ (အသက်ကြီးလာတော့ ဘယ်သူနဲ့မှ ပြဿနာ မဖြစ်လိုတော့ပါ)
ကျွန်တော်တွက်ချက်ထားတဲ့ ဇာတာခွင်ကို ဝေဖန်သုံးသပ်တာကို ကျွန်တော် စိတ်မဆိုးပါဘူး။ ဒါပေမယ့် နဲနဲ “ကျွဲမြီးတို” မိတဲ့ စကားကတော့ လွှတ်မယ် အသံကြားလို့ လွတ်မယ်ဆိုပြီး ဟောရတာက ပိုမှန်နိုင်ပါတယ် အချိန်နည်းနည်း စောင့်ရမှာလေးပဲရှိတာ… ဆိုတဲ့ စကား ပါ။ ဟုတ်ပါပြီ။ ဒါဆို ဘယ် လ, လဲ ၊ ဘယ် နေ့, လဲ။ ဘယ် ရက်လဲ ။
အခုလည်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ထပ်လွှတ်မယ်ဆိုတဲ့ အသံထပ်ကြားနေရပြန်ပါပြီ။ ဒါဆို ကိုယ့်ကိုယ်ကို ရွက်ပုံးသီးပညာရှင်လို့ အမည်ခံထားသူတွေ တစ်ဦးတစ်လေလောက်များ ဘယ် နေ့၊ ဘယ် လ ၊ ဘယ် ရက် ဆိုတာ (အနီးစပ်ဆုံးလေး) ဟောပြပါလားဗျာ။ ကျွန်တော် တကယ်လေ့လာကြည့်ချင်လို့ပါ။ ဘယ်နည်းစနစ်ဘဲ သုံးသုံးပါ။
လွတ်မယ်လို့ အသံကြားလို့သာ လွတ်မယ်ဆိုရင် အကျဉ်းသား မိသားစုတွေ သွားမေးကြည့်ပါလားဗျာ။ လွတ်မယ်လို့ အသံကြားတာနဲ့ တကယ်လွတ်လာတာနဲ့ ရာခိုင်နှုံး ဘယ်လောက်စီ ရှိလဲလို့ မေးကြည့်စမ်းပါ။ လွယ်တဲ့ ကိစ္စ မှတ်လို့လား။ “ကြက်ဥအရောင် ၊ တိမ်တောင်သဖွယ်၊ “မင်း”ရေးကျယ်၏” တဲ့။ “မင်း(အစိုးရ)” နဲ့ ပတ်သက်လာတဲ့ ကိစ္စဟူသမျှ ဘယ်အရာမှ စိတ်ကူးနဲ့ ခန့်မှန်းလို့ ရကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။
ကဲ - စကားရှည်သွားပြီ။ အားလုံးကို တောင်းပန်ပါတယ်ဗျာ။ ရင်ထဲမှာ တော်တော်ကျဉ်းကျပ်နေတဲ့ ကိစ္စလေးမို့ ဖွင့်ချလိုက်ရတာပါ။ အခုတော့ ဘယ်သူ့ကိုမှ ဗွေမယူလိုတော့ပါဘူး။
# နိုဝင်ဘာလ(၇)ရက်သားသမီးဗေဒင်
.
တနင်္ဂနွေ သားသမီးများ
ယခုလတွင် တနင်္ဂနွေသားသမီးများ ကံဇာတာ တိုးတက်ကောင်းမွန်နိုင်မည်။ ဘုန်းကံမြင့်ချိန်ဖြစ်မည်။ မိမိ၏ ဂုဏ်သိက္ခာ တိုးတက်မြင့်မားမည်။ အလုပ်အကိုင် စီးပွားရေးများ တိုးတက်အောင်မြင်မည်။ ဖခင်နှင့် ပတ်သက်ပြီး ကံကောင်းမှုကို ခံစားရနိုင်သည်။ ခရီးသွားလာမှု ကိစ္စရပ်များ တိုးတက်ကောင်းမွန်မည်။ နိုင်ငံရပ်ခြားသို့ သွားမည့်သူများ အလွယ်တကူ ထွက်ခွာခွင့် ရမည်။ အိမ်ထောင်ပြုရန် စီစဉ်ထားသူများ အိမ်ထောင်ကျမည့် လ, ဖြစ်သည်။ အချစ်ရေး အိမ်ထောင်ရေး ကိစ္စများ ကံကောင်းနေမည်။ စန်းပွင့်မည့် လ, ဖြစ်သည်။ ၀တ်ကောင်းစားလှများ ၊ အိမ်အသုံးအဆောင် ပစ္စည်းများ ၊ လက်ဝတ်ရတနာများ ၀င်ကိန်းရှိသည်။ သို့သော် ဆွေမျိုးသားခြင်း ဒုက္ခပေးကိန်း ရှိသည်။ လူယုံ သတ်ကိန်း ရှိတတ်သည်။ လိမ်လည်လှည့်ဖျားခံရမှုမျိုး ရှိနိုင်သည်။ ငွေလိမ်ခံရတတ်သည်။ ယခုလတွင် စက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်ရာတွင် အထူးသတိထားပါ။ အပူလောင်တတ်သည်။ ဓာတ်လိုက်တတ်သည်။ အဆိပ်ရှိသော သတ္တ၀ါများ အကိုက်ခံရတတ်သည်။ စီးပွားရေး လုပ်ငန်းရှင်များ၊ အပြိုင်အဆိုင်နှင့် လုပ်ကိုင်ရသူများ ပြိုင်ဘက်များအပေါ်တွင် အသာစီးရလိမ့်မည်။ အမှုအခင်းဖြစ်ပွားနေသူများဖြစ်လျှင် မိမိဘက်မှ အမှုနိုင် ကိန်းရှိသည်။ နာမည်နှင့် လုပ်စားသူများ နာမည်အလွန်ကြီးကိန်း ရှိသည်။ ယေဘူယျ ခြံပြောရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများအတွက် ကံဇာတာ အကောင်းဖက်မှ ပိုများသော လ, တစ်လဖြစ်သည်ဟု ဆိုရပေလိမ့်မည်။
ယခုလအတွက် နာမည်တွင် – တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ နှင့် သောကြာနံများဖြင့် ပိတ်ထားသူများ အထူးကံကောင်း နိုင်ပြီး အောင်မြင်မှုများမည်။ အင်္ဂါ နှင့် စနေနံများနှင့် ပိတ်ထားသူများ ကံအနည်းငယ် ညံ့ဖွယ်ရှိသည်။ ကျန်နေ့နံများဖြင့် ပိတ်ထားသူများ ကံဇာတာ သင့်မြတ်ပါသည်။
ယတြာပြုလိုပါက – စနေနေ့တစ်နေ့တွင် မိမိဖိနပ်အဟောင်းတစ်ရံကို ထုံးအနည်းငယ်သုတ်ပြီး ရေတွင် မျှောလိုက်ပါ။ ထို့နောက် မိမိမွေးနေ့တွင် သံဃာတစ်ပါးအား ဖိနပ်တစ်ရံ လှူဒါန်းလိုက်ပါ။
# အောက်တိုဘာလ (၇)ရက် သားသမီးဗေဒင်
.
တနင်္ဂနွေ သားသမီးများ
ယခုလတွင် အကြံကောင်း ဉာဏ်ကောင်း စိတ်ကူးကောင်းများကြောင့် အကျိုးကျေးဇူးခံစားရမည်။ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို ထုတ်ဖော်ပြသခွင့် ရရှိနိုင်မည်။ အလုပ်ခွင်တွင် နာမည်ကောင်းထွက်တတ်ပြီး အဆင့်မြင့် တာဝန်များ ပေးအပ်ခံရတတ်သည်။ သက္ခတ်ကောင်းတွင် ကျရောက်နေလျှင် (၀န်ထမ်းများ) ရာထူးတက်ကိန်း ရှိနိုင်သည်။ အိုးအိမ် ယာဉ်ကားနှင့် ပတ်သက်နေသော ကိစ္စများတွင် နှောင့်နှေးကြန့်ကြမှုများ များနေတတ်သည်။ သို့သော် ထိုယာဉ်ကားမှ အကျိုးအမြတ် များစွာ ရရှိလိမ့်မည်။ အလုပ်ခွင်ထဲ၌ လူမျိုးခြား ဘာသာခြား ဒုက္ခပေးတတ်သည်။ ခရီးရှည် (သို့) နိုင်ငံခြားသို့ ထွက်ရန် ကိစ္စများ ပျက်တတ်သည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ရေး မသာမယာဖြစ်နေမည် (သို့) အိမ်ထောင်ဘက် ကျန်းမာရေး ညံ့နေတတ်သည်။ မိမိကိုယ်တိုင်လည်း အနည်းငယ် ချုခြာနေတတ်သည်။ သားသမီးရှိသူများ သားသမီး အကျိုးခံစားရမည်။ ဘာသာရေး နှင့် ပတ်သတ်သော ကိစ္စများ တာဝန်ပျက်ကွက်နေတတ်သည်။ ယေဘူယျ ပြောရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများအတွက် ကံကောင်းမှု အနည်းငယ်ပိုများနိုင်သော လ, တစ်လဖြစ်သည်ဟု ဆိုရမည်။
ယခုလအတွက် နာမည်တွင် - တနင်္ဂနွေ စ, ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ နှင့် စနေ နံများဖြင့် ပိတ်ထားသူများ အထူးကံကောင်း နိုင်ပြီး အောင်မြင်မှုများမည်။ ဗုဒ္ဓဟူး, ရာဟု နှင့် သောကြာ နံဖြင့် ဆုံးသူများ ကံဇာတာ သင့်သည်။ ကြာသပတေးနံဖြင့် ပိတ်သူများ ကံအနည်းငယ် ညံ့ဖွယ်ရှိသည်။
ယတြာပြုလိုပါက - တနင်္ဂနွေနေ့တွင် မိမိနေအိမ်ဘုရားတွင် နာနတ်ယို ၊ နာနတ်သီး ၊ နာနတ်ဖျော်ရည် တစ်ခုခု ကပ်လှူပေးပါ။
.
# သူတို့တွေ လွတ်မြောက်ကြတော့မည်
ရှေ့ကဆောင်းပါးမှာ အခု လ,ပိုင်း ရက်, ပိုင်းတွေမှာ မြန်မာနိုင်ငံမှာ လူအများ မမျှော်လင့် မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်နေတာကို တွေ့ရပါတယ်လို့ ရေးခဲ့ပါတယ်။ ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ဇာတာအရ မြန်မာနိုင်ငံဟာ ပြောင်းလဲချိန် တန်နေပါပြီ။ ရှေ့ဆောင်းပါးမှာ အခုရက်ပိုင်းအတွင်း အလှုပ်ရှား အရိုက်ခတ်ဆုံး သတင်း တစ်ခုဖြစ်တဲ့ “ကားဟောင်း ၊ ကားသစ်” ကို ဆောင်းပါးလေးအနေနဲ့ တင်ဆက်ခဲ့ပါပြီ။
အခုတစ်ခုကလည်း လူအများ အတော်ကြီးကို စိတ်ဝင်စားနေတဲ့ ကိစ္စပါ။ ( . . . . . အကျဉ်းသားတွေ) ရဲ့ ကိစ္စပါ။ မြန်မာနိုင်ငံမှာ “နိုင်ငံရေး အကျဉ်းသားမရှိဘူး” လို့ နိုင်ငံတော် အစိုးရက ကြေငြာထားတော့ ကျွန်တော်လည်း ဒီအသုံးအနှုံးကို မသုံးလိုပါ။ ဒီတော့ “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသောသူများ” လို့ နာမည်ပေးရရင် မကောင်းဘူးလား။ ဒီအသုံးအနှုံး လေးတော့ ပေးခွင့်ပြုကြပါဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ “ရာဇ၀တ် အကျဉ်းသားတွေ” မဟုတ်ဘူးလေ။ ဒါကိုတော့ လူအများစု လက်ခံကြမှာပါ။
လူအများစုလိုဘဲ ကျွန်တော်လည်း သူတို့ကို လွတ်စေချင်တဲ့အထဲမှာ တစ်ဦးအပါအ၀င်ပါ။ ဘာ နိုင်ငံရေး ခံယူချက် တစ်ခုခုကြောင့် မှ မဟုတ်ပါ။ နိုင်ငံရေးကို လည်း စိတ်ဝင်စားလှသူ တစ်ဦးမဟုတ်ပါ။ နောက်ပြီး အကျဉ်းကျ ခံနေရသူတွေ ထဲမှာလည်း ကိုယ့်ဆွေမျိုးသားခြင်းတွေ မပါပါ။
ဒါပေမယ့် “လူသားခြင်း စာနာစိတ်” ကြောင့် လွတ်မြောက်စေချင်တာ အမှန်ပါ။ သူတို့ နှစ်ရှည်လများ ခံစားနေ ရတဲ့ ဒုက္ခတွေကို ကိုယ်ခြင်းစာမိပြီး လွတ်မြောက်စေချင်တဲ့ ဆန္ဒပါ။ သူတို့ကို လွှတ်လိုက်ရင် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်နိုင် တယ် / မနိုင်ဘူး ဆိုတာတော့ ကျွန်တော် မသိပါ။ ဒါက ကျွန်တော် နားလည်သော အခန်းကဏ္ဍ မဟုတ်ပါ။
ဒါပေမယ့် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှာ ရယူခဲ့တဲ့ “လွတ်လပ်ရေးဇာတာ” သာ အခုအချိန်အထိ အကျိုးသက်ရောက် နေဦးမယ်ဆိုရင်တော့ “မြန်မာနိုင်ငံမှာ လူထုအုံကြွမှုတွေ” ထပ်မံ ဖြစ်ပွားစရာ အကြောင်း မရှိနိုင်တော့ဘူး လို့ဘဲ ကျွန်တော် သုံးသပ်ပါတယ်။ (ချွင်းချက်။ ။ ယခု သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရလက်ထက်တွင်သာ . . ) ဒီ ချွင်းချက်ကလေးတော့ ထပ်မံ ဖြည့်စွက်ပေးလိုက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အွန်လိုင်းပေါ်မှာ ကိုယ့်ကို ချိုးချင်ဖဲ့ချင်နေကြတဲ့ သူတွေက အများသား။ မဟုတ်ရင် ဒီစကားကို ပုံသေ “တေးမှတ်” ထားပြီး ပြဿနာ ပေါ်လာရင် “၀ိုင်းတွယ်” မှာ ကြိုမြင်နေလို့။ တစ်ခါတစ်လေများ ဒီ ၀က်ဆိုဒ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်လိုက်ရင် ကောင်းမလားလို့တောင်မှ စိတ်ကူးမိပါတယ်။ ထားပါတော့ လေ။ ဆောင်းပါး အကြောင်း ဆက်ပြောကြရအောင်။
မြန်မာနိုင်ငံ လွတ်လပ်ရေးဇာတာအရ -
အခုအချိန်ကာလဟာ “ဗြိစ္ဆာလဂ်” ပိုင်ရှင် မြန်မာနိုင်ငံ အတွက် (၁၁)တန့် ဆိုတဲ့ “လာဘဘာဝ” အိမ်ရှင် ဗုဒ္ဓဟူးဂြိုဟ်ကြီး ဟာ (၂)တန့်ဆိုတဲ့ “ဓနကာရက” ဘာဝအိမ်မှာ (၁၀)တန့်အိမ်ရှင် တနင်္ဂနွေဂြိုဟ်ကြီးနဲ့အတူ ရပ်တည်နေပြီး သူရဲ့ ထူလဒဿာ စ, ပြီး စားနေတဲ့အချိန်ဖြစ်လို့ မြန်မာနိုင်ငံကြီးဟာ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာမြင့်မားလာပြီး၊ ဥစ္စာဓန တွေလည်း ကြွယ်ဝ၊ ပြည်သူတွေလည်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ နောက်ပြီး ကောဇာဂြိုဟ်အရလည်း ဒီ (၂)တန့်ဘာဝမှာ ရပ်တည်တဲ့ ဗုဒ္ဓဟူးဂြိုဟ်ကြီး ကို သူ့အိမ်ရှင်ဂြိုဟ်ဖြစ်တဲ့ “ကြာသပတေးဂြိုဟ်ကြီးက” ကောဇာခွင်မှာ မိဿရာသီကနေ တြိဂေါဏ အမြင်နဲ့ လှမ်းပြီး အထောက် အပံ့ပေးနေတော့ ဒီကာလမျိုးဟာ တိုင်းပြည်အတွက် ဘာမှ ဘေးဥပဒ် မဖြစ်နိုင်တဲ့ ကာလမျိုးဖြစ်ပါတယ်။
# ကား ရောင်းမှာလား ၊ လဲ မှာလား
အခု လ,ပိုင်း ရက်, ပိုင်းတွေမှာ မြန်မာနိုင်ငံမှာ လူအများ မမျှော်လင့် မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ဆက်တိုက် ဖြစ်နေတာကို တွေ့ရပါတယ်(အပြောင်းအလဲ ဖြစ်ဖို့ အချိန်ရောက်နေပြီကိုး)။ ဒီအထဲမှာ လူအများ စိတ်အ၀င်စားဆုံး . . . လူတွေကို ဘာလုပ်ရမှန်းမသိအောင် ခေါင်းအစားဆုံး . . . ကိစ္စတစ်ခုကတော့ အများသိကြတဲ့အတိုင်း “ကားဟောင်း၊ ကားသစ်” ကိစ္စပါဘဲ။
ရုတ်တရက် “ကားဟောင်းတွေကို ဖျက်သိမ်းပြီး ပါမစ်အသစ် ချပေးတော့မယ်” ဆိုတဲ့ သတင်းထွက်လာတဲ့ တပြိုင်နဲ့ အိုမင်း ဟောင်းနွမ်း စုတ်ပြတ်သတ်နေတဲ့ ကားအိုကားဟောင်း ပိုင်ရှင်တွေဟာ “အနေစုတ်ပေမယ့် ၊ ရွှေထုတ်တဲ့ မြပုဝါ” ဆိုတာလို ဖြစ်လာကြပါတယ်။ ရုတ်တရက် “ထီ ထ, ပေါက်” တာလို့ဘဲ ပြောရတော့မှာပါဘဲ။ (၅)သိန်းနဲ့ ရောင်းရင်တောင်မှ ၀ယ်သူမရှိတဲ့ ကားတစီးဟာ သိန်း (၈၀) သိန်း (၁၀၀) ဖြစ်လာပါတယ်။
ဒါပေမယ့် ၀မ်းနည်းစရာ ကောင်းတဲ့ အချက်တစ်ခုက ဒီသတင်းဟာ “တရားဝင် ထွက်ပေါ်မလာခင်” မှာ “လက်ဝါးကြီးအုပ် စီးပွားရေး သမားတွေ” ရဲ့ လက်ထဲကို အရင်ဆုံး သတင်းရောက်နှင့် သွားတဲ့အတွက် မူလပိုင်ရှင်အချို့ဟာ ရသင့်ရထိုက်တဲ့ ဈေးကို မရလိုက်တော့ဘဲ အနစ်နာကြီး နစ်နာခဲ့ကြရပါတယ်။ တစ်ချို့ (၁၀)သိန်း (၁၅) သိန်းလောက်ဘဲ ရလိုက်ပါတယ်။
တရားဝင် သတင်းမထွက်ပေါ်ခင် ကားလိုက်ဝယ်သူ အများစုကတော့ အများသိကြတဲ့အတိုင်း ကျွန်တော်တို့ရဲ့ “ဆွေမျိုးပေါက်ဖေါ်” တွေပါဘဲ။ မြန်မာနိုင်ငံသား စစ်စစ်တွေကတော့ “အရိုးအရင်းလောက်ဘဲ” ကိုက်လိုက် ရပါတယ်။ (သြော် - ဆွေမျိုးပေါက်ဖေါ် ဆိုတဲ့ စကားအတိုင်း ကိုယ့်ဆွေမျိုး အရင်းကြီးတွေဘဲ မဟုတ်လား။ မုဒိတာ ပွားပေးလိုက်ကြပေါ့ဗျာ)
# မဟာဘုတ် စစ်တမ်း
.
မဟာဘုတ်ပညာဟာ အခုအချိန်အထိ မြန်မာ့ဗေဒင်ပညာ “စစ်စစ်” လို့ သတ်မှတ်ခံထားရဆဲ ဖြစ်တဲ့ ပညာတစ်ခု ဖြစ်ပါတယ်။ “မြန်မာ ၀ီကီပိဒိယ” ထဲမှာ ရေးသားထားချက်အရတော့ မဟာဘုတ်ပညာဟာ ဟိန္ဒူလက်ရိုး ဗေဒင်ပညာတွေရဲ့ အဆွယ်အပွားတစ်ခုလို့ ရေးထားသဗျ။ (ဘယ်သူဝင်ရေးသွားလဲတော့ မသိပါ) ။ ဒီရေးသားချက်ဟာ လက်ခံနိုင်စရာ မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဟိန္ဒူ နက္ခတ်ဗေဒင် စနစ်မှာ သုံးတဲ့ ဂြိုဟ်တွေရဲ့ ပရိယာယ် တွေ နဲ့ လက်ဆန်း မဟာဘုတ်မှာ သုံးတဲ့ ဂြိုဟ်တွေရဲ့ ပရိယာယ်ခြင်းမှ မတူတာဘဲ။ ဂြိုဟ်သက်တွေ၊ ဂြိုဟ်ရဲ့ အရောင်တွေ ၊ အရပ်ဒေသတွေ ၊ ကျောက်မျက်ရတနာတွေ . . . စတဲ့ ယူဆပုံတွေ အများကြီးကို ကွဲလွဲပါတယ်။ (ပရိယာယ် ဆိုတာ ဗေဒင် အသုံးအနှုံးဖြစ်ပြီး အဓိပ္ပါယ်က Definition ကို ဆိုလိုတာဖြစ်တယ်)
စာရေးသူလည်း ဟိန္ဒူ ၊ အနောက်တိုင်း ဗေဒင်ပညာ ရှေးကျမ်းဟောင်း တော်တော်များများကို ဖတ်ဘူးပါတယ်။ အင်္ဂ၀ိဇ္ဇာပညာမှာ သုံးတဲ့ “သူရဇ္ဇ၊ သောကြ၊ ဗုဒ္ဓ ၊ စနြေ္ဒာ ၊ သောရီ ၊ ဂုရု ၊ ဘောမ” ဆိုတဲ့ ဂြိုဟ်တွေကို ဆပွတ်အစီအစဉ်နဲ့ နေရာချထားတာကို ဟိန္ဒူ ရှေးဟောင်း ကျမ်းတွေမှာရော ၊ အနောက်တိုင်း နက္ခတ်ဗေဒင်ကျမ်း တွေမှာပါ တွေ့ဘူးပါတယ်။ ဒီကျမ်းတွေဟာ မြန်မာနိုင်ငံမှာ အင်္ဂ၀ိဇ္ဇာပညာကို ဖော်ထုတ်ခဲ့တဲ့ “တောင်တွင်းအကျော် ခင်ကြီးဖျော်” မမွေးခင်က ကျမ်းတွေ ပါပါတယ်။
# ဟူးရား မဟာကာလကြီး ဆိုတာ
မြန်မာ့ရိုးရာ မဟာကာလကြီး ဗေဒင်ကို - မြန်မာနိုင်ငံမှာ လျှမ်းလျှမ်းတောက် နာမည်ကျော်ကြားခဲ့တဲ့ (ကေပီစနစ်) လိုဘဲ တွက်ချက်လို့ ရနိုင်တဲ့ နည်းစနစ်ကို ကျွန်တော် တီထွင်ထားတာ ကြာခဲ့ပါပြီ။ စာအုပ်တစ်အုပ်လည်း ရေးနေတာ မပြီးသေးပါဘူး။ (ဆက်ပြီး မရေးဖြစ်တာပါ)။ ဒီပညာအကြောင်းကို ကျွန်တော့် ဘလော့ဂ်မှာ မကြာခဏ ပြောထားတာရှိတော့ နည်းပညာ အသစ် အဆန်းလိုလားသူတွေလည်း မချင့်မရဲ ဖြစ်နေကြတာကို ကျွန်တော် သိပါတယ်။
ဒါကြောင့် ဒီနေ့တော့ ဟူးရားမဟာကာလကြီးပညာနဲ့ တွက်ချက်မှုလေးတစ်ခုကို တင်ပြပေးပါမယ်။ လက်ရိုးအခြေခံ ရှိသူ (သို့) မဟာကာလကြီး အခြေခံရှိသူများတော့ နားလည်နိုင်ပါလိမ့်မယ်။ ကျန်သူတွေ အတွက်တော့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးဟာ ပညာရှင်ဆိုင်ရာ ဆောင်းပါးတစ်ပုဒ်လို့ဘဲ ဆိုရပါတော့မယ်။
ကျွန်တော့်ဆီမှာ “အွန်လိုင်းဗေဒင်” ကို သင်ကြားဖို့ စာရင်းပေးသွင်းထားသူတွေလည်း ဒီဆောင်းပါးလေးကို (နားမလည် ရင်တောင်မှ) ကူးယူ ထားစေချင်ပါတယ်။ နောင်တစ်ချိန် သင်တန်းကာလမှာ အသုံးတည့် ပါလိမ့်မယ်။
ဒီ ဆောင်းပါး နဲ့ တွက်ချက်မှုလေးဖြစ်လာရပုံကို ပြောရဦးမယ်ဗျ။ ပြီးခဲ့တဲ့ သြဂုတ်လ (၁၄)ရက်နေ့က စီစဉ်မထားဘဲ ကျွန်တော့်ရဲ့ မွေးရပ်မြေဖြစ်တဲ့ မကွေးတိုင်း “ဆင်ဖြူကျွန်းမြို့ကလေး” ကို အလည်ပြန် ဖြစ်သွားတယ်။ သွားတုန်းကတော့ (၃) ရက် (၄)ရက်လောက်ဘဲ ကြာမယ်လို့ မှန်းထားတာ။ ဟိုရောက်တော့ ဟိုကိစ္စပေါ် ၊ ဒီကိစ္စပေါ် နဲ့ (၂)ပါတ်လောက် ကြာသွား ပါတယ်။ ငယ်သူငယ်ချင်းတွေ ၊ ဗေဒင်မိတ်ဆွေတွေ အားလုံးနဲ့ တွေ့ရပြီး ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရတာ အတော်စိတ်ချမ်း သာဖို့ ကောင်းတဲ့ ခရီးလေးတစ်ခုပါ။
# ဆပွတ်တစ်လုံး လိုရာသုံး . . .
တစ်နေ့က 9/11 အမှတ်တရ ဆောင်းပါးကို ရေးရင်းနဲ့ ဒီဆောင်းပါးမှာ ပါတဲ့ “ဆပွတ်” ဆိုတဲ့ အကြောင်းအရာလေးကို ဆက်ပြီး ရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်ပါတယ်။
“ဆပွတ်ဂြိုဟ်” ဆိုတာ - တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ ဆိုတဲ့ ဂြိုဟ် (၇)လုံး (နေ့ ၇နေ့) ရှိတဲ့အနက်က ဂြိုဟ်တစ်လုံးစီရဲ့ (၆) ခုမြောက်ဂြိုဟ်ကို “ဆပွတ်ဂြိုဟ်” လို့ ခေါ်တာဘဲ ဖြစ်တယ်။ ဒီတော့ –
တနင်္ဂနွေဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် သောကြာဂြိုဟ် (၁ < ၆)
တနင်္လာဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် စနေဂြိုဟ် (၂ < ၀)
အင်္ဂါဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် တနင်္ဂနွေဂြိုဟ် (၃ < ၁)
ဗုဒ္ဓဟူးဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် တနင်္လာဂြိုဟ် (၄ < ၂)
ကြာသပတေးဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် အင်္ဂါဂြိုဟ် (၅ < ၃)
သောကြာဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် ဗုဒ္ဓဟူးဂြိုဟ် (၆ < ၄)
စနေဂြိုဟ်ရဲ့ ဆပွတ်ဟာ (၆)ခုမြောက် ကြာသပတေးဂြိုဟ် (၀ < ၅) ဆိုပြီး ဖြစ်လာပါတယ်။
အင်္ဂ၀ိဇ္ဇာပညာမှာ “ဆပွတ်ဂြိုဟ်” ဟာ အလွန်အရေးပါတဲ့ ဂြိုဟ်ဖြစ်ပါတယ်။ အင်္ဂ၀ိဇ္ဇာ လင်္ကာလေး ရှိတယ်လေ။ “သူ့ကို နိုင်လို ဆ, ကိုခို ၊ လိုရာဆေးဖေါ်သုံး” တဲ့။ လက်ဆန်း ဗေဒင်ပညာလိုက်စားဘူးသူတိုင်း သိကြပါတယ်။
# 9 / 11 အမှတ်တရ နှင့် အင်္ဂ၀ိဇ္ဇာပညာ
.
တွက်ကြည့်မယ်ဆို (၁၀)နှစ် ပြည့်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ (၁၀)နှစ် ၊ စက်တင်ဘာလ (၁၁)ရက်နေ့မှာ ကမ္ဘာ့လူသားအားလုံး တုန်လှုပ် ခြောက်ခြားသွားစေခဲ့တဲ့ အမေရိကန် World Trade Center တိုက်ညီနောင်ကို အိုစမာဘင်လာဒင် ခေါင်းဆောင်တဲ့ “အယ်ခိုင်းဒါး” အဖွဲ့ အလစ်ဝင် တိုက်ခိုက်လိုက်တာကြောင့် တိုက်ညီနောင် နှစ်လုံးလဲ ဘုန်းဘုန်းလဲကျ ၊ လူအသက်ပေါင်း (၃၀၀၀)လောက် ဆုံးရှုံးခဲ့ကြရတယ် မဟုတ်လား။
ဒီ အကြမ်းဖက် တိုက်ခိုက်မှုကြီးဟာ အဓိကအကြောင်းကတော့ ဘာသာရေး အစွန်းရောက်မှုကြောင့် ဖြစ်ရပေမယ့် ဒီ သေဆုံး ကွယ်လွန်သွားကြ သူတွေထဲမှာလည်း အကြမ်းဖက်တိုက်ခိုက်သူတွေနဲ့ ဘာသာတူတွေ အမြောက်အများ ပါဝင်နေခဲ့တာ ကတော့ အလွန်ကြေကွဲစရာပါဘဲ။
အသက်ဆုံးရှုံးသွားရတဲ့ လူ(၃၀၀၀)လောက်ဟာ သူတို့နဲ့ ရန်ညှိုးရန်စလည်း မရှိ ၊ လူခြင်းတောင်မှ မြင်ဘူး သိဘူးခြင်း မရှိ သူတွေရဲ့ ရက်စက်စွာ သတ်ဖြတ်မှု ကို ခံလိုက်ရပါတယ်။ ဘုမသိ ဘမသိနဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးသွားခဲ့ရပါတယ်။ တကယ့် ကြေကွဲဖွယ် ဖြစ်ရပ်ကြီးတစ်ခုပါ။
















